အခန်း 316- လီမြောင်ရှန်၏ကျင့်ကြံဆင့်
"ငါ့ အခြေအနေတွေကို သူ လက်ခံလာအောင် ဘယ်လိုလုပ်ရရင် ကောင်းမလဲ..." မိုချင်မန် စတင်တွေးတောနေတော့သည်။
သူလို ထူးချွန်သည့်လူတစ်ယောက်မှာ သာမာန်အရာများကို စိတ်မဝင်စားသည်မှာ သေချာသည်။ ရတနာများနှင့် မြူဆွယ်၍ မရနိုင်ပေ။
သူကဲ့သို့သော သူတစ်ဦးသည် ဂိုဏ်းကြီးတစ်ခုခု သို့မဟုတ် မြင့်မြတ်နယ်မြေမှ ဆင်းသက်လာမည်မှာ သေချာသည်။ ထို့ကြောင့် သူမသည် ဤဒေသပေါ်ရှိ အင်အားကြီးဂိုဏ်းဂဏများစွာကို တွေးကြည့်သော်လည်း ရီချန်းဂျီနှင့် ပတ်သက်မည်ဟု ထင်ရသော အင်အားစု တစ်ခုမျှ မတွေ့ခဲ့ပေ။
ဖြစ်နိုင်သည်မှာ သူသည် ဤ မြောက်ပိုင်းကန္တာရာဒေသမှ မဟုတ်နိုင်သည်လော။
သူမ၏ မဟာကမ္ဘာကြီးတွင် ကြီးမားသောဒေသများစွာရှိခဲ့ပြီး မြောက်ပိုင်းသဲကန္တာရသည် ၎င်းတို့ထဲမှတစ်ခုသာဖြစ်သည်။
အပြင်တွင် မရေမတွက်နိုင်သည့် ဒေသများ အင်အားစုများ ရှိနေခဲ့သည်။ သူမတို့ ကြယ်စင်နန်းတော်ထက် များစွာ အားကောင်းသည့် အင်အားစုများ အများအပြားရှိသည်။
ထိုသို့သာဆိုလျှင် သူမ အနိုင်ရဖို့ အခွင့်အလမ်းမှာ ပိုလို့ပင် များလာမှာ သေချာပေသည်။ ထို့ကြောင့်လည်း သူမ ရီချန်းဂျီကို ရွေးချယ်ခဲ့ရသည့် အကြောင်းရင်းလည်း ဖြစ်သည်။
“အိုး... ဟုတ်သားပဲ... ငါ သူ့ကို ဟိုဟာ ပေးလိုက်လို့ရတာပဲ... အဲဒါနဲ့ဆိုရင်တော့ သဘောတူလောက်တယ်...”
. . .
ပြိုင်ပွဲကွင်းအတွင်းတွင်တော့ အားလုံးမှာ ကွင်းထဲမှာ တိုက်ပွဲကို သွေးဆူစွာကြည့်နေကြသည်။
အင်ပါယာများကြားမှတိုက်ပွဲမှာ တကယ်ကို ထူးခြားလှသည်။ ၎င်းအား တစ်ခဏလေးမျှ ကြည့်ရရုံနှင့် နားလည်မှု အသစ်များ ရရှိလာနိုင်သည်။
တစ်ချို့လူများမှာ ထိုနေရာမှာပင် ဝိညာဉ်ချီစွမ်းအင်များ မြင့်တက်လာပြီး နောက်နယ်ပယ်ကို ဖြတ်ကျော်သွားကြသည်။ သို့သော်လည်း ကွင်းအတွင်းမှ အော်ရာများနှင့် နှိုင်းယှဉ်လျှင် များစွာ အားနည်းနေသေးသည်။
“ကောင်းကင်ဆုတ်ဖြဲခြင်းလက်...”
မုပါ့ထျန်သည် ချက်ချင်းပင် သူ၏ အပြင်းထန်ဆုံးသော တိုက်ခိုက်မှုကို အသုံးပြုခဲ့လိုက်သည်။
ထိုတိုက်ကွက်သည် ရှေးဟောင်းအပျက်အစီးနယ်မြေတစ်ခုအတွင်းမှ သူ မတော်တဆ ရရှိခဲ့သော ကျင့်စဥ်တစ်ခုဖြစ်သည်။ ယခု သူသည် ၎င်းကို နှောင်းပိုင်း အင်ပါယာနယ်ပယ်အဆင့်အထိ ကျင့်ကြံထားခဲ့ပြီးဖြစ်သဖြင့် အင်ပါယာအထွတ်အထိပ်အဆင့်မှ လူကိုပင် ယှဥ်ပြိုင်တိုက်ခိုက်နိုင်သည်ဟု သူ့ကိုယ်သူ ယုံကြည်မှု ရှိနေခဲ့သည်။
လီကျန်းထျန်သည် သူ့အား ယှဉ်နိုင်မည်မဟုတ်ဟု သူ ယုံကြည်နေခဲ့သည်။
မတိုက်ခိုက်ခင်ကပင် လီကျန်းထျန် လေထဲလွင့်ပျံနေသည်ကို သူ မြင်နေရပြီဖြစ်သည်။
ဒေါသတကြီး တစ်ချက်ဟိန်းဟောက်လိုက်ပြီးနောက် ကမ္ဘာပေါ်ရှိ ဝိညာဉ်ချီ စွမ်းအင်များသည် ချက်ချင်းပင် သိပ်သည်းလာပြီး လေထဲတွင် ကြီးမားသော လက်ဝါးကြီးတစ်ခု ဖြစ်ပေါ်လာပြီး ကောင်းကင်နှင့်မြေကြီးအား ပိတ်ဆို့သွားတော့သည်။
ဤဖြစ်စဉ် ပေါ်လာသည်နှင့် တပြိုင်နက် ဟင်းလင်းပြင်တုန်ခါသွားသည့် အသံတစ်ခု ထွက်ပေါ်လာပြီး ထိုလက်ဝါးကြီးအတွင်း၌ တာအိုသံစဥ်များပင် စီးဆင်းနေသည်ကို မြင်ရနိုင်သည်။
ထိုပြင်းထန်သော အရှိန်အဝါကို ခံစားလိုက်ရသောအခါ အနီးရှိ ပရိတ်သတ်များအားလုံး တုန်လှုပ်သွားကြသည်။
ထိုတိုက်ခိုက်မှုမှာ ကြောက်စရာကောင်းလွန်းလှသည်။ အကယ်၍ ၎င်းတို့သာ စင်ပေါ်တွင် ရောက်နေခဲ့လျှင် ထိုတိုက်ခိုက်မှုအားထား၍ ထိုတိုက်ခိုက်မှု ထွက်ပေါ်လာသည့် တုန်ခါလှိုင်းများနှင့်ပင် ၎င်းတို့ကို သတ်ပစ်ရန် လုံလောက်ပေမည်။
လီကျန်းထျန်မှာ ထိုတိုက်ခိုက်မှုကို ခုခံနိုင်မလားဆိုသည်ကို သူတို့ မသိခဲ့ကြပေ။
ထိုအချိန် လီကျန်းထျန်၏ မျက်နှာပေါ်တွင်လည်း လေးနက်သော အမူအရာများ ထွက်ပေါ်လာသည်။ မုပါ့ထျန် တိုက်ခိုက်လာသည်ကိုမြင်သည်နှင့် သူသည်လည်း လျှပ်စီးဆွဲဆောင်ခြင်းနည်းစနစ်ကို ချက်ချင်းအသုံးပြုခဲ့လိုက်သည်။
ဤတစ်ကြိမ်သည် လီမြောင်ရှန်နှင့် တိုက်ပွဲတွင် သူ အသုံးပြုခဲ့သော မိုးကြိုးထက် ပို၍ အစွမ်းထက်သည်။ လက်နှစ်ဘက်ဖြင့် လက်ဟန်များ ဖန်တီး၍ ကောင်းကင်တွင် အဆုံးမရှိသော မိုးကြိုးများ စုဝေးလာနေစေလိုက်၏။
လျှပ်စီးများသည် မိုးတိမ်တိုက်မဲများအတွင်း လင်းလက်နေပြီး ဖရိုဖရဲဖြစ်သည့် အဖျက်စွမ်းအင်များအား ထုတ်ပေးနေသည်။ ခဏကြာလျှင် အလယ်တွင် ရွှေရောင်အလင်းတန်းများ လင်းလက်လာကာ အသက်ရှူကြပ်ဖွယ် စွမ်းအားများ ထွက်ပေါ်လာတော့သည်။
မကြာခင်မှာပင် လီကျန်းထျန်၏ ထိန်းချုပ်မှုအောက်တွင် လျှပ်စီးကြောင်းတစ်ရာကျော်မှာ ရွှေရောင်လျှပ်စီးကြောင်းကြီးတစ်ခုအဖြစ် စုရုံးလာပြီး မုပါ့ထျန်၏ တိုက်ခိုက်မှုကို ဖုံးအုပ်လိုက်တော့သည်။
လျှပ်စီးကြောင်းသည် ကမ္ဘာပေါ်တွင် အပြင်းထန်ဆုံးနှင့် အားအကောင်းဆုံး ယန်စွမ်းအင် ဖြစ်သည်။ ထိုကြောက်စရာကောင်းသော စွမ်းအားကြောင့် လူတိုင်း ထိတ်လန့်သွားကြသည်။
လျှပ်စီးကြောင်းကြီးသည် လူတိုင်း၏ စိတ်ဝိညာဉ်များကို ဖျက်ဆီးသွားနိုင်လောက်အောင် ပြင်းထန်သော အဖျက်စွမ်းအားကို ထုတ်လွှတ်နေ၏။
လူတိုင်း၏အကြည့်အောက်တွင်ပင် တိုက်ခိုက်မှုနှစ်ခု ဆုံတွေ့မိသွားပြီး ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ ပေါက်ကွဲသွားတော့သည်။ ပေါက်ကွဲမှုမှ စွမ်းအင်များသည် အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့လာ၏။ အကြီးအကဲ ချင်ဖန်းသည် ၎င်းကိုမြင်သောအခါ လေ့ကျင့်ကွင်း၏ အကာအကွယ် ဝိညာဉ်စွမ်းအင် အတားအဆီးကို အသက်သွင်းခဲ့ရတော့သည်။
သို့သော် တစ်ခဏအတွင်း ကြီးမားသော လက်ဝါးပုံကြီးကို ထိလိုက်မှန်သွားသည့် လီကျန်းထျန်၏ လျှပ်စီးကြောင်းကြိး ပြိုကျပျက်စီးလာသည်ကို သူတို့ အမှန်တကယ် မြင်တွေ့လိုက်ရတော့သည်။
တစ်နည်းအားဖြင့်ဆိုသော် လီကျန်းထျန်သည် ဤတိုက်ပွဲတွင် ရှုံးနိမ့်ခဲ့ပြီဖြစ်သည်။
ကျန်ရှိသော စွမ်းအားများသည် လီကျန်းထျန်၏ရင်ဘတ်ကို တိုက်ရိုက်ထိမှန်ပြီး လီကျန်းထျန်အား လေပေါ်လွင့်ပျံသွားစေခဲ့တော့သည်။
“ပထမအကြီးအကဲ...”
လီမိသားစုဝင်များ ၎င်းကိုမြင်သည့်အခါ အမူအရာများ ပြောင်းလဲသွားတော့သည်။
မုပါ့ထျန်သည် ဤမျှ အစွမ်းထက်နေမည်ဟု သူတို့ မမျှော်လင့်ထားခဲ့ပေ။ သူတို့၏ ပထမအအကြီးအကဲ၏ အပြင်းထန်ဆုံး တိုက်ခိုက်ရေးစွမ်းရည်ပင်လျှင် မုပါ့ထျန်ကို အနိုင်မယူနိုင်ပေ။
လီကျန်းထျန်မှာ နောက်သို့လွင့်သွားရာမှ မတ်တပ်ထရပ်လာချိန်တွင် သူ့ရင်ဘတ်ကို တင်းတင်းဆုပ်ကိုင်ထားရပြီး မျက်နှာမှာ ဖျော့တော့နေလေသည်။ မုပါ့ထျန်အား လှမ်းကြည့်လိုက်မိသောအခါ သူ့နှလုံးသားတွင် တုန်လှုပ်ချောက်ချားမှု လှိုင်းလုံးများဖြင့် ပြည့်နှက်နေတော့သည်။
တိုက်ခိုက်မှုချင်း ထိပ်တိုက်ဆုံချိန်တွင် သူသည် ပြင်းထန်သော စွမ်းအားကို ခံစားလိုက်ရသည်။ သူ့လက်ကို ရုတ်သိမ်းချင်သည့်တိုင် နောက်ကျသွားခဲ့ပြီဖြစ်သည်။
ထို့နောက် ထိုခွန်အားမှာ သူ့ရင်ဘတ်ကို တိုက်ရိုက်ထိမှန်သွားသည်။
သူရှုံးခဲ့လေသည်။
“ဒီအင်အားက အရမ်းပြင်းထန်တယ်.... အကာအကွယ်ထဲက လျှံထွက်လာတဲ့စွမ်းအင်တွေကိုတောင် ခံစားလို့ရတယ်... ငါ့ကိုသာ အဲဒီလက်ဝါးကြီးထိရင် အကြီးအကဲလီလို နောက်ဆုတ်ရုံဆုတ်ရမှာမဟုတ်ဘူး.... ချက်ချင်းကို သေသွားလိမ့်မယ်...”
"မင်းအဆင့်နဲ့ တိုက်ရိုက်တိုက်ခိုက်တာကို မပြောနဲ့ စွမ်းအင်လှိုင်းရိုက်ခတ်တာကိုတောင် ခံနိုင်မှာ မဟုတ်ဘူး...."
"လီကျန်းထျန်ရှုံးနိမ့်သွားပြီဆိုတော့.... လီမိသားစုတော့ ဒီတစ်ကြိမ် တကယ် အဆုံးသတ်ပြီနဲ့ တူတယ်..."
“ဒီလိုပဲ ဖြစ်မှာပေါ့....”
လီကျန်းထျန်ရှုံးနိမ့်သွားလျှင် လီမိသားစုမှ အခြားမည်သူသည် မုပါ့ထျန်ကို တားဆီးနိုင်တော့မည်နည်း။
လီမိသားစု၏ အမြင့်ဆုံးတိုက်ခိုက်ရေးစွမ်းအားမှာ လီကျန်းထျန်ဖြစ်သည်။ လီမိသားစုသည် မိသားစုအတွင်းမှ သတင်းကို လုံးဝ ပိတ်ဆို့ထားနိုင်ခဲ့သဖြင့် လီမြောင်ရှန် အင်ပါယာနယ်မြေသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း မည်သူမျှ မသိခဲ့ကြပေ။
လေထုသည် တဖြည်းဖြည်း တိတ်ဆိတ်လာလေသည်။
လူအားလုံးမှာ မုပါ့ထျန် ဘာဆက်လုပ်မည်ကို မြင်ချင်ကြသည်။ ရီချန်းဂျီနှင့် အခြားနှစ်ဦးမှာ အန္တရာယ်ရှိနေပေပြီ။
သို့သော်လည်း ထိုအခိုက်တွင် လီမိသားစုဘက်မှ လီမြောင်ရှန် လေ့ကျင့်ရေးကွင်းသို့ လာနေသည်ကို တွေ့လိုက်ရသည်။
"ဒါက လီမြောင်ရှန်ပဲ.... သူ့ခန္ဓာကိုယ်က သက်သာသွားပြီ ထင်တယ်..."
လီချန်းထျန်သည် လီမြောင်ရှန်၏ ပြဿနာများကို ဖြေရှင်းရန် မျှော်လင့်ကာ နေရာတိုင်းတွင် ရှာဖွေခဲ့သဖြင့် မြို့တော်မှ လူတိုင်းသည် လီမိသားစုမှ လီမြောင်ရှန်၏ ခန္ဓာကိုယ်အကြောင်းကို အတော်များများ သိထားကြသည်။
ယခုအခါ သူမ ခန္ဓာကိုယ်မှ လေအေးများ ထွက်မနေသည်ကို သတိထားမိသဖြင့် ချက်ချင်းပင် စတင်ဆွေးနွေးကြသည်။
သို့သော် ၎င်းမှာ ဘာမှအကျိုးထူးမည် မဟုတ်ပေ။
ထိုသို့တွေးနေကြသည့် အချိန်တွင်ပင် လူအုပ်ကြီးမှာ လီမြောင်ရှန်၏ ခန္ဓာကိုယ်မှာ ပြန်လည်ကောင်းမွန်လာရုံသာမက သူမ၏ ကျင့်ကြံဆင့်မှာလည်း တိုးတက်လာခဲ့ပြီဖြစ်ကြောင်း သိသွားကြသည်။
ယခု သူမသည် အင်ပါယာနယ်ပယ်၏ အလယ်အဆင့်တွင် ရှိနေသည်။
ထိုအခါမှ ကျွတ်စီ ကျွတ်စီ ဖြစ်နေသော လူအုပ်ကြီးသည် တိတ်ဆိတ်သွားတော့သည်။
လီမြောင်ရှန်၏ ကျင့်ကြံမှုသည် ကပ်ဘေးနယ်ပယ်တွင်သာ ရှိသည်ကို သူတို့ သိထားခဲ့ကြသည်။ သူမသည် ပုရွက်ဆိတ်တစ်ကောင်မျှသာဖြစ်နေခဲ့သည်။
သို့သော် ယခုအခိုက်အတန့်တွင်တော့ သူတို့ တစ်ခုခုကို သဘောပေါက်သွားကြတော့သည်။
လီမြောင်ရှန်သည် အမှန်တကယ်ပင် အင်ပါယာနယ်ပယ်၏ အလယ်အလတ်အဆင့်သို့ ဖြတ်ကျော်ရောက်ရှိနေခဲ့သည်။
ထို လှပသော ပုံရိပ်လေးသည် လေ့ကျင့်ရေးကွင်းတစ်ခုလုံးကိုမှ လူများကို အံ့ဩမှု လှိုင်းလုံးကြီး ဖြစ်စေခဲ့သည်။ ကပ်ဘေးဖြတ်ကျော်ခြင်းနယ်ပယ်မှ အင်ပါယာနယ်ပယ်၏ အလယ်အလတ်အဆင့်အထိ ၎င်းတို့ကြားတွင် အဆင့်ငယ် ဆယ်ဆင့်ကျော်ရှိသည်။ နောက်ပိုင်းအဆင့်များကို ရောက်လေ ကျင့်ကြံခြင်းတွင် အတက်နှေးလေ ဖြစ်သည်မှာ ပုံမှန်ပင် ဖြစ်သည်။
မုပါ့ထျန်သည် အလယ်အလတ်အဆင့် အင်ပါယာနယ်ပယ်သို့ ရောက်ရှိနေခဲ့သည်မှာ နှစ်ပေါင်းရာနှင့်ချီရှိပြီ ဖြစ်သော်လည်း နှောင်းပိုင်းအင်ပါယာနယ်ပယ်သို့ မတက်လှမ်းနိုင်သေးပေ။
၎င်းအား ကြည့်ခြင်းဖြင့် အင်ပါယာနယ်ပယ်တွင် အဆင့်သေးတစ်ဆင့် ဖြတ်ကျော်တက်ရောက်ဖို့ပင် မည်မျှ ခက်ခဲကြောင်း မြင်တွေ့နိုင်သည်။