အခန်း 284- ကောင်းကင်ကျောက်စာ
"စီနီယာ... ဒါက ကျွန်မတို့ တားမြစ်နယ်မြေပါပဲ...!"
ပိုင်အော့ရှန် ကျောက်စိမ်းပြားနှင့်တူသော အရာတစ်ခုကို ထုတ်ကာ တောင်ပေါ်ရှိ နေရာတစ်ခုတွင် တင်ရင်း ပြောလိုက်သည်။ ထို့နောက် အနက်ရောင်တံခါးကြီးပွင့်လာသည်ကို တွေ့လိုက်ရ၏။
ချက်ချင်းပင် ထူးခြားသော ဥမင်လိုဏ်ခေါင်းတစ်ခုကို မြင်လိုက်ကြရသည်။ ဉမင်နံရံတဝိုက်တွင် ထူးဆန်းသည့် ပန်းချီကားများရှိနေသည်။ မြွေကြီးများ၊ နတ်နဂါးများ။ ကျားဖြူများ။ သူရဲကောင်းများ၊ မီးငှက်များ...
ဥမင်တလျှောက် သွားလိုက်ကာ ဂူအလယ်သို့ ဦးတည်သွားလိုက်ကြသည်။ ခဏအကြာတွင် သူတို့သည် လျှို့ဝှက်ခန်းတစ်ခုလို အခန်းတစ်ခုသို့ ရောက်ရှိသွားတော့သည်။
ဘန်း..!
တံခါးပွင့်လာသည်နှင့် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်လှိုင်းလုံးများ ချက်ချင်းပြန့်ကျဲကာ ထွက်ပေါ်လာသည်။
ရီချန်းဂျီမှာ စတင်ဝင်ရောက်ကတည်းက စစ်ဆေးပြီးသား ဖြစ်သည်။ ဤလျှို့ဝှက်အခန်းသည် သူ၏နတ်ဘုရား အာရုံများကို ပိတ်ဆို့ထားသည်။ ဤသည်မှာ ကောင်းကင်ကျောက်စာ ရှိနေသည့် နေရာဖြစ်ရပေမည်။
"စီနီယာ... ကျေးဇူးပြုပြီး...!"
ပိုင်အော့ရှန် အနည်းငယ် ဦးညွှတ်ပြီး သူမလက်ကို မြှောက်ကာ ရီချန်းဂျီကို ဝင်ခိုင်းလိုက်သည်။ ရီချန်းဂျီ ဘာမှပြောမနေဘဲ တိုက်ရိုက်ဝင်သွားလိုက်သည်။
သူဝင်လိုက်သည်နှင့် သူ့တစ်ကိုယ်လုံးအား ဖုံးအုပ်သွားသော ထူးဆန်းသည့် စွမ်းအင်တစ်ခုကို ခံစားလိုက်ရသည်။ ထိုအခိုက်အတန့်တွင် သူ့ခန္ဓာကိုယ်ရှိ ကြွက်သားများအားလုံး ပြေလျော့သွားသည်ဟုပင် ခံစားလိုက်မိသည်။
ကျောက်စားပွဲ၏ အလယ်ဗဟိုတွင် လက်ဖဝါးအရွယ် ဖောက်ထွင်းမြင်ရသော ပုံဆောင်ခဲလေး တစ်ခုရှိနေ၏။ ၎င်းသည် ကျောက်စားပွဲပေါ်တွင် ငြိမ်သက်စွာဖြင့် လှပသော အလင်းရောင်စဥ်တန်းများကို ထုတ်လွှတ်နေလျှက် ရှိလေသည်။
သူ့အကြည့်များ ကောင်းကင်ကျောက်စာကို ထိလိုက်သည်နှင့် သူ့ရှေ့မှ မြင်ကွင်းမှာ တဖြည်းဖြည်း ပျက်ယွင်းလာပြီး ကောင်းကင်မှ ကြယ်များကို မြင်လာရသည်။ ရောင်စုံအလင်းတန်းများက ပတ်ဝန်းကျင်ကို လင်းထိန်နေစေပြီး လောကနိယာမများသည် သူ့ရှေ့တွင် ပျံ့နှံ့နေခဲ့သည်။ ၎င်းမှာ ထူးထူးခြားခြားပင် ကျက်သရေရှိနေခဲ့လေသည်။
ထိုအခိုက်အတန့်တွင် စကြာဝဠာ၏ မွေးဖွားခြင်းနှင့် မူလအစကို သူမြင်နေရလေသည်။ စိတ်ကူးယဉ်ဆန်စွာ လျှို့ဝှက်ဆန်းကြယ်သည့် မြင်ကွင်းများက သူ့ရှေ့တွင် လူးလားကူးခတ်နေပြီး လှပသည့် အချိန်၏ မြစ်တစ်စင်း သူ့ရှေ့တွင် စီးဆင်းနေလျှက်ရှိသည်။ သူသည် ထူးခြားသည့် နယ်ပယ်တစ်ခုနှင့် ထိတွေ့နေခဲ့လေသည်။
‘ဒါက...’
သူ၏ ဝိညာဉ်မှ ကွဲပြားသော နားလည်မှုတစ်ခုကို သူ ခံစားနေရသည်။ သူ အရင်က နားမလည်ခဲ့ဖူးသည့် သဘောတရားများ အားလုံးမှာ ထိုအချိန်တွင် သူ့စိတ်ထဲတွင် ပြတ်သားစွာ ရောက်ရှိနေပြီ ဖြစ်သည်။
အချိန်နှင့် အာကာသ၏ မဟာတာအို၊ ခွန်အားမဟာတာအို၊ အသက်စွမ်းအင်မဟာတာအို၊ သေဆုံးခြင်းမဟာတာအို၊ မဟာတာအိုပေါင်းများစွာတို့သည် အလင်းတန်းများကဲ့သို့ သူ့စိတ်ထဲတွင် စီးဆင်းနေပြီး သူ့အား နောက်တစ်ဆင့်ကို ဖြတ်ကျော်နိုင်ရန် ကူညီပေးနေသည်။
ဘန်း....!
ထိုအခိုက်အတန့်တွင် သူ၏နယ်ပယ်သည် နတ်ဘုရားနယ်ပယ်သို့ တိုက်ရိုက်ရောက်ရှိလာပြီး သူ၏ အထွတ်အထိပ်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။
ထို့အပြင် သူ၏ကျင့်ကြံဆင့်သည် နတ်ဘုရားနယ်ပယ်၏ အလယ်အလတ်အဆင့်မှ နတ်ဘုရားနယ်ပယ်၏ နောက်ပိုင်းအဆင့်အထိ နယ်ပယ်အငယ်တစ်ခုကို တိုက်ရိုက်ဖြတ်ကျော်သွားသည်ဟု သူခံစားခဲ့ရသည်။
ပြင်ပကမ္ဘာတွင်မူ လျှို့ဝှက်ခန်းထဲတွင် ပိုင်အော့ရှန်နှင့် တခြားသူများမှာ ရီချန်းဂျီ ရုတ်တရက် လမ်းလျှောက်နေခြင်း ရပ်တန့်သွားသည်ကို တွေ့လိုက်ရသည်။ သူတို့ ပဟေဠိဖြစ်စွာနှင့် တစ်ယောက်ကို တစ်ယောက် ကြည့်နေစဥ်မှာပင် သူ့ခန္ဓာကိုယ်မှ ရောင်စုံအလင်းတန်းများ ဖြာထွက်လာသည်ကို ရုတ်တရက် မြင်လိုက်ရသည်။
ပြင်းထန်သော အော်ရာတစ်ခုက သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး လျှို့ဝှက်ခန်းတစ်ခုလုံးကို ဖုံးအုပ်ထားလေသည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ အလင်းတန်းသည် ကျောက်စားပွဲပေါ်ရှိ ကောင်းကင်ကျောက်စာနှင့် ချိတ်ဆက်ထား၏။ ထိုအလင်းသည် တဖျပ်ဖျပ်လှုပ်ခတ်ကာ လျှို့ဝှက်ခန်းအပြင်သို့ပင် ပျံ့နှံ့သွားပြီး ကောင်းကင်နှင်းနန်းတော်ရှိ လူတိုင်းကို တိုက်ရိုက် ထိတ်လန့်စေခဲ့သည်။
သူတို့နန်းတော်၏ ဘိုးဘေးများ ဤကျောက်စာကို ရရှိခဲ့ကတည်းက ဤသို့ဖြစ်ရပ်ကို တစ်ခါမှ မမြင်ခဲ့ဖူးပေ။ ရီချန်းဂျီရောက်လာသည့်အခိုက်တွင်ပင် ကောင်းကင်ကျောက်စာ၏ အသိအမှတ်ပြုချက်ကို ရရှိလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပေ။
ယခုမူကား သူတို့၏အာရုံမှာ ကောင်းကင်ကျောက်စာပေါ်တွင် မဟုတ်ဘဲ ရီချန်းဂျီ၏ ကိုယ်ခန္ဓာမှ ထွက်ပေါ်လာသော အလင်းရောင် အော်ရာ အပေါ်တွင်သာ ဖြစ်သည်။
ထိုအော်ရာသည် သူတို့၏နှလုံးသားများကို တုန်လှုပ်စေကာ သူတို့၏ စိတ်ဝိညာဉ်များကို တုန်လှုပ်ချောက်ချား သွားစေသည်။ ရီချန်းဂျီ၏ ပတ်ဝန်းကျင် ဟင်းလင်းပြင်သည် ထိုအားကောင်းလွန်းသော အရှိန်အဝါကို မခံနိုင်တော့သည့်ဟန်နှင့် တုန်ခါလာနေပြီး လျှို့ဝှက်အခန်းကြီးသည်ပင် ပြိုကျလုမတတ် ဖြစ်နေခဲ့လေသည်။
“ဒါက နတ်ဘုရားနယ်ပယ်ကြီးပဲဟ....” စုယွင် အံ့သြလွန်းသဖြင့် အတွေးများပင် ရပ်တန့်သွားတော့လေသည်။
သူမ သိထားသည်အရဆိုလျှင် အင်ပါယာနယ်ပယ်သည်ပင် အလွန်ကြောက်စရာကောင်းနေပြီဖြစ်သည်။ ရီချန်းဂျီသည် အမှန်တကယ် နတ်ဘုရားနယ်ပယ်မှဟု သူမ မထင်ခဲ့ပေ။
သူမထက် အဆင့်ကြီးတစ်ခုလုံး မြင့်နေသည်။ ၎င်းမှာ မည်သို့ဖြစ်နိုင်မည်နည်း။
ရီချန်းဂျီ၏ ကျင့်ကြံဆင့်သည် အင်ပါယာနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်နေပြီဟုသာ သူမ မူလက ထင်နေခဲ့သည်။ သူ့နယ်ပယ်အမှန်မှာ သူမ သိထားသည်ထက် ကျော်လွန်နေမည်ဟု သူမ မထင်ခဲ့ပေ။
အခြားအကြီးအကဲများလည်း စုယွင်၏ စကားကိုကြားသောအခါတွင် လွန်စွာ ထိတ်လန့်သောအမူအရာများ ဖြစ်သွားကြသည်။
နတ်ဘုရားနယ်ပယ်...။
၎င်းမှာ သူတို့တွေးပင် မတွေးဝံ့သည့် နယ်ပယ်တစ်ခုဖြစ်သည်။ နတ်ဘုရားတစ်ပါး၏ ခွန်အားသည် ကောင်းကင်နှင့် မြေကြီးကို အမှန်တကယ် ဖျက်စီးနိုင်သလို ကမ္ဘာတစ်ခုကိုလည်း မုန့်စားသလိုပင် အလွယ်တကူ ဖန်တီးနိုင်သည်။
ကောင်းကင်နှင်းနန်းတော်အား အန္တရာယ်များမှ ကယ်တင်နေခဲ့သူသည် နတ်ဘုရားတစ်ပါး ဖြစ်မည်ဟု မည်သူထင်မည်နည်း။
ထိုအချက်ကို သိလိုက်ရမှ ရီချန်းဂျီ၏ တပည့်များအားလုံး အင်ပါယာအဆင့်တွင် ရှိနေသည်ဟူသော အချက်မှာ မယုံနိုင်စရာကောင်းသည့်အချက် မဟုတ်တော့ပေ။
ထိုအခိုက်အတန့်တွင် သူတို့အားလုံး ရီချန်းဂျီအပေါ်ထားရှိသည့် လေးစားမှုမှာ သံသယလုံးဝမရှိတော့ပဲ အလွန်တရာ ကြီးမားလာတော့သည်။ ရီချန်းဂျီ၏ အတွေ့အကြုံများသည် ကျယ်ပြန့်လွန်းသည်ဟု သူတို့ ထင်ထားပြီးသား ဖြစ်သည်။
အမှန်တကယ် ပညာရှင် ဖြစ်ချင်လျှင် စစ်ပွဲများစွာကို တွေ့ကြုံရမည်မှာ သေချာပေသည်။ တိုက်ပွဲများ အတွင်းတွင်သာလည်း ၎င်းတို့၏ ခွန်အားကို မြှင့်တင်နိုင်မည် ဖြစ်သည်။
ထိုအချိန်တွင် ရီချန်းဂျီသည် သူ၏ ရုတ်တရက် ဉာဏ်အလင်းရနေမှုမှ နိုးထလာသည်။ သူ့ရှေ့မှ ကောင်းကင်ကျောက်စာကို ကြည့်လိုက်ရင်း သူ့မျက်လုံးများတွင် အလင်းတန်းများ တဖြတ်ဖြတ်လက်နေတော့သည်။ ကောင်းကင်ကျောက်စာမှာ သူ့ကို ထိုမျှအထိ အကူအညီ ပေးနိုင်လိမ့်မည်ဟု သူ မထင်ထားပေ။
သူ၏ခွန်အားသည် လျင်မြန်စွာပြန်လည်ကောင်းမွန်လာပြီး သူ၏ ကျင့်ကြံဆင့်သည်ပင် နတ်ဘုရားနယ်ပယ်၏ ထိပ်ဆုံးအဆင့်သို့ ရောက်ရှိရန် ခြေတစ်လှမ်းအလိုထိ တိုးတက်လာသည်။
သူသည် မဟာတာအိုသုံးထောင်၏ မဟာတာအို အနည်းငယ်ကိုလည်း နားလည်နိုင်ခဲ့သည်။ စကြာဝဠာကြီးတွင် ထိုမဟာတာအိုအနည်းငယ်၏ ခွန်အားသည် အစွမ်းအထက်ဆုံးသော တည်ရှိမှုများ ဖြစ်သည်။
"ဆရာ... ဆရာ့ရဲ့ ကျင့်ကြံမှု အဆင့် နောက်တစ်ခါထပ်တိုးတက်သွားတဲ့အတွက် ဂုဏ်ယူပါတယ်...!" နင်းမန်မန်း အလွန်ပျော်နေမိသည်။
‘နောက်တစ်ခါ’ ဟု သူမထည့်ပြောလိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူမ၏ ဆရာမှာ အချိန်တိုင်း တိုးတက်နေခြင်းကြောင့် ဖြစ်သည်။ ၎င်းမှာ သူ့စီနီယာအစ်ကိုများထက် အဆပေါင်းများစွာ ပိုမြန်နေသည်။
"စီနီယာ.... ကောင်းကင်ကျောက်စာက ကျွန်မတို့နန်းတော်ရဲ့ အဖိုးတန်ဆုံး ရတနာဖြစ်ပေမယ့် အဲဒါရဲ့ အသိအမှတ်ပြုမှုမကို မရရှိနိုင်ခဲ့တဲ့အတွက် ကျွန်မတို့ အဲဒါကို တိုက်ရိုက် အသုံးပြုလို့ မရနိုင်ခဲ့ပါဘူး...." ပိုင်အော့ရှန် ဖြည်းညှင်းစွာပြောသည်။
အမှန်တကယ်တွင် ၎င်းမှာ ကောင်းကင်နှင်းနန်းတော်တွင် လျှို့ဝှက်ချက်တစ်ခုလည်း မဟုတ်ပေ။ ကောင်းကင်ကျောက်စာသည် အလွန်တရာ မာနကြီးလှပြီး အဆင့်နိမ့်သူများအား အသုံးပြုခွင့်မပေးခဲ့ပေ။
နန်းတော်၏ မှတ်တမ်းများအရ ယခင် နန်းတော်သခင်များသည်လည်း ကောင်းကင်ကျောက်စာအား မထိန်းချုပ်နိုင်ခဲ့ကြပဲ နောက်ဆုံး အသုံးပြု၍ရခဲ့သည်မှာ လွန်ခဲ့သည့် နှစ်တစ်သောင်းက ယခုအချိန်အတွက် ဟောပြောချက်တစ်ခုသာ ဖြစ်သည်။
ထို့ကြောင့် သူတို့သည် ရတနာရှိနေသော်လည်း ဘာမှမလုပ်နိုင်ပဲ ဖြစ်နေခဲ့ရသည်။
ရီချန်းဂျီသည်လည်း ကောင်းကင်ကျောက်စာကို လိုချင်လျှင် ကျောက်စာ၏ ခွင့်ပြုချက်ကို ရယူရမည် ဖြစ်သည်။ ကျောက်စာမှ လက်မခံလျှင် နန်းတော်မှ ပေးလိုက်သော်လည်း ရီချန်းဂျီ ယူလို့ရမည် မဟုတ်ပေ။ ထို့ကြောင့်သာ ကောင်းကင်နှင်းနန်းတော်မှာ ကျောက်စာအား သူတို့ အသုံးမဝင်သည့်တိုင် သူတို့အား ကျေးဇူးများစွာ ရှိခဲ့သော ရီချန်းဂျီအား ပေးအပ်လိုခြင်း ဖြစ်သည်။
"အိုး ဒီလိုမျိုး အခြေအနေ ရှိနေတာလား...!" ရီချန်းဂျီ အံ့သြသွားမိသည်။
ကောင်းကင်ကျောက်စာတွင် အချို့သောလူများသည် ၎င်း၏အစွမ်းအစများကို အသုံးပြုရန် မထိုက်တန်ဟု ယုံကြည်ခြင်း၊ ကိုယ်ပိုင်ဝိညာဥ်အာရုံများနှင့် ၎င်း၏ကိုယ်ပိုင်မာနရှိခြင်းတို့ ဖြစ်နိုင်ဖွယ်ရှိသည်။ ယခုမူကား ကွဲပြားပေသည်။ ရီချန်းဂျီရှေ့တွင် အနိုင်ယူ၍ မရနိုင်သော ဝိဉာဉ်မရှိပေ။
ထိုနောက် ကောင်းကင်ကျောက်စာအား လက်ညိုးထိုးပြလိုက်ရာ မထင်မှတ်ထားသော အရာတစ်ခု ဖြစ်ပျက်သွားခဲ့သည်။
ထိုအဖြစ်ကို ကောင်းကင်နှင်းနန်းတော်မှ လူများမြင်သည့်အခါ သူတို့ အံသြသွားကြလေသည်။