အခန်း 314- လီကျန်းထျန်နှင့်မုပါ့ထျန်
မုပါ့ထျန်သည် သူ့သား မည်သို့သောလူဖြစ်သည်ကို ကောင်းကောင်း သိသည်။ တစ်ဖက်မှ လှပသော မိန်းကလေးနှစ်ယောက်ကို မြင်ရုံနှင့် ဖြစ်လာသမျှ ပြဿနာကို သူ ခန့်မှန်းနိုင်ခဲ့သည်။
ဤမျှလှပသော အမျိုးသမီးလေးများကို မြင်လိုက်ရသောအခါတွင် သူ့နှလုံးသားသည်ပင် ခုန်ပေါက်သွားမိသေးသည်။
“ရှင့်သားကို ရိုက်တာလား... ကျွန်မ မလုပ်ပါဘူး...”
နင်းမန်မန်း၏ အံ့အားသင့်နေသော အမူအရာကြောင့် မုပါ့ထျန် ခဏတာ ကြောင်အသွားမိသည်။ သူမမျက်နှာပေါ်ရှိ အမူအရာသည် အမှန်တကယ်ပင် ဘာမှမလုပ်ထားသကဲ့သို့ အလွန်ရိုးသားဖြူစင်နေလေသည်။
“ဟမ့်... လျှောက်ပြောမနေနဲ့... ငါ့သားကိုယ်တိုင် ပြောထားတာ... မင်းက ဘာတွေ ကစားချင်နေတာလဲ....” မုပါ့ထျန် အေးစက်စွာ ပြောလိုက်သည်။
နင်းမန်မန်း ထိုသို့ပြောလိုက်သည့်အခိုက်တွင် ပတ်ဝန်းကျင်မှ လူများလည်း အံ့ဩကုန်ကြသည်။
သူတို့အားလုံးမှာ သူမစကားများ၏ နောက်ကွယ်မှ အဓိပ္ပါယ်ကို ဆွေးနွေးနေကြသည်။ မုပါ့ထျန် ရောက်လာသည်ကိုမြင်တော့ ကြောက်လန့်သွားကာ ဝန်မခံရဲခြင်း ဖြစ်နိုင်မည်လော။
သို့သော် နင်းမန်မန်း ဆက်ပြောလိုက်သည့် စကားများက သူတို့ကို ထိတ်လန့်စေခဲ့သည်။
“အိုး... ရှင်က သူ့ကို ဆိုလိုတာလား.... ကျွန်မ ခုနက တိရိစ္ဆာန်တစ်ကောင်ကို ကန်မိလိုက်တာ.. ရှင်က သူ့ကို ရှင့်သားလို့ ပြောရင်တော့.... ဟုတ်တယ်... ကျွန်မ သူ့ကို ရိုက်ခဲ့တာ...”
ထိုစကားအားကြားလျှင် အားလုံးမှာ ထိတ်လန့်လွန်းသဖြင့် အသံတစ်သံမျှပင် မထွက်နိုင်ခဲ့ကြတော့ပေ။
မုပါ့ထျန်၏ အမူအရာမှာ ပို၍ပင် အုံ့မှိုင်းလာပေသည်။ မုဝူဖာသည် တိရိစ္ဆာန်တစ်ကောင်ဖြစ်လျှင် မုဝူဖာအား သားဟုခေါ်သော မုပါ့ထျန်သည်လည်း တိရိစ္ဆာန်တစ်ကောင်ပင် ဖြစ်နေပေမည်။ ထိုစကားသည် မုပါ့ထျန်အား တိုက်ရိုက် စော်ကားခဲ့ခြင်း ဖြစ်သည်။
ထျန်းဒူမြို့တော်၏ မြို့စားသခင်အနေဖြင့် သူ၏ ပုံရိပ်သည် အားကောင်း၍ မြင့်မားလှ၏။ သူမသည် လူတိုင်းရှေ့တွင် သူ့ကို စော်ကားခြင်းဖြင့် အရှက်ရစေခဲ့သည်။
“အရမ်းကောင်းတယ်.... မင်းအသံကတော့ ပေါ့သေးသေး မဟုတ်ဘူးပဲ.... မင်းက ခွန်အားဘယ်လောက်ရှိနေလို့ ငါ့ကို စော်ကားတာလဲ ငါ သိချင်တယ်...”
မုပါ့ထျန်၏ အော်ရာမှာ တိုက်ရိုက်မြင့်မားလာလေသည်။
ထိုစဥ်မှာပင် လီမိသားစုမှ လူအုပ်ထဲမှ လီကျန်းထျန်က ရှေ့ထွက်လာခဲ့သည်။
သူ့နောက်တွင် လီချန်းထျန်နှင့် သူ့မိသားစုမှ လူများ ရှိနေသည်။ စီနီယာရီနှင့် မိန်းကလေးနှစ်ယောက် ပြဿနာတက်နေသည်ဟု ကြားလျှင် သူတို့ မနေနိုင်ပဲ အားလုံး ထွက်လာခဲ့ကြတော့သည်။
“မုပါ့ထျန်.... ဒါက ငါတို့ လီမိသားစုရဲ့ ဧည့်သည်ပဲ.... မင်း ဒီမှာ မိုက်ရိုင်းနေရဲတာလား...”
လီကျန်းထျန်၏ ခန္ဓာကိုယ်မှလည်း အော်ရာများ ထွက်ပေါ်လာပြီး မုပါ့ထျန်၏ အော်ရာများနှင့် ထိပ်တိုက် တွေ့ဆုံသွားသည်။ သူတို့နှစ်ယောက်ကမှ တကယ် လိုက်ဖက်သည့် ပြိုင်ဖက်များ ဖြစ်လေသည်။
မုပါ့ထျန်၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွား၏။ သည်လူများမှာ လီမိသားစု ဧည့်သည်များ ဖြစ်နေသည်လော။
ထိုသို့သာဆိုလျှင် ယနေ့ ထိုသုံးယောက်ကို သူ ရရှိဖို့ လွယ်ကူမည် မဟုတ်ပေ။
ရီချန်းဂျီတို့ကိုကာကွယ်ရန် ရောက်လာသည့် လီမိသားစု၏ လူများကို ကြည့်လိုက်မိလျှင် သူ့ကို အလွန်အံ့ဩသွားစေသည်။ သူတို့ ဘာကြောင့် အပြင်လူအတွက် ထိုသို့ ပြုမူနေသည်ကို သူ နားမလည်နိုင်ပေ။
သူတို့သည် အပြင်လူများအတွက် တစ်မြို့တည်းသားအချင်းချင်း၏ ရင်းနှီးမှုကိုပင် ဖျက်ဆီးနိုင်သည်လား။
“ဒီမိန်းကလေးက အမှားနဲ့အမှန် မခွဲခြားနိုင်ဘူး.... သူက ငါ့သားကို ရက်စက်စွာ ရိုက်နှက်တယ်.... ငါ့ကိုလည်း စော်ကားတယ်... ဒီနေ့ ငါ့ကို ဘယ်သူမှ တားလို့မရဘူး...”
“မင်းတို့ လီမိသားစုတောင် တားလို့ရမယ် မထင်နဲ့....”
“မင်းတို့ လီမိသားစုက ဘာဖြစ်နေနေ ဒီသူစိမ်းတွေကို ကူညီနေမယ်ဆိုရင် မင်းတို့ ငါ့မုမိသားစုနဲ့ ခင်မင်ရင်းနှီးမှုအားလုံး လုံးဝ ပျက်စီးသွားပြီလို့ သတ်မှတ်ထားလိုက်တော့...” မုပါ့ထျန်မှ ဒေါသတကြီး ပြောလိူက်သည်။
သူသည် လီမိသားစုမှ လီကျန်းထျန်နှင့် ယှဥ်နိုင်ရုံသာ ရှိသော်လည်း သူ့နောက်တွင် ရပ်နေသူမှာ တာ့လျိုကောင်းကင်နန်းတော်မှ တစ်ယောက်ဖြစ်သည်။ သူသည် အကြီးအကဲမို၏ ကျင့်ကြံဆင့်နယ်ပယ်ကို သိသည်။ လီကျန်းထျန်သည် အကြီးအကဲမိုနှင့်နှိုင်းယှဥ်လျှင် ပုရွက်ဆိတ်ကလေးတစ်ကောင်သာ ဖြစ်သည်။
လီကျန်းထျန်သည် မုပါ့ထျန်ကို တစ်ချက်ကြည့်လိုက်ပြီး အကြီးအကဲမိုကို တစ်ချက်လှမ်းကြည့်လိုက်သည်။ အကြီးအကဲမိုမှာ အနက်ရောင်ဝတ်ရုံကြီးအား ဝတ်ဆင်ထားပြီး နောက်ဖက်တွင် အသာ ရပ်နေလေသည်။
သူ့ခန္ဓာကိုယ်တွင် ထူးဆန်းသည့် အရှိန်အဝါများ ထွက်ပေါ်နေလေသည်။ ထိုအရှိန်အဝါသည် အလွန်ပြင်းထန်ခြင်း မရှိသော်လည်း လီကျန်းထျန်သည် ထိုအဘိုးကြီးနှင့် ရင်ဆိုင်ရသည့်အခါ သူ့ရင်ထဲမှာ အမြဲလိုလို တုန်လှုပ်ရသည့် ခံစားမှုမျိုး ခံစားရတတ်သည်။
“ဟမ့်... မုပါ့ထျန်.... တခြားသူတွေက မင်းရဲ့ မုမိသားစုကို ကြောက်ချင် ကြောက်လိမ့်မယ်... ငါတို့ လီမိသားစုကတော့ မကြောက်ဘူး....မင်းတို့ စစ်ပွဲစချင်ရင် ငါတို့ကလည်း အသင့်ပဲ... ဘယ်သူ့ကို ကြောက်နေရမှာလဲ....” လီချန်းထျန်မှာ မခံမရပ်နိုင်သော လေသံနှင့် ပြောလိုက်သည်။
သူသည် လီမိသားစု၏ ဘိုးဘေးဖြစ်ပြီး သူသည် စကားကို အမြဲတမ်း ထိန်းထိန်းသိမ်းသိမ်းဆိုရသည်။ သူ၏ နှုတ်ထွက်စကားတစ်ခွန်းမှာ တစ်မိသားစုလုံး၏ သဘောထားပင်ဖြစ်သည်။
တစ်နည်းဆိုရသော် ဤလူသုံးယောက်ကြောင့် လီမိသားစုသည် မုမိသားစုနှင့် ရန်သူ ဖြစ်လိုသည်။ ထိုစကားများမှာ လူတိုင်းကို တိုက်ရိုက် ထိတ်လန့်စေသည်။
ယခင်က မိသားစုနှစ်စုသည် သေးငယ်သော ပဋိပက္ခများ ရှိခဲ့ဖူးသော်လည်း ဤကဲ့သို့သော အခြေအနေထိ ဖြစ်မလာခဲ့ပေ။ လီမိသားစုသည် များသောအားဖြင့် ကိစ္စအတော်များများကို သည်းခံကာ ရှောင်ထွက်သွားခဲ့သည်ကသာ များသည်။
အဘယ့်ကြောင့်ဆိုသော် သူတို့ မိသားစုနှစ်ခုသာ တိုက်ခိုက်ဖြစ်ခဲ့လျှင် တခြားမိသားစုများ အကျိုးရှိသွားပေလိမ့်မည်။ ထိုအချက်၏ အရေးပါမှုကို နှစ်ဖက်စလုံးက သိထားသည်။
သို့သော် ဤအချိန်တွင်တော့ သူစိမ်းသုံးယောက်ကြောင့် လီမိသားစုသည် အမှန်တကယ်ပင် တွန့်ဆုတ်မနေဘဲ မုမိသားစုကို တိုက်ရိုက်စစ်ပွဲစတင်ရန် စိန်ခေါ်ခဲ့သည်။ ၎င်းမှာ လီမိသားစု ထိုသူစိမ်းသုံးယောက်အပေါ်ထားရှိသည့် သဘောထားကို မြင်သာစေသည်။
ထိုလူများမှာ မည်သူများနည်း။
လီမိသားစုအား ဤမျှအခြေအနေအထိ ဖြစ်စေခဲ့သည်မှာ မည်သို့သောလူများက ဖြစ်စေနိုင်သနည်း။ ဘေးနားမှ လူများမှာ စတင်ခန့်မှန်းကာ တီးတိုးဆွေးနွေးကုန်ကြတော့သည်။
ထိုသုံးယောက်ထဲမှ တစ်ယောက်သည် လီချန်းထျန်၏ တရားမ၀င် ကလေး ဖြစ်နေနိုင်သလား။ ထိုအတွေးသာ သူတို့ စိတ်ထဲတွင် ချက်ချင်းပေါ်လာမိသည်။ တခြားအကြောင်းအရာများ မတွေးနိုင်ပေ။
“မင်းတို့ တကယ်လုပ်ချင်တာလား....”
မုပါ့ထျန်သည် လီမိသားစုသည် အမှန်တကယ် စစ်ပွဲစတင်ရန် ထုတ်ပြောလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
သို့သော် ယခုအချိန်တွင် နောက်ပြန်ဆုတ်ရန် ခက်ခဲနေလေပြီ။ လီမိသားစုမှ စစ်ပွဲကို စတင်လိုလျှင် မုပါ့ထျန်မှာ လိုက်ပါရရန်သာ ရှိသည်။
သို့သော် ဤသည်မှာ ကြယ်စင်ခန်းမ၏ အတွင်းပိုင်းတွင်ဖြစ်သည်။ အခြေအနေများမှာ ပိုပြင်းထန်လာသည်ကို အကြီးအကဲ ချင်ဖန်း မြင်လျှင် အမြန်ရှေ့ထွက်လာကြသည်။
“အားလုံးပဲ... ဒီနေရာမှာ တိုက်ပွဲတွေ တားမြစ်ထားပါတယ်... တကယ်လို့ လူကြီးမင်းတို့ ယှဥ်ပြိုင်တိုက်ခိုက်ချင်တယ်ဆိုရင် ကျုပ်တို့ ကြယ်စင်ခန်းမမှာ အထူးလေ့ကျင့်ရေးကွင်း ရှိပါတယ်.... ဒီကနေ နည်းနည််းလောက်သွားလိုက်ရင် ရပါပြီ....”
ကြယ်စင်ခန်းမ၏ သခင် ထွက်လာသည်ကို မြင်လိုက်ရသဖြင့် လူအုပ်ကြီးမှာ မပေါက်ကွဲဝံ့တော့ပေ။ သူတို့၏ အော်ရာများကို ပြန်လည် ထိန်းထားလိုက်ကြရသည်။
ထို့နောက် အားလုံးမှာ အထူးလေ့ကျင့်ရေးကွင်းဆီသို့ ဦးတည်သွားလိုက်ကြတော့သည်။
အနီးရှိ လူများသည် ဤကဲ့သို့သော အခြေအနေကို မြင်လိုက်ရသောအခါတွင် အားလုံး ရင်ခုန်နေကြလေသည်။
ဤသည်မှာ ပွဲကြီးပွဲကောင်းတစ်ခုပင် ဖြစ်သည်။
လီမိသားစုနှင့် မုမိသားစု...။ နှစ်ဖက်စလုံးတွင် အင်ပါယာများ ရှိနေသည်။ ထို့ကြောင့် သူတို့သည် သေသည်အထိ တိုက်ပွဲဝင်ကြရပေမည်။
ထိုသို့သော ပွဲကို ကြည့်ခွင့်ရမည့် အခွင့်အရေးကို လက်လွတ်မခံနိုင်ကြပေ။ ထို့အပြင် အင်ပါယာများကြားမှတိုက်ပွဲသည် သူတို့အတွက် ညဏ်အလင်းအချို့ရရှိရန် အခွင့်အရေးကောင်းတစ်ခု ဖြစ်သည်။
ထို့ကြောင့် လူတိုင်းသည် လေ့ကျင့်ရေးကွင်းသို့ လိုက်သွားကြလေသည်။
လေ့ကျင့်ရေးကွင်းမှာ အတော်ကြီးမားပြီး ထိုင်ခုံအများအပြားရှိကာ လူတစ်သောင်းပင် ဆံ့နိုင်သည်ဟု ဆိုရပေမည်။
မုမိသားစုနှင့် လီမိသားစုတို့သည် တစ်ဖက်စီတွင် ထိုင်နေကြပြီး ၎င်းတို့၏ အငွေ့အသက်များမှာလည်း ပေါက်ကွဲလုနီးနီး ဖြစ်နေလေသည်။
မုဝူဖာမှာ သူ၏ ဒဏ်ရာများကို ထိန်းထားရင်း သူ့အဖေကို ကြည့်နေလေသည်။
“သူတို့ကို သတ်ချင်တယ်... အဲဒီ ခွေးမနှစ်ယောက်ကို သတ်ချင်တယ်...”
“စိတ်မပူနဲ့.... မင်းအတွက် တရားမျှတမှု ငါ ရှာပေးမယ်...”
မုပါ့ထျန်သည် လီမိသားစုဘက်သို့ အေးစက်စွာ စိုက်ကြည့်ရင်း ပြောလိုက်သည်။
ထို့နောက် လေထဲမှ ပျံသန်းပြီး လေ့ကျင့်ရေးကွင်းထဲသို့ ဆင်းသက်လာခဲ့သည်။ မြေပြင်ပေါ်ပင်မရောက်သေးပဲ အော်ရာများ ပေါက်ကွဲထွက်လာပြီး အလယ်အလတ်အဆင့် အင်ပါယာတစ်ပါး၏ အော်ရာသည် လေထုကိုပင် တုန်ခါသွားစေလေသည်။
အားနည်းသူအချို့သည် ထိုအော်ရာများကို ခံစားလိုက်မိသောအခါ တုန်လှုပ်သွားကြပြီး အသက်ရှူပင် ကြပ်သွားသလိုခံစားလိုက်ကြရသည်။
“ဒါက အင်ပါယာတစ်ပါးရဲ့ အော်ရာလား... ကြောက်စရာကောင်းလိုက်တာ....”
“လီကျန်းထျန်နဲ့ မုပါ့ထျန်... ဘယ်သူအနိုင်ရမလဲ သိချင်လိုက်တာ...”
“ဒါက မုပါ့ထျန်ပဲ ဖြစ်လိမ့်မယ်.... သူက အင်ပါယာနယ်ပယ် အလယ်အဆင့်ကို ရောက်တာလည်း ကြာပြီ.... ကောင်းကင်ဆုတ်ဖြဲခြင်းလက်ဆိုတဲ့ နည်းစနစ်လည်း ရှိသေးတယ်... လီကျန်းထျန်က သူ့အတွက် ပြိုင်ဖက် မဖြစ်နိုင်ဘူး...”
“ဒီအင်ပါယာကြီးတွေရဲ့ တိုက်ပွဲကို နည်းနည်းလောက် နားလည်နိုင်ရင်တောင် ငါတို့အတွက် အကျိုးတွေအများကြီးရှိလိမ့်မယ်....”
လူတိုင်းမှာ စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြပြီး သူတို့၏ မျက်လုံးများသည် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေခဲ့လေသည်။