အခန်း 243- အသူရာနဂါးလျှို့ဝှက်နယ်မြေ
နင်းမန်မန်း၏ ပျော်ရွှင်နေသော အမူအရာကို မြင်လိုက်ရသည်တွင် လုယန်ချီသည် ပို၍ ပို၍ သိချင်လာသည်။
ရီချန်းဂျီမှာ ဘာတွေများ ထူးခြားကောင်းမွန်နေသနည်း။ ရိုးရိုးသားသားပြောရလျှင် နင်းမန်မန်း အခြားသူကို ထိုသို့ ဖြစ်နေသည့်ပုံကို သူမချစ်ရသည့်အရုပ်ကို အခြားတစ်ယောက် လုယူသွားသလိုမျိုး သူမ မနာလို ဖြစ်နေမိသည်။
၎င်းကိုတွေးရင်း လုယန်ချီ စိတ်ထဲတွင် အတွေးတစ်ခုဝင်လာ၏။ နင်းမန်မန်းကို သွေးတိုးစမ်းကာ မေးကြည့်လိုက်သည်။
"မင်းပြောတာ ကြားရသလောက်တော့ မင်းရဲ့ဆရာက ပန်းပဲဆရာပေါ့် ဟုတ်လား..."
နင်းမန်မန်း ခေါင်းညိတ်ပြပြီး ပြန်ဖြေ၏။ “လက်နက်လုပ်တာက သူ့အလုပ်တွေထဲက တစ်ခုပဲ... ငါ့ဆရာက အများကြီးသိတယ်... သူသည် အကုန်လုံးကို ကျွမ်းကျင်တဲ့ ပညာရှင်ကြီးပဲ...”
ပြောလိုက်ရင်း နင်းမန်မန်း သက်ပြင်းချလိုက်ရသည်။ ဤကမ္ဘာမှာ အရာအားလုံးကိုသိသည့် ထိုကဲ့သို့သော တည်ရှိမှုမျိုး မည်သို့ရှိနိုင်မည်နည်း။ ထို့ကြောင့် သူမပြောသည်ကို ယုံကြည်မည်လည်း မဟုတ်ပေ။
လက်နက်ဖန်တီးခြင်း၊ ဆေးဝါးသန့်စင်ခြင်း၊ အစီအရင်ဖန်တီးခြင်း၊ အဆောင်လက်ဖွဲ့ဖန်တီးခြင်း...။ တွေးကြည့်လျှင် ပို၍ပင် တုန်လှုပ်စရာကောင်းပေသည်။
ထို့အပြင် သူသည် တစ်စုံတစ်ယောက်အား မည်သည့်အရာတွင် ပါရမီပါသည် မည်သည့်အရာတွင် ပါရမီမပါသည်ကိုလည်း ခွဲခြားနိုင်သည်။
အစက သူမလည်း ဤမျှလောက် အစွမ်းထက်သော ပုဂ္ဂိုလ်သည် ကမ္ဘာပေါ်တွင် ရှိလိမ့်မည်ကို မယုံကြည်ခဲ့ပေ။ သို့သော် ထပ်ခါထပ်ခါ ကြုံတွေ့ခဲ့ရပြီးနောက်တွင်တော့ သူမ လုံးဝ စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ရသည်။
ထိုအချိန်မှစ၍ သူမသည် ရီချန်းဂျီအား လုံးလုံးအားကိုးခဲ့သည်။
သူမ၏ နောက်တွင် သန်မာသည့် ဆရာသခင်တစ်ယောက် ရှိနေလျှင် သူမ သိပ်ကြိုးစားအားထုတ်စရာ လိုအပ်တော့မည် မဟုတ်ပေ။ ရီချန်းဂျီနောက်သို့ လိုက်ကာ သူ၏ဉာဏ်ပညာကို ဖောက်စားရုံသာ လိုအပ်သည်။ ထို့ကြောင့် သူမသည် ရီချန်းဂျီအား မည်သည့်နေရာတွင်မှ အထင်မသေးရဲတော့ပဲ တလေးတစားနှင့် အားကိုးနေခဲ့ခြင်း ဖြစ်သည်။
နင်းမန်မန်း၏ စကားများကို နားထောင်ရင်း လုယန်ချီပင် ရယ်စရာကောင်းသည်ဟု တွေးနေရုံသာမက ဘေးမှကြားနေသည့် ခေါက်ယပ်တောင်ပိုင်ရှင်ပင် ယုံရခက်နေခဲ့သည်။ ဤကမ္ဘာပေါ်တွင် ထိုမျှ ကြောက်စရာကောင်းသည့် လူတစ်ယောက်ရှိနေခဲ့သည်လော။ သူမသည် ချဲ့ကားနေခြင်း မဟုတ်လော။
အစီအရင်ပညာရှင်၊ ပန်းပဲပညာရှင်တစ်ယောက်၏ ခွန်အားသည် အမြဲတမ်း အကန့်အသတ်ရှိသည်။ ထိုသို့သော လူတစ်ယောက်မှာ ထိုမျှ ကြီးကျယ်ခမ်းနားသည့် အရာအလုံးစုံကို အစွမ်းထက်ဖို့ မဖြစ်နိုင်ပေ။
၎င်းမှ နင်းမန်မန်း သူမ၏ နောက်တွင် အားကောင်းသူ တစ်ယောက် ရှိနေသည်ဟု ဟန်ဆောင်ကာ ငတုံးများကို လိမ်ညာဟန်ဆောင်ပြနေခြင်းသာ ဖြစ်ရပေမည်။
လုယန်ချီလည်း သိပ်မယုံပေ။ ထိုသို့သာ တကယ်ဖြစ်ခဲ့လျှင် ရီချန်းဂျီသည် နယ်ပယ်ပေါင်းစုံတွင် ထိုသို့ကြောက်စရာကောင်းသည့် အောင်မြင်မှုများ ရနိုင်ဖို့ မည်မျှ အချိန်များ ရင်းနှီးထားရမည်နည်း။
ထိုမျှ ထက်မြတ်သည့်သူကို ကောင်းကင်နှင်းနန်းတော်မှာပင် ရှာမတွေ့နိုင်ပေ။
နင်းမန်မန်းကို သူမ မယုံသည် မဟုတ်ပေ။ သူမ ပြောသောစကားသည် ရယ်စရာကောင်းလောက်အောင် ယုတ္တိမဲ့လွန်းနေခြင်း ဖြစ်သည်။ သူမ ယုံနိုင်စရာ အကြောင်းမရှိခဲ့ပေ။
နင်းမန်မန်းသည် သူတို့၏ သံသယမျက်နှာများကို ကြည့်ပြီး သိပ်ရှင်းပြမနေတော့ပေ။ အနာဂတ်မှာ ရီချန်းဂျီအား သူတို့ မျက်မြင်တွေ့လိုက်ရသည့်အခါ မည်မျှ ကြောက်စရာကောင်းသည်ကို သူတို့ သိသွားကြပေလိမ့်မည်။
သူမကိုယ်တိုင်လည်း မျက်စိနှင့် မြင်ခဲ့သည် မဟုတ်လျှင် ယုံမည်မဟုတ်ပေ။ ထို့အတူ ထိုကဲ့သို့သော ဆရာကိုလည်း သူမတစ်သက်တာလုံးကြိုးစားလျှင်ပင် ကျော်လွန်နိုင်မည် မဟုတ်တော့ပေ။
ပို၍ပင် ဒေါသဖြစ်စရာမှာ သူမ၏ ကျင့်ကြံမှု အရှိန်သည် အလွန်မြန်ဆန်နေပြီး ဖြစ်သည်။ သာမန်လူများနှင့် ယှဉ်လျှင် အဆရာနှင့်ချီ၍ သူမ၏ ကျင့်ကြံနှုန်းမှာ ပိုမြန်သည်။
သို့သော် ရီချန်းဂျီ၏ မျက်လုံးထဲတွင်တော့ သူမမှာ နှေးကွေးလွန်းလှသည်။
သူမအနားတွင် ရီချန်းဂျီမှာ တချိန်လုံး ဆူပူနေ၏။ ကျင့်ကြံမှု မကောင်းလျှင် ကောင်းကောင်း ကျင့်ကြံရမည်။ အရည်အချင်း မရှိလျှင် ပို၍ကြိုးစားရမည်။ အနာဂတ်တွင် သူမတို့သည် သူမတို့၏ ဆရာကို ကျော်လွန်နိုင်ရမည် စသဖြင့် တချိန်လုံး ဆူပူနေ၏။
ထိုအရာများကို ပြန်တွေးမိလျှင်တော့ ရီချန်းဂျီကို ပြန်တွေ့ရန်မှာ သူမ တစ်ကိုယ်လုံး အားမရှိတော့ဟုပင် ခံစားလိုက်ရသည်။
သူတို့မျက်လုံးထဲတွင် ရီချန်းဂျီသည် မိစ္ဆာကြီးတစ်ကောင် ဖြစ်သည်။ သူ၏ ကျင့်ကြံမှုမှာ အရူးအမူး မြင့်တက်နေသည်။ လမ်းလျှောက်ခြင်း၊ အစာစားခြင်း၊ ရေသောက်ခြင်း နှင့် အိပ်ခြင်းတို့ကို ပြုလုပ်နေရင်းနှင့်ပင် တိုးတက်ပြီးရင်း တိုးတက်လာနေခဲ့သည်။
သူမတို့ မည်သို့ ယှဥ်နိုင်မည်နည်း။ ၎င်းမှာ ဒေါသထွက်စရာပင်ဖြစ်သည်။
ရီချန်းဂျီအား ကျော်လွန်ရန်ဆိုသည်မှာ မဖြစ်နိုင်ပေ။ မည်သည့်အချိန်မှ ဖြစ်နိုင်မည် မဟုတ်ပေ။
ထိုအချိန်တွင်...
အသံတစ်သံသည် သူမ၏အတွေးများကို ချိုးဖျက်ပစ်လိုက်သည်။ မာနကြီးသည့် လူငယ်တစ်ယောက် လမ်းလျှောက်လာနေ၏။ သူ့လက်စွပ်တွင် ရှေးခေတ်ဓားသင်္ကေတတစ်ခုရှိသည်။
"ဒီခေါက်ယပ်တောင် ကျုပ် ယူလိုက်မယ်..."
သူသည် ကောင်တာဆီသို့ လျှောက်သွားပြီး နင်းမန်မန်းကို မကြည့်ပဲ လုယန်ချီကို ကြည့်ကာ ပြောလိုက်သည်။ သူ့မျက်လုံးထဲတွင် ထူးဆန်းသောအကြည့်တစ်ခု ပေါ်နေလေသည်။
ကောင်းကင်နှင်းနန်းတော်မှ လုယန်ချီသည် သူတော်စင်တစ်ပိုင်းအဆင့် ကျင့်ကြံမှုရှိပြီး ထူးချွန်ထက်မြက်သော အရည်အချင်းရှိသူတစ်ယောက်အဖြစ် သတ်မှတ်ခံထားရကြောင်း သူ သိထားသည်။
သို့သော် ဘေးမှအမျိုးသမီးငယ်ကို သူ ယခင်က မမြင်ဖူးပေ။ သူမသည် ကောင်းကင်နှင်းနန်းတော်မှပင်လော။
သူတော်စင်တစ်ပိုင်းအဆင့် သူ၏ ကျင့်ကြံမှုဖြင့် ဤအမျိုးသမီးငယ်၏ ကျင့်ကြံမှုအဆင့်ကို မမြင်နိုင်သဖြင့် သူ အံ့သြသွားမိသည်။ ဤအမျိုးသမီးငယ်၏ ကျင့်ကြံမှုသည် သူ့ထက်သာလွန်နေသည်လား။
မည်သို့ ဖြစ်နိုင်မည်နည်း။
"လီဖန်း... နင် ဘာလုပ်တာလဲ...." လုယန်ချီ၏ မျက်လုံးများတွင် အေးစက်သောအလင်းရောင်တစ်ခု လက်သွား၏။
နောက်ဆုံးတွင် ကောင်းကင်နှင်းနန်းတော်နှင့် ကန္တာရဓားဂိုဏ်းတို့သည် အဆင့်တူ အင်အားစုများ ဖြစ်ကြသည်။ အချို့သော အကျိုးအမြတ်များအတွက် ၎င်းတို့ကြားတွင် ပဋိပက္ခများ ရှိတတ်သည်။
ဂိုဏ်းနှစ်ဂိုဏ်း၏ တပည့်များသည်လည်း အချင်းချင်း မျက်နှာကြောမတည့်ကြပေ။ သူတို့နှစ်ဖွဲ့မှာ တစောင်းစေးနှင့် မျက်ချေးပမာပင် ဖြစ်သည်။
"နင် ဘာကိုပြောတာလဲ..."
သူတို့နှစ်ဦးသည် စျေးရောင်းသူ၏ ကောင်တာရှေ့တွင် ရန်စောင်နေကြစဉ် နင်းမန်မန်းသည် လီဖန်းအား အေးစက်စွာ ကြည့်နေခဲ့သည်။
သူမဝယ်ယူတော့မည် အချိန်မှာမှ တခြားတစ်ယောက် ရောက်လာပြီး ထိုယပ်တောင်အား ယူမည်ဟု လာပြောနေသည်။ သူမသည် သူမ၏ ဆရာအတွက် ထိုအရာကို ဝယ်မည်ဟု အရင်ပြောနေခဲ့ခြင်းဖြစ်သည်။
အခြားသူတစ်ဦးအား မည်သို့ပေးအပ်နိုင်မည်နည်း။
နင်းမန်မန်း၏ အကြည့်ကို ခံစားမိသဖြင့် လှည့်ကြည့်လိုက်လျှင် လီဖန်းသည် မည်သည့်အကြောင်းကြောင့်မသိ သူ့နှလုံးခုန်သံ မြန်သွားသလို ခံစားလိုက်ရသည်။
သူ၏ ကျင့်ကြံမှုသည် သူတော်စင်တစ်ပိုင်းအဆင့်တွင်ရှိပြီး သူသည် ကန္တာရဓားဂိုဏ်းတွင် ထိပ်တန်းအဆင့်တွင် တည်ရှိနေသူတစ်ဦးဖြစ်သည်။ ပါရမီရှင်တပည့်များနှင့် မနှိုင်းယှဉ်နိုင်သော်လည်း သူသည်လည်း ဂိုဏ်းအတွက် အရေးပါသော တပည့်အဖြစ် သတ်မှတ်ခံရဆဲဖြစ်သည်။
တစ်ချက်ကြည့်လိုက်ရုံနှင့် သူ့ကို ရင်တုန်အောင် မည်သူက လုပ်နိုင်မည်နည်း။ ပါရမီရှင် တပည့်များထံမှသာ ဤကဲ့သို့သောအဖြစ်ကို သူကြုံဖူးသည်။
သူမ၏ ကျင့်ကြံမှုသည် ချိုးဖြတ်ချင်းနယ်ပယ်သို့ ရောက်ရှိနေသူ ဖြစ်နိုင်မည်လော။
မဖြစ်နိုင်ပေ။ လုံးဝမဖြစ်နိုင်ပေ။!
ထိုအတွေးကို တွေးလိုက်မိသော်လည်း ချက်ချင်း ပယ်ချလိုက်သည်။
သူမလေးတွင် သူမ၏ ကျင့်ကြံမှုကို ဖုံးကွယ်ထားနိုင်သည့် မှော်ရတနာတစ်မျိုးမျိုး ရှိခြင်း ဖြစ်နိုင်သည်။ သူ့ထက်အတော်လေး ငယ်ရွယ်ဟန်ရသော မိန်းကလေးမှာ သူ့ထက် ကျင့်ကြံခြင်း တစ်ဆင့်လုံးလုံး သာလွန်နေသည်မှာ မည်သို့မျှ မဖြစ်နိုင်ပေ။
သူ၏ဂိုဏ်းမှ ပညာရှင်များစွာသည် ရတနာများကို ရှာဖွေရန် ဤနေရာတွင် ရောက်ရှိနေခဲ့ကြသည်။ မထင်မှတ်စရာ တစ်ခုခုဖြစ်သွားခဲ့ပင်လျှင် သူ့ဂိုဏ်းမှ အကြီးအကဲများက ဤနေရာကို အမြန်ရောက်လာနိုင်ကြပေလိမ့်မည်။
ထို့အပြင် သူ့ရှေ့ရှိအမျိုးသမီးငယ်သည် ချိုးဖြတ်ခြင်းနယ်ပယ် ကျင့်ကြံမှုရှိနေသည်ဟု သူမယုံခဲ့ပေ။
တကယ်တမ်းတွင် သူ့ရည်ရွယ်ချက်မှာ ခေါက်ယပ်တောင်ဝယ်ယူဖို့ မဟုတ်ပေ။ ကောင်းကင်နှင်းနန်းတော်မှ လုယန်ချီအတွက် ခက်ခဲသောအရာများ ဖြစ်စေရန်ဖြစ်သည်။ သူတို့ဂိုဏ်းက အသူရာနဂါးလျှို့ဝှက်နယ်မြေ ပေါ်ပေါက်လာတော့မည်ဆိုသည့် သတင်းကို ရရှိထားခဲ့သည်။
တည်နေရာမှာ မြောက်ပိုင်း အင်ပါယာမြို့တော်အနီးတွင် ဖြစ်သည်။
ထိုနေရာကို ဂိုဏ်းပေါင်းစုံ ရောက်ရှိလာပေတော့မည်။
သူ၏ရည်ရွယ်ချက်မှာ ကောင်းကင်နှင်းနန်းတော်မှ လူမည်မျှလာရောက်သည်ကို စမ်းသပ်ရန်ဖြစ်သည်။ တစ်ဖက်သား၏ အင်အားကို နားလည်မှသာလျှင် နောက်တစ်ဆင့်ကို သူတို့ လွယ်ကူစွာ တက်နိုင်မည်ဖြစ်သည်။
မိမိကိုယ်ကိုယ်နှင့် ရန်သူကို သိထားမှသာလျှင် တိုက်ပွဲတိုင်းကို အနိုင်ယူနိုင်မည်ဖြစ်သည်။
လုယန်ချီလည်း တွေးနေမိသည်။ အသူရာနဂါးလျှို့ဝှက်နယ်မြေကိုဖွင့်လိုက်သည်နှင့် သူတို့ဂိုဏ်းကလည်း လူများ အများကြီးရောက်လာပေတော့မည်။ မြောက်ပိုင်းဒေသမှ အဓိက ဂိုဏ်းများအားလုံးသည် ဤနေရာ၌ စုဝေးကြပြီး ဒဏ္ဍာရီလာ အခွင့်အရေးကို ရှာဖွေရန် ပြင်ဆင်နေကြသည်။
ဒဏ္ဍာရီအရ ရှေးခေတ်က အသူရာနဂါးသည် အလွန်အားကောင်းသော အင်ပါယာတစ်ပိုင်းအဆင့်၏ အထွတ်အထိပ်တွင် ရှိနေခဲ့သော ပညာရှင်တစ်ယောက်ဖြစ်သည်။
အသူရာနဂါးလျှို့ဝှက်နယ်မြေ အတွင်းတွင် အင်ပါယာအဆင့်ကို တက်ရောက်နိုင်မည့် လျှို့ဝှက်ချက် ရှိနိုင်သည်ဟု ဆိုကြသည်။
ထိုစကားကြောင့် လူတိုင်း ရူးသွပ်စွာ ရှာဖွေခဲ့ကြသည်။