အခန်း 281- မဟာအကြီးအကဲစုယွင်
“ဆရာ... ကောင်းကင်ကျောက်စာက တကယ်ပဲ ထူးခြားနေလို့လား...” နင်းမန်မန်း စိတ်ဝင်စားပုံဖြင့် မေးလိုက်သည်။
အင်ပါယာများပင်လျှင် အနာဂတ်ကို မခန့်မှန်းနိုင်ဘဲ နီးကပ်လာသည့် အန္တရာယ်များကိုသာ ကြိုတင်ခန့်မှန်းနိုင်ကြသည်။ ယခုတော့ ကောင်ကင်ကျောက်စာမှာ နောင်အနှစ်တစ်သောင်းတွင် ဘာဖြစ်မည်ဆိုသည်နှင့် အနှစ်တစ်သောင်းအတွင်း ကောင်းကင်နှင်းနန်းတော်ဆီ ဘယ်လိုလူရောက်လာမည်ဆိုသည်ကိုပင် ခန့်မှန်းထားနိုင်သည်။
အသူရာနဂါးလျှို့ဝှက်နယ်မြေ မှ သူတို့ ထွက်လာပြီးနောက် ထောက်ထျဲ့သားရဲပြဿနာ ဖြစ်ပေါ်လာသည်။ ထို့နောက် ကောင်းကင်နှင်းနန်းတော်သို့ ရောက်ကာ ထျောက်ထျဲ့ကို အနိုင်ယူခဲ့သည်။
အားလုံးမှာ အစီအစဉ်တကျ ဖြစ်နေပုံရလေသည်။
ရီချန်းဂျီသည် အဝေးမှ တောင်တန်းကြီးကို လှမ်းကြည့်လိုက်သည်။ ထိုနေရာမှ သူပင် နားမလည်နိုင်သော ဆင့်ခေါ်မှုတစ်ခုကို သူ ခံစားနေရသည်။ သူ့မျက်လုံးများသည် အတားအဆီးအလွှာများအား ထိုးဖောက်ဝင်ရောက်ကြည့်လိုက်သည်။ သူ၏ ဝိညာဉ်အာရုံများကို ထိုနေရာရှိ လျှို့ဝှက်ခန်းမထဲတွင် ထူးခြားသော စွမ်းအားတစ်ခုက ပိတ်ဆို့ထားသည်ကို တွေ့လိုက်ရသည်။
သူ၏ လက်ရှိကျင့်ကြံမှုအဆင့်ဖြင့် သူသည် နတ်ဘုရားနယ်ပယ်၏ အလယ်အဆင့်တွင် ရှိနေသည်။ ဤကမ္ဘာတွင် သူ့အား ယှဥ်ပြိုင်နိုင်မည့်သူ မရှိပေ။ ထို့ကြောင့် သူခန့်မှန်းရသလောက် သူ၏ ဝိညာဉ်အာရုံများကို ပိတ်ဆို့နိုင်သည့် တစ်ခုတည်းသောအရာမှာ ကောင်းကင်ကျောက်စာဖြစ်သည်။
“စိတ်ဝင်စားဖို့ကောင်းလိုက်တာ... မင်းက ဘယ်လောက်တောင် ဆန်းကြယ်နေတာလဲ..." ရီချန်းဂျီ၏ မျက်လုံးများ တောက်ပလာသည်။
ထို့နောက် သူ နင်းမန်မန်းကို ကြည့်ကာ ဆူလိုက်သည်။
"မင်း မဟုတ်ကဟုတ်က လုပ်တဲ့အကြောင်း မပြောရသေးဘူး.... မင်းက အရမ်းစပ်စုတယ်... ပထမဆုံးပြောရရင် မင်းရဲ့ကျင့်ကြံမှုကိုပဲ တိုးတက်အောင် စိတ်ထဲမှာထား... တခြားအရာတွေ မတွေးနဲ့... ဒီပုံအတိုင်းဆို မင်းကတော့ ငါ့တပည့်တွေကြားမှာ ဘိတ်ချေးအဆင့်မှာပဲ ရှိနေမှာပဲ...”
နင်းမန်မန်းကတော့ လုံးဝ ဂရုစိုက်ပုံ မပေါ်ပေ။ သူမသည် နောက်အကျဆုံးမှ ရောက်လာခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် အနိမ့်ဆုံးဖြစ်နေမည်မှာ ပုံမှန်ပင် ဖြစ်သည်။ သူမရီချန်းဂျီထံ စတင်ရောက်ရှိချိန်က သူတော်စင်တစ်ပိုင်းအဆင့်သာ ဖြစ်သည်။ ယခု သူမသည် အင်ပါယာနယ်ပယ်၏ အစောပိုင်းအဆင့်တွင် ရှိနေပြီဟု ပြောလို့ရသောကြောင့် သူမ၏တိုးတက်မှုသည် အလွန်တရာ မြန်ဆန်နေပြီ ဖြစ်သည်။
သို့သော် သူမ တစ်ချက် မေ့သွားသည်မှာ ရီချန်းဂျီသည် အသူရာနဂါးလျှို့ဝှက်နယ်မြေတွင် သူမ၏ ခန္ဓာကိုယ်ကို ပြုပြင်မွမ်းမံပေးခဲ့ခြင်းကြောင့်သာ မဟုတ်လျှင် သူမသည် အင်ပါယာတစ်ပိုင်းအဆင့်သို့ပင် ရောက်ဦးမည်မဟုတ်ပဲ ချိုးဖြတ်ခြင်းအဆင့်တွင်သာ ရှိနေပေဦးမည် ဖြစ်သည်။
အမှန်အတိုင်း ပြောရလျှင် သူမသည် ယခုအချိန်တွင် သူမ၏ စီနီယာအစ်ကိုများထဲမှ တချို့ထက်ပင် အနည်းငယ်မြင့်နေပြီ ဖြစ်သည်။
နင်းမန်မန်းလည်း ထိုအချက်ကို သိသော်လည်း သူမ၏ စီနီယာများကို ကျော်တက်ရန်မှာ အနည်းငယ် ခက်ခဲနေသည်။
သူတို့၏ ကျင့်ကြံခြင်းနယ်ပယ်အသီးသီးသည် နတ်ဘုရားအဆင့် အရှိန်အဟုန်ဖြင့် တိုးမြင့်လာနေကြသည်။ သူတို့ကို သာမာန် ကျင့်ကြံသူများဟုပင် မခေါ်နိုင်ပေ။ သူတို့အားလုံးမှာ တကယ့် ကျင့်ကြံခြင်းအရူးများပင် ဖြစ်ကြသည်။
သူမသည် ရီချန်းဂျီထံသို့ ရောက်လာစဉ်က သူမ၏ ပါရမီမှာ သိပ်ဆိုးလှသည်မဟုတ်ဟု တွေးမိကာ စီနီယာများနှင့် သိပ်မကွာနိုင်ဟု တွေးခဲ့သည်ကို သူမ မှတ်မိနေသေးသည်။
သို့သော် ယခုအချိန်တွင်တော့ ထိုအတွေးများ ပျောက်ကွယ်သွားပြီဖြစ်ကာ နောက်ဆုံးရောက်ချင်ရောက် မရောက်ချင်နေ ဂရုမစိုက်တော့ပေ။
သူမမှာ ရီချန်းဂျီထံတွင် အချိန်တစ်နှစ်ခွဲမျှသာ သင်ယူရသေးပြီး စီနီယာများမှာ ရီချန်းဂျီထံတွင် နှစ်ပေါင်းများစွာ သင်ယူခဲ့ပြီး ဖြစ်သည်။ သူမ သူတို့နောက်ကို မည်သို့ အမှီလိုက်နိုင်မည်နည်း။ ထို့ကြောင့် သူမ စိတ်ဓာတ်ကျမနေတော့ပေ။ ကျင့်ကြံခြင်းမှာ မည်သည့်အခါကမျှ လွယ်ကူခဲ့ခြင်း မရှိပေ။
"ဆရာ... ရိုးရိုးသားသား ပြောလိုက်ပါ.... ဆရာ အဲဒါကို ဆုံးဖြတ်ချက် မချရသေးဘူး မဟုတ်လား..." နင်းမန်မန်း ပြုံးကာ ပြောလိုက်သည်။
ပိုင်အော့ရှန်မှာ အဖက်ဖက်မှ ပြည့်စုံလှသည်။ ရုပ်ရည်၊ အကျင့်သိက္ခာ... နောက်ဆုံး ကျင့်ကြံမှုသည်ပင် မဆိုးလှပေ။ ထို့အပြင် အင်အားစုတစ်ခု၏ ခေါင်းဆောင်လည်း ဖြစ်သေးသည်။ သူမမှ မပြည့်စုံလျှင် ပြည့်စုံသည့် မိန်းမ ရှိတော့မည်မဟုတ်ဟုပင် ပြောလို့ရပေသည်။
အရေးကြီးဆုံးအချက်မှာ ပိုင်အော့ရှန်မှာ အလွန်ချစ်ဖို့ ကောင်းသည်။ သူမ၏ စိတ်နေစိတ်ထားကလည်း အလွန်ကောင်းမွန်ပြီး သူမ၏ ဆရာကတော်ဖြစ်လျှင် အတော်ကောင်းမည်ဟု သူမ ခံစားနေခဲ့ရသည်။
ထို့အပြင် သူ့ဆရာ၏ ကမ္ဘာသို့ ပြန်ရောက်လျှင်လည်း သူမတွင် ဆရာကတော်တစ်ယောက်လုံးရှိနေမည်ဖြစ်သဖြင့် သူ့စီနီယာအကိုများမှာ အနိုင်ကျင့်ရဲတော့မည် မဟုတ်ပေ။
ထိုအချိန်တွင် ရီချန်းဂျီပင် ဘာမှတတ်နိုင်မည် မဟုတ်ပေ။
ကံမကောင်းစွာပင် သူမ၏ အစီအစဉ်သည် ပျက်စီးတော့ပေမည်။ ရီချန်းဂျီမှာ သူမကို စိုက်ကြည့်နေသည်ကို မြင်ရသဖြင့် စိတ်ပျက်လက်ပျက်ဖြင့် နှုတ်ခမ်းတွန့်ပြကာ အခန်းထဲသို့ ဝင်လာခဲ့လိုက်တော့သည်။
ရီချန်းဂျီသည် ခန်းမထဲတွင် တစ်ဦးတည်း ကျန်ခဲ့သည်။ ထို့နောက် သူသည် လေထဲမှ တစ်နေရာဆီသို့ လှမ်းကြည့်ကာ ထူးမခြားနားဟန်ဖြင့် "ထွက်မလာသေးဘူးလား" ဟု ပြောလိုက်သည်။
"အမှန်အတိုင်း ပြောပါ… ရှင်က ဘယ်သူလဲ..."
အသက်ငါးဆယ်၊ ခြောက်ဆယ်ကျော်အရွယ် အဘွားအိုတစ်ယောက် သူ့ရှေ့တွင် ပေါ်လာ၏။ သူမ၏လက်ကို တစ်ချက်ယမ်းလိုက်လျှင် သူတို့ ရှိနေရာ နေရာတဝိုက်ကို လှိုင်းလုံးများဖြင့် ပိတ်ဆို့သွားသည့် အတားအဆီးတစ်ခုကို ဖန်တီးလိုက်သည်။
"အဆင့်တစ်ဝက် အင်ပါယာ လား...."
ရီချန်းဂျီသည် သူမ၏ကျင့်ကြံမှုအဆင့်ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ သူမ၏ အဝတ်အစားများကိုကြည့်ရခြင်းအားဖြင့် သူမသည် ကောင်းကင်နှင်းနန်းတော်၏ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သည်။
အစောပိုင်းက ကောင်းကင်နှင်းနန်းတော် အန္တရာယ်ကျရောက်နေသောအခါက သူမ ပေါ်ထွက်မလာခဲ့။ ယခုအချိန်မှ သူမ အဘယ်ကြောင့် ထွက်ပေါ်လာရသနည်း။
နောက်ကွယ်တွင် လျှို့ဝှက်ချက်တစ်ခုခု ရှိနိုင်မလား။ ရီချန်းဂျီ သိချင်သွားမိသည်။
အဘွားကြီးသည် ရီချန်းဂျီကို စိုက်ကြည့်နေလေသည်။ တကယ်တမ်းတွင် သူမသည် ကောင်းကင်နှင်းနန်းတော်၏ အကြီးအကဲချုပ် ဖြစ်သည်။ တခါက အပျက်အစီးနယ်မြေတစ်ခုတွင် ကောင်းကင်နှင်းနန်းတော်မှ လူများ ကန္တာရဓားဂိုဏ်းနှင့် အချေအတင်ဖြစ်ခဲ့ဖူးသည်။ ထိုအချိန်က ကောင်းကင်နှင်းနန်းတော်၏ စွမ်းအားသည် ကန္တာရဓားဂိုဏ်းနှင့်ပင် မယှဉ်နိုင်သေးပေ။
နန်းတော်၏ လူများ ဘေးကင်းစွာဆုတ်ခွာနိုင်ရန်အတွက် ကန္တာရဓားဂိုဏ်းမှ အင်ပါယာတစ်ပိုင်း နယ်မြေ၏ အထွတ်အထိပ်တွင် ရှိနေသော အကြီးအကဲတစ်ဒါဇင်ကျော်ကို သူမ တစ်ယောက်တည်းဖြင့် ရပ်တန့်ခဲ့ဖူးသည်။
သူမ၏ လူများ လွတ်သွားမှ သူမသည်လည်း ဝိုင်းဝန်းတိုက်ခိုက်ခံခဲ့ရပြီး တိမ်နှင့်မြူခိုးများ ပြည့်နေသော ချောက်ထဲသို့ ခုန်ချကာ ထွက်ပြေးခဲ့ရသည်။
သို့သော် သူမ မသေခဲ့ပဲ အချိန်အတော်ကြာပြီးနောက်မှ ကောင်းကင်နှင်းနန်းတော်သို့ ပြန်ရောက်သောအခါတွင် သူမ သေဆုံးသွားပြီဟူသည့် သတင်းကို ကြားလိုက်ရသည်။ ၎င်းမှာ ကန္တရာဓားဂိုဏ်းမှ လူများ၏ လက်ချက် ဖြစ်သည်မှာ သံသယရှိစရာမလိုပေ။ သူတို့၏ရည်ရွယ်ချက်မှာ ကောင်းကင်နှင်းနန်းတော်အား ပရမ်းပတာဖြစ်စေရန် ဖြစ်သည်။
ထို့ကြောင့် သူမ အမှောင်ထဲတွင်သာ နေခဲ့လိုက်တော့သည်။ ထိုအစား သူမသည် ကန္တာရဓားဂိုဏ်းကို အငိုက်ဖမ်းတိုက်ခိုက်ရန် ပုန်းအောင်းနေခဲ့သည်။ သူမသည် ယခုအချိန်အထိ ပုန်းကွယ်နေခဲ့သည်။
ထောက်ထျဲ့သားရဲ ချိတ်ပိတ်ခြင်းကို ချိုးဖျက်ရန် ကြိုးစားစဥ်ကလည်း သူမ တိတ်တဆိတ် လှုပ်ရှားနေခဲ့သည်။ သို့သော်လည်း သူမကိုယ်သူမ ထုတ်ဖော်ပြသတော့မည် အချိန်တွင်ပင် ရီချန်းဂျီနှင့် အခြားသူများ ရောက်လာသည်ကို သူမ မြင်သောအခါ ဘိုးဘေးများ၏ ကောင်းကင်ကျောက်စာဟောကြားချက်ကို ရုတ်တရက် သတိရသွားခဲ့သည်။ ထို့ကြောင့် သူမ ရှေ့ထွက်ရန် စိတ်ကူးကို ရပ်ကာ ခေတ္တစောင့်ကြည့်နေခဲ့လိုက်သည်။
သို့သော် သူမ မမျှော်လင့်ထားသည့်အရာမှာ ရီချန်းဂျီသည် ထောက်ထျဲ့သားရဲကို သူ၏ အော်ရာမျှနှင့် အညံ့ခံစေနိုင်လောက်အောင် အားကောင်းနေခြင်းဖြစ်သည်။ ယခင်က ကောင်းကင်နှင်းနန်းတော်၏ ဘိုးဘေးများပင် ထိုသို့ မလုပ်နိုင်ခဲ့ပေ။
"ကျုပ် ဘယ်သူလဲ ဆိုတာ အရေးမကြီးဘူး... အရေးကြီးတာက ကျုပ် ကောင်းကင်နှင်းနန်းတော်ကို ကယ်တင်ခဲ့တာပဲ....”
အမှန်တကယ်တွင် ရီချန်းဂျီသည် ထိုအဘွားကြီးကို ရှာဖွေတွေ့ရှိခဲ့သည်မှာ ကြာလှပြီဖြစ်သည်။ အနောက်ဘက်တောင်မှာကတည်းက သူမကို သူ၏ စိတ်အာရုံဖြင့် ရှာဖွေတွေ့ရှိခဲ့ပြီး ဤနေရာတစ်လျှောက်လုံး သူမ သူတို့နောက်သို့ လိုက်နေသည်ကို သိနေခဲ့သည်။ သို့သော် သူမတွင် လူသတ်ရန် ဒုက္ခပေးရန် ရည်ရွယ်ချက် တစ်စုံတစ်ရာ မရှိသည်ကို မြင်လိုက်ရသဖြင့် သူမအား လျစ်လျူရှုထားခဲ့လိုက်သည်။
အဘွားကြီးသည် ရီချန်းဂျီ၏မျက်လုံးများကို တည့်တည့်စိုက်ကြည့်နေသည်။ ထို့နောက်တွင်တော့ ရီချန်းဂျီပြန်ကြည့်လိုက်လျှင် ဆက်မကြည့်ရဲတော့ပဲ အနည်းငယ် ဦးညွှတ်ကာ နှုတ်ဆက်လိုက်တော့သည်။
“ကျွန်မက ဂျူနီယာ စုယွင်ပါ... မင်္ဂလာပါ စီနီယာ....!"
သူမ နှလုံးသားထဲတွင်တော့ ရီချန်းဂျီကို ကျေးဇူးတင်နေမိသည်။ ထောက်ထျဲ့သားရဲ မည်မျှ ရက်စက်ကြမ်းကြုတ်သည်ဆိုခြင်းကို သူမလည်း သိပေသည်။ သူမသည် အဆင့်တစ်ဝက်အင်ပါယာ ဖြစ်နေခဲ့သော်လည်း ထောက်ထျဲ့သားရဲ ကို အနိုင်ယူရန် ယုံကြည်မှုမရှိခဲ့ပေ။
ထို့အပြင် သူမသည် သူမ ဘဝသက်တမ်း၏ အဆုံးတွင် ရှိနေပြီဖြစ်သည်။
"အရမ်းယဉ်ကျေးနေဖို့ မလိုပါဘူး...!"
ထိုသို့ အသေးအမွှား ကိစ္စများကို သူ ဂရုမစိုက်ပေ။ အင်ပါယာအဆင့်ကိုတောင် မရောက်သေးသည့် သားရဲမှာ သူ့အတွက်တော့ အိမ်မွေးတိရိစ္ဆာန်သာသာ,သာ ရှိသည်။
ထိုအဘွားကြီးလည်း ၎င်းကို ကောင်းစွာ သိသဖြင့် ဘာမှ ဆက်မပြောတော့ပေ။
ခဏစဉ်းစားနေပြီးမှ အဘွားကြိးမှာ ထပ်မံ ဦးညွှတ်လိုက်ပြီး - “စီနီယာ... ကောင်းကင်နှင်းနန်းတော်ဟာ အခုချိန်မှာ အန္တရာယ်တွေ ဝိုင်းနေပြီဆိုတာ စီနီယာလည်း သိလောက်မှာပါ... အပြင်ကကြည့်ရင်တော့ ငြိမ်းချမ်းပုံရပေမယ့် တကယ်တမ်းမှာ ကန္တာရဓားဂိုဏ်းက နန်းတော်ကို ကျားချောင်းချော်ငးနေတာပါပဲ... သူတို့က ကောင်းကင်နှင်းနန်းတော်ကို သိမ်းပိုက်ချင်နေခဲ့ကြတာ...”
"ဒါကြောင့် စီနီယာက ကူညီပေးနိုင်မယ်လို့ ကျွန်မ မျှော်လင့်ပါတယ်...!"
အဘွားကြီးမှာ သူ့ကိုယ်သူ အချိန်သိပ်မကျန်တော့သည်ကို ကောင်းကောင်းသိထားသည်။ သူမ နန်းတော်ကို အမှောင်ထဲမှနေ၍ ဆက်လက် မစောင့်ရှောက်နိုင်တော့ပေ။ သူမတို့ ကောင်းကင်နှင်းနန်းတော်သည် ခုချိန်ထိလည်း ကန္တာရဓားဂိုဏ်းကို မယှဥ်နိုင်သေးသည်ကို သူမ သဘောပေါက်ထားသည်။
ထောက်ထျဲ့သားရဲကို ဖြေရှင်းနိုင်ပြီး အကျပ်အတည်းများကို ခေတ္တကျော်လွှားနိုင်အောင် ကူညီနိုင်ခဲ့သော်ငြားလည်း အကြီးမားဆုံး အကျပ်အတည်းက ဆက်ရှိနေဦးမည် ဖြစ်သည်။
အကယ်၍ ကန္တာရဓားဂိုဏ်းမှ သူမတို့ နန်းတော်အား အမှန်တကယ် အားကုန်သုံးတိုက်ခိုက်လျှင် သူမတို့ တောင်ခံနိုင်မည် မဟုတ်ပေ။
"ကျုပ်က ဒီမှာ အမြဲတမ်းနေနိုင်မှာ မဟုတ်ဘူး..." ရီချန်းဂျီ ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။
သူ့ရည်မှန်းချက်မှာ ပို၍ကျယ်ပြောသော စကြာဝဠာကြီးသာ ဖြစ်သည်။ ဤသို့သော နေရာတွင် သူ့ဘဝကို နစ်မြှုပ် မနေနိုင်ပေ။
အကြီးအကဲ စုယွင် သက်ပြင်းချလိုက်သည်။ တကယ်တမ်းတွင်လည်း ထောက်ထျဲ့သားရဲကို ဤမျှ စိုးမိုးနိုင်သည့် လူမှာ သာမာန်လူ မဖြစ်နိုင်သည်ကို သူမ သဘောပေါက်ထားသည်။
ဤတစ်ကြိမ်တွင် သူသည် သူတို့၏ဂိုဏ်းကို ကယ်တင်ပေးခဲ့သည်မှာပင် ကံကောင်းလွန်းနေပြီဖြစ်သည်။ သူတို့ ဂိုဏ်းကို ဆက်ပြီး တိုးတက်စေချင်လျှင် သူတို့ ခွန်အားများ ပို၍လိုအပ်သေးသည်။
ထိုအချိန်တွင် ရီချန်းဂျီ ဆက်ပြောလိုက်သည့် စကားများက သူမကို အလွန်ပျော်ရွှင်သွားစေခဲ့သည်။