အခန်း 305- လီမိသားစု၏ ပထမအကြီးအကဲ
"ညီမလေး... ငါ နင့်ကို တချိန်လူံးလွမ်းနေတာ..." လီမြောင်လင်သည် လီမြောင်ရှန်ကို တင်းကျပ်စွာ ပွေ့ဖက်ကာ ငိုရင်းပြောလိုက်သည်။
ထိုအချိန်တွင် သူမ ရင်ထဲတွင် ဆယ်နှစ်ကျော်ကာလမျှ မြိုသိပ်ထားရသည့် ခံစားချက်များ အရှိန်အဟုန်ဖြင့် ထွက်လာတော့သည်။
လီမြောင်ရှန်လည်း အတူတူပင်ဖြစ်သည်။ ဤခြံကျဉ်းလေးထဲတွင် ဆယ်နှစ်ကျော်ကြာအောင် တစ်ဦးတည်း နေခဲ့ရပြီးနောက် သူမမှာ ဂရုစိုက်မှုနှင့် ချစ်ခြင်းမေတ္တာများ ပိုလိုအပ်နေခဲ့သည်။
လီချန်းထျန်မှာ သူ့သမီးနှစ်ယောက်လုံးကို ပွေ့ဖက်ထားရင်း မျက်လုံးထောင့်မှ မျက်ရည်များကို တိတ်တဆိတ် သုတ်လိုက်သည်။ ထို့နောက် သူ့အင်္ကျီရင်ဘတ်ထဲမှ အဖြူရောင်ကျောက်စိမ်းပြားလေးတစ်ခုကို ထုတ်ကာ လီမြောင်ရှန်အား ပြောလိုက်သည်။
"ရှန်အာ... ဒါက မင်းကို စီနီယာရီ ပေးလိုက်တဲ့ ကျောက်စိမ်းပြားလေးပဲ.... အဲဒီအထဲမှာ မင်း ကျင့်ကြံရမယ့် ကျင့်စဥ် ပါတယ်လို့ ပြောတယ်.... အဲဒီ့ ကျင့်စဥ်ကို တစ်လလောက် ကျင့်ကြံပြီးရင် ပုံမှန်ဘဝကို ပြန်ရနိုင်ပြီလို့ သူက ပြောလိုက်တယ်...” လီချန်းထျန် ကျောက်စိမ်းပြားလေးကို လီမြောင်ရှန်ထံ ကမ်းပေးရင်း ပြုံးကာ ပြောလိုက်သည်။
လီမြောင်ရှန်သည် ဤနှစ်များတစ်လျှောက်လုံး သူမ၏ ခန္ဓာကိုယ်ကြောင့် ကောင်းစွာမကျင့်ကြံခဲ့ရသော်လည်း သူမတွင် အခြေခံကျင့်ကြံခြင်းရှိထားပြီး စိတ်ဝိညာဉ်အာရုံအား အသုံးပြုတတ်သေးသည်။
သို့သော် ကျောက်စိမ်းပြားထဲမှ အကြောင်းအရာများကို သူမ ဖတ်မိလိုက်သောအခါတွင် သူမသည်လည်း လီမြောင်လင်နှင့် လီချန်းထျန်တို့ကဲ့သို့ တူညီစွာ တုံ့ပြန်ခဲ့မိသည်။ သူမ အံ့အားသင့်နေလေသည်။ ၎င်းမှာ အမှန်တကယ်ပင် မြင့်မြတ်ကောင်းကင်အဆင့် ကျင့်စဥ်တစ်ခု ဖြစ်နေသည်။
ဤကျင့်စဥ်၏တန်ဖိုးသည် လီမိသားစု၏လက်ထဲတွင် ရှိသော ရတနာစုစုပေါင်း၏ တန်ဖိုးထက် အဆတစ်ရာ ဖြစ်သည်။ ထို့အပြင် စီနီယာရီသည် သူမအား ကောင်းကောင်း မသိကျွမ်းခဲ့ဖူးပဲ သူမ၏ ခန္ဓာကိုယ်တွင် ဖြစ်နေသော ပြဿနာများကို ဖြေရှင်းနိုင်ခဲ့သည်။ နောက်ပိုင်းတွင် ထိုအအေးဓာတ်များကို ထိန်းနိုင်ခြင်း မထိန်းနိုင်ခြင်းထက် သူမအဖေနှင့် အစ်မကို ယခုလို လူချင်းတွေ့ကာ ဖက်ထားခွင့် ရသည်ကပင် သူမအတွက် ကောင်းကင်မှ ဆုလာဘ်ဖြစ်နေပြီဖြစ်သည်။
ယခု သူမအား ဤမျှ အဖိုးတန်သော ကျင့်စဥ်ကို ပေးခဲ့သောကြောင့် ရီချန်းဂျီ၏ ကျေးဇူးသည် ကောင်းကင်ထက်ပင် ကြီးမားလှပေသည်။
ထိုကျေးဇူးကို သူမ မည်သို့ ပြန်ဆပ်ရမည်ကို စိတ်ကူးကြည့်၍ပင် မရတော့ပေ။
လီမြောင်ရှန်၏ အမူအရာကိုမြင်လျှင် လီချန်းထျန်မှာ စီနီယာရီနှင့်တွေ့ဆုံခဲ့ရခြင်းသည် သူတို့၏ဘဝတွင် အကြီးမားဆုံးသော ကံကောင်းခြင်းဖြစ်သည်ကို ခံစားမိခဲ့သည်။
“ကဲ... ညီမလေး ဒီကျင့်စဥ်ကို ကောင်းကောင်း ကျင့်ကြံထား... တစ်လကြာပြီးရင် အစီအရင် အပြင်ဘက်ကို ထွက်လို့ ရလိမ့်မယ်.... အဖေ စီနီယာရီရဲ့ စကားတွေကို မမေ့နဲ့... ကျွန်မတို့ ဒီမှာ အကြာကြီးနေလို့မရဘူး.... ညီမလေးရဲ့ ခန္ဓာကိုယ်က အအေးဓာတ်တွေ ပြန်ထွက်လာရင် မကောင်းဘူး...” လီမြောင်လင် သတိပေးလိုက်သည်။
ထိုအခါမှ လီချန်းထျန်လည်း အသိစိတ်ဝင်လာတော့သည်။ ထိုအခါမှ သူလည်း ကပျာကယာနှင့် -
“ဟုတ်တယ်... ဟုတ်တယ်... ငါ အဲဒါကို မေ့သွားတယ်... ရှန်အာ ကောင်းကောင်း ကျင့်ကြံထား.. အပြင်ဘက်မှာ ငါတို့စောင့်နေမယ်..."
ထို့နောက် လီချန်းထျန်တို့ သားအဖ လီမြောင်ရှန်၏ ဝမ်းနည်းနေသော အကြည့်အောက်တွင်ပင် ခြံဝင်းလေးထဲမှ ထွက်လာခဲ့လိုက်တော့သည်။
လီမြောင်ရှန်သည် သူမ၏လက်ထဲမှ ကျောက်စိမ်းပြားကို ခပ်တင်းတင်း ဆုပ်ကိုင်ထားလိုက်ပြီး -
“အဖေ... အစ်မ... စိတ်မပူနဲ့... သေချာပေါက် ကောင်းကောင်းကျင့်ကြံထားပါ့မယ်...."
“အဖေတို့ကို စိတ်မပျက်စေရပါဘူး....”
“စီနီယာရီကိုလည်း စိတ်မပျက်စေရပါဘူးလို့ ပြောပေးပါ....”
ထိုချောမောခန့်ညားလှသည့်လူကို တွေးကြည့်မိလျှင် လီမြောင်ရှန်၏ နှလုံးသားထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။ ထို့နောက် ကျင့်စဥ်ထဲမှအတိုင်း သူမ၏ စွမ်းအင်ကို စတင်လည်ပတ်ခဲ့တော့သည်။
သူမ၏ ခန္ဓာကိုယ်အတွင်းမှ စွမ်းအင်များကို စတင်လှည့်ပတ်လိုက်သည်နှင့် တစ်ပြိုင်နက် သူမ ခန္ဓာကိုယ်ထဲတွင် အေးစက်သော လေပြင်းများ ထွက်ပေါ်လာသည်ကို ခံစားလိုက်ရသည်။ ၎င်းသည် သူမ၏ ခန္ဓာကိုယ်အတွင်းရှိ မရီဒျန်များတစ်လျှောက်တွင် စတင်ပျံ့နှံ့လာ၏။
သို့သော် ယခုတစ်ကြိမ်သည် ယခင်အခါများနှင့်မတူပေ။ ထိုအေးစက်သော စွမ်းအင်များသည် သူမ၏ ခန္ဓာကိုယ်ကို ထိခိုက်စေခြင်းမရှိတော့ပေ။ ထိုအစား ထိုစွမ်းအင်များ လှည့်ပတ်နေသည့် အဖြစ်မှာ သူမကို သာယာသည့် ခံစားချက်ကိုပင် ပေးနေလေသည်။
“ဘုန်း...”
ထိုအချိန်တွင် သူမ၏ ဒန်းတျန်ထဲမှ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။ ကြီးမားသော လေအေးများ ထွက်ပေါ်လာပြီး သူမသည် သာမာန်လူသားတစ်ယောက် မဟုတ်တော့သည့်ပုံနှင့် ရေခဲအမှုန်အမွှားအလွှာများက သူမခန္ဓာကိုယ်ကို တဖြည်းဖြည်းချင်း ဖုံးလွှမ်းသွားတော့လေသည်။
တစ်ချိန်တည်းမှာပင် ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များသည် အရှိန်အဟုန်ဖြင့် သူမခန္ဓာကိုယ်ထဲသို့ တိုးဝင်လာကာ ပေါင်းစပ်သွားပြီး သူမ၏ ဒန်တျန်ထဲသို့ ရောက်ရှိသွားသည်။
သူမ၏ ကျင့်ကြံခြင်းအဆင့်သည် တစ်ဆင့်ပြီး တစ်ဆင့် ဆက်လက်တိုးမြင့်နေလျှက် ရှိလေသည်။
သူမသည် အစကတည်းက ကပ်ဘေးနယ်ပယ်၏ အလယ်အဆင့်တွင် ရောက်ရှိနေပြီဖြစ်ပြီး သူမ၏အရှိန်သည် တိုးမြင့်လာနေဆဲဖြစ်သည်။ အသက်ရှူချိန် အနည်းငယ်ကြာရုံဖြင့် သူမသည် သူတော်စင်တစ်ပိုင်းအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။
နယ်ပယ်များစွာကို မျက်စိတစ်မှိတ်အတွင်း ဖြတ်ကျော်နေခဲ့လေသည်။
ထို့နောက် ချိုးဖြတ်ခြင်းနယ်ပယ်... အစောပိုင်းအဆင့်အင်ပါယာတစ်ပိုင်းနယ်ပယ်... အလယ်အဆင့်... နှောင်းပိုင်းအဆင့်.... အင်ပါယာတစ်ပိုင်းအဆင့် အထွတ်အထိပ်...
သူမ၏ အရှိန်သည် အလွန်မြန်ဆန်နေသဖြင့် မြို့တော်တစ်ခုလုံးရှိ ဝိညာဉ်စွမ်းအင်များ လုံး၀ ကုန်ဆုံးသွားခဲ့တော့သည်။ ထို့နောက်တွင် သူမ၏ စုပ်ယူနိုင်စွမ်းသည် အချင်းဝက် မိုင်ထောင်ပေါင်းများစွာအတွင်း ပျံ့နှံ့သွားတော့သည်။
သူမ၏ အရှိန်အဝါသည် ကြီးမားပြီး ပြင်းထန်လှသည်။
ဝိညာဉ်စွမ်းအင်များမှာ ရှည်လျားသော နဂါးကြီးတစ်ကောင်ကဲ့သို့ လီမိသားစု၏ ခြံဝင်းထဲသို့ ဦးတည်ကာ အရူးအမူး စီးဆင်းနေခဲ့သည် ။
ရီချန်းဂျီသည် ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များစီးဆင်းနေသည်ကို ကြည့်ပြီး အံ့သြခြင်းမရှိပေ။ ထိုသို့ ကြောက်စရာကောင်းသည့် အစွမ်းအစမျိုးမရှိပဲ မြင့်မြတ်ကောင်းကင်အဆင့်ကျင့်စဥ်ဟူ၍ အမည်တပ်နိုင်မည် မဟုတ်ပေ။
သို့သော လီမိသားစုဝင်များမှာ ထူးဆန်းသော အဖြစ်များကြောင့် အကုန်ရှုပ်ရှက်ခပ်နေခဲ့တော့သည်။
“ဒါက ဝိညာဉ်စွမ်းအင် စီးကြောင်းကြီးပဲ.... ဘယ်သူများ အဆင့်တက်နေပါလိ့မ်....”
“ဒီလောက် ပြင်းထန်တဲ့ စွမ်းအင်လှိုင်းတွေ... ငါ တစ်ခါမှ မခံစားဖူးဘူး.... ဝိညာဉ်စွမ်းအင်စီးကြောင်းရဲ့ ဦးတည်ရာကိုကြည့်လိုက်... အဲဒါ လီမြောင်ရှန်ရဲ့ ခြံဝင်းလေးထဲကို စီးဝင်နေတာ... ဘာတွေဖြစ်နေတာလဲ...."
"သူမ ခန္ဓာကိုယ်က နောက်တစ်ခါ ထပ်ပြီး ပေါက်ကွဲပြန်ပြီလား...."
လူအုပ်ထဲမှ တစ်ယောက်က အော်လိုက်လျှင် ကျန်လူများ အားလုံး ထိတ်လန့်သွားကြသည်။ လွန်ခဲ့သည့် ဆယ်နှစ်ခန့်က အလွန်တရာ အေးခဲနေသော အအေးဓာတ်သည် လီမိသားစုတစ်ခုလုံးကို ရုတ်တရက် လွှမ်းမိုးသွားသည်ကို သူတို့ မမေ့နိုင်ခဲ့ကြပေ။
ထိုအချိန်တွင် မရေမတွက်နိုင်သောလူများသည် ကံဆိုးမိုးမှောင်ကျမှုများနှင့် ကြုံတွေ့ခဲ့ရပြီး ရေခဲပန်းပုများအဖြစ် အေးခဲသွားခဲ့ရသည်။ ကျင့်ကြံသူများပင် ထိုအအေးဓာတ်ကို အားကုန်သုံးကာ ခုခံခဲ့ကြရသည်။
ထိုသို့နောက်တစ်ခါ ထပ်ဖြစ်လာမည်ကို သူတို့ မခံနိုင်ကြတော့ပေ။
လူများစွာမှာ ထိတ်လန့်နေကြသည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ ဤအအေးဓာတ်သည် မပေါက်ကွဲသွားပဲ ဝိညာဉ်ချီစွမ်းအင်လှိုင်းများသာ ပို၍ ပို၍ ကြီးထွားလာနေလေသည်။
ထို့နောက်တွင် ကြီးမားပြီး ခံ့ညားထည်ဝါသော ရောင်ဝါတစ်ခု ထွက်ပေါ်လာပြီး လူတိုင်း ထိုအော်ရာကို ခံစားလိုက်ရသောအခါ အားလုံး အံ့ဩသွားကြသည်။
ထိုအော်ရာမှာ အင်ပါယာတစ်ပါး၏ အော်ရာပင် ဖြစ်တော့သည်။
လီမြောင်ရှန်သည် အမှန်တကယ်ပင် အင်ပါယာနယ်ပယ်သို့ ဖြတ်ကျော်သွားနိုင်ခဲ့သည်။
ဘာတွေဖြစ်နေသည်နည်း။
သူတို့အားလုံးသည် လီမြောင်ရှန်၏ ခြံဝင်းလေးအားသို့ ရောက်ရှိလာကြပြီး အစီအရင်ကို ကြည့်လိုက်မိကြသည်။ အစီအရင်အတွင်း ဝိညာဉ်ချီစွမ်းအင်များသည် ရေစက်များကဲ့သို့ ငွေ့ရည်ဖွဲ့နေပြီး လွင့်မျောနေလေသည်။ ထိုအရာကိုမြင်လျှင် သူတို့အားလုံး ထိတ်လန့်သွားကြသည်။
ထိုအချိန်တွင်ပင် လီချန်းထျန်နှင့် လီမြောင်ရှန်တို့လည်း ပြန်လည်ရောက်ရှိလာခဲ့သည်။ ရွှေရောင်အလင်းတန်းကြီး ကောင်းကင်တွင် ထွက်နေခဲ့သည်မှာ ညသိပ်မနက်ခင်ဖြစ်ပြီး လီမြောင်ရှန်အား ကျင့်စဥ်သွားပေးချိန်သည် ညသန်းခေါင်အချိန်ဖြစ်သည်။ ယခုမှ နေပင် မထွက်သေးပေ။ ဤမျှအချိန်လေးအတွင်း သူမ၏ ညီမသည် အင်ပါယာ၏ အရှိန်အဝါကို ထုတ်လွှတ်နိုင်နေခဲ့လေပြီ။ အခြားလူများလည်း ထိုအခါမှ ထိုအော်ရာသည် လီမြောင်ရှန် ရှိနေရာ အိမ်ခန်းလေးထဲမှ ထွက်ပေါ်နေခဲ့ခြင်းဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့လေသည်။
'ရှန်းအာ.... အင်ပါယာဖြစ်သွားတာလား...'
ထိုအတွေးကို တွေးမိလျှင် ခြံဝန်းအပြင်မှ သားအဖနှစ်ယောက်လုံး အံ့သြသွားကြသည်။ အချိန်တိုလေးအတွင်းမှာပင် သူမသည် အဆင့်ပေါင်းများစွာကို ဖြတ်ကျော်ပြီး အင်ပါယာတစ်ပါး ဖြစ်လာခဲ့သည်။
ကမ္ဘာပေါ်မှ အားအကောင်းဆုံးဂိုဏ်းကြီးများနှင့် မြင့်မြတ်နယ်မြေများမှ ပါရမီရှင်များပင်လျှင် သူမ၏ ကျင့်ကြံခြင်း အမြန်နှုန်းကို အမှီလိုက်နိုင်မည်မဟုတ်ပေ။
အမှန်တော့ လီမြောင်ရှန်၏ ဒန်တျန်ထဲတွင် လွန်ခဲ့သည့် ဆယ်နှစ်လောက်ကတည်းက ယင်ချီအမြောက်အမြားကို စုဆောင်းထားနိုင်ခဲ့ပြီး မူလစွမ်းအင်များ ဖန်ဆင်းနိုင်ခဲ့သည်ကို သူတို့ မသိခဲ့ကြပေ။
ယခု ရီချန်းဂျီ သူမအတွက် အထူးဖန်တီးထားသည့် မြင့်မြတ်ကောင်းကင်အဆင့် ကျင့်စဥ်အား ကျင့်ကြံလိုက်သည့် အချိန်တွင်တော့ သူမအတွက် အင်ပါယာတစ်ပါးဖြစ်လာရန်မှာ အလွန်တရာ လွယ်ကူသွားပြီ ဖြစ်သည်။
"ချန်းထျန်.... ဘာတွေဖြစ်နေတာလဲ..."
အနက်ရောင်ဝတ်ရုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး လူအုပ်ထဲသို့ လျှောက်လာ၏။
ထိုသူသည် အင်ပါယာနယ်ပယ်တွင် ရှိနေခဲ့ပြီး ထျန်းဒူမြို့တော်တစ်ခုလုံးတွင် ထိပ်တန်းကျွမ်းကျင်သူစာရင်းဝင် တစ်ဦးဖြစ်သည့် လီမိသားစု၏ အကြီးအကဲဖြစ်သူ လီကျန်းထျန် ဖြစ်သည်။
သူ တံခါးပိတ် ကျင့်ကြံနေစဥ် ကောင်းကင်တစ်ခွင်လုံး ပြည့်နှက်နေသည့် အရှိန်အဝါကြီးအား ခံစားလိုက်ရသဖြင့် တစ်ခုခုဖြစ်နေပြီထင်ပြီး တံခါးပိတ်ကျင့်ကြံနေရာမှ ထွက်လာခဲ့ခြင်း ဖြစ်သည်။
သို့သော် သူ အပြင်သို့ ရောက်လာချိန်တွင် အံ့ဩသွားမိသည်။
သူ ခံစားမိခဲ့သည့် အော်ရာမှာ အန္တရာယ် တစ်စုံတစ်ရာကြောင့် မဟုတ်ပဲ တစ်စုံတစ်ယောက် အဆင့်တက်နေသည့် အော်ရာဖြစ်နေသည်ကို သိလိုက်ရသည်။ ထို့ကြောင့် ထိုအော်ရာထွက်ပေါ်နေရာ လီမြောင်ရှန်၏ ခြံဝင်းဘက်သို့ လျှောက်လာခြင်း ဖြစ်သည်။ ယခုထွက်ပေါ်နေသော ခမ်းနားသော အော်ရာသည် အင်ပါယာအစောပိုင်းအဆင့်မှဖြစ်သည်။
သူ တံခါးပိတ် ကျင့်ကြံနေချိန်မှာ သိပ်မကြာသေးပေ။ လွန်ခဲ့သည့်တစ်လလောက်ကပင် တံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်လာခဲ့သေးသည်။ ထိုအချိန်ကလည်း မည်သည့် အကြောင်းအရာထူးမှ မရှိပဲ ယခု ရုတ်တရက်ကြီး အဘယ့်ကြောင့် သူမမှာ မည်သို့အင်ပါယာ ဖြစ်သွားရသနည်း။
ဘာတွေဖြစ်နေခဲ့သနည်း။
သူ နားမလည်နိုင်တော့သဖြင့် လီချန်းထျန်ကို လှမ်းမေးလိုက်ခြင်း ဖြစ်သည်။