အခန်း 233- ပုံမှန်မဟုတ်သော မိုးကြိုးကပ်ဘေး
“ခိုင်ခံ့တဲံနှလုံးသား... သန်မာတဲ့နှလုံးသား…” လီမန် တစ်စုံတစ်ခုကို နားလည်သွားသလို ခံစားလိုက်ရ၏။
ရီချန်းဂျီသည် သူ၏စကားများသည် လီမန်အား ပြန်လည်မွေးဖွားခြင်းအဆင့်၏ အတားအဆီးကိုဖြတ်ကျော်ကာ ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်ကို ရောက်ရှိသွားစေမည်ဟု မထင်ထားခဲ့ပေ။
သူ အနည်းငယ် အံ့သြသွားမိသေးသည်။
ယခင်ကတည်းက လီမန်၏ ပြဿနာကို သူ သတိထားမိသည်။ လီမန်သည် ပြန်လည်မွေးဖွားခြင်းအဆင့်၏ အထွတ်အထိပ်တွင်သာ ရှိနေရခြင်း အကြောင်းရင်းမှာ သူသည် ရှေ့သို့တိုးတက်ရန် သူ၏ စိတ်ခွန်အား ပျောက်ဆုံးသွားသောကြောင့်ဖြစ်သည်။
သူဘာကြောင့် ကျင့်ကြံခဲ့သည်လဲ။ သူ ဘာကြောင့် ပိုသန်မာလာရသည်လဲ။ ပန်းတိုင်မရှိလျှင် သူသည် လမ်းပျောက်နေသည့် သမုဒ္ဒရာထဲမှ လှေငယ်လေးတစ်စင်းလိုသာ ဖြစ်ပေသည်။
ကပ်ဘေးဖြတ်ကျော်ခြင်းနယ်ပယ်သို့ ရောက်ရှိရန် လူတစ်ဦးသည် သူ၏ ကျင့်ကြံမှု အခြေခံသာမက သူ၏စိတ်နေသဘောထားကိုလည်း မြှင့်တင်ရမည်ဖြစ်ပြီး သူ၏စိတ်ဝိညာဉ်ကို နူးညံသိမ့်မွေ့အောင် ပြုလုပ်ရပေမည်။
အခြေခံကျသော ပြောင်းလဲမှုတစ်ခုရှိမှသာလျှင် ကပ်ဘေးဖြတ်ကျော်ခြင်းနယ်ပယ်ကို ထိမိပြီး ကောင်းကင်ဘုံနှင့် လူသားတို့ တစ်သားတည်းအဖြစ်သို့ ရောက်ရှိနိုင်မည် ဖြစ်သည်။
ထိုအချိန်တွင် လီမန်၏ အော်ရာသည် တဟုန်ထိုး တက်လာပြီး သူ့မျက်လုံးများမှ မှိတ်တုတ်မှိတ်တုတ် အလင်းတန်းများ ထွက်ပေါ်လာနေလေသည်။ လီမန်မှာ ရီချန်းဂျီ၏ လက်ကို လေးနက်စွာ ဆုပ်ကိုင်လိုက်ပြီး ချက်ချင်း ဒူးထောက်ချလိုက်သည်။
နို့နှစ်ဖြူရောင် အလင်းတန်းတစ်ခု သူ့ခန္ဓာကိုယ်ပေါ်တွင် ထွက်ပေါ်လာပြီး တာအိုစွမ်းအင် အနည်းငယ်သည် သူ့ပတ်ဝန်းကျင်တွင် စီးဆင်းလာကာ လျှို့ဝှက်ဆန်းကြယ်သော အော်ရာတစ်ခု ထွက်ပေါ်လာလေသည်။
“ကြည့်စမ်း... ကောင်းကင်ကြီးက ဘာလို့ အရောင်ပြောင်းသွားတာလဲ...”
“ဟုတ်တယ်... ကောင်းကင်က ခုနက ကြည်လင်နေပေမယ့် မျက်စိတစ်မှိတ်အတွင်းမှာတင် တိမ်တွေ ဖုံးလွှမ်းသွားပြီး တိမ်တွေထဲမှာ မိုးကြိုးတွေတောင် လက်နေပါလား...!”
“သေစမ်း... ငါ ဒီအော်ရာကို မခံနိုင်တော့ဘူး... တကယ်ကို ကြောက်စရာကောင်းလွန်းတယ်...”
“သူ အဆင့်တက်ဖြတ်ကျော်တော့မယ်... ငါတို့ ခေါင်းဆောင်က ပြန်လည်မွေးဖွားခြင်းအဆင့်ရဲ့ အထွတ်အထိပ်မှာ ဆယ်နှစ်ကျော်ကြာအောင် ပိတ်ဆို့နေခဲ့တာ... စီနီယာရီရဲ့ စကားတစ်ခွန်းနဲ့ သူ ဖြတ်ကျော်သွားနိုင်ခဲ့တာပဲ...”
လူတိုင်းမှာ ကောင်းကင်တွင် အဆက်မပြတ်ပြောင်းလဲနေသည့် တိမ်မည်းများကို ကြည့်ပြီး သက်ပြင်းများရှိုက်လိုက်မိကြသည်။ ၎င်းမှာ ရိုးရှင်းစွာပင် ကြောက်စရာ ကောင်းလွန်းနေခဲ့သည်။
ထိုအခိုက်အတန့်တွင် သူတို့ ရီချန်းဂျီအား ရှုမြင်ပုံများ ပြောင်းလဲသွားတော့သည်။
စကားတစ်ခွန်းတည်းနှင့် လူတစ်ယောက်အား အဆင့်တက်ဖြတ်ကျော်သွားစေခဲ့သည်။
၎င်းမှာ သူတို့ ယခင်က တစ်ခါမျှ မမြင်ဖူးသည့် အရာမျိုး ဖြစ်သည်။ အခြားသူများကို သူတို့ ပြန်ပြောပြမည်ဆိုလျှင်ပင် မည်သူမျှ ယုံကြည်နိုင်မည်မဟုတ်ပေ။
လျှို့ဝှက်ဆန်းကြယ်လွန်းသည်။
သူတို့ကိုယ်တိုင် မျက်စိနှင့် မြင်နေခဲ့ရသည် မဟုတ်လျှင် ဤကဲ့သို့ ရယ်စရာကောင်းသည့် အခြေအနေအား မည်သို့မျှ ယုံနိုင်မည် မဟုတ်ပေ။
ရီချန်းဂျီမှာ မည်သူ ဖြစ်သနည်း။
သူသည် အလွန်ကြောက်စရာ ကောင်းလွန်းလှသည်။ သူတို့၏ မိသားစု အကြီးအကဲပင်လျှင် ထိုမျှ ခွန်အားမရှိခဲ့ပေ ။
ထိုအချိန်မှာပင် ကောင်းကင်ယံမှ ပေါက်ကွဲသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။ မရေမတွက်နိုင်သော မိုးကြိုးများသည် မှောင်မည်းနေသော တိမ်တိုက်များကြားတွင် ဖြာထွက်နေကာ ကမ္ဘာကြီးကိုပင် ဖျက်ဆီးနိုင်သည့် အော်ရာတစ်ခု ထွက်ပေါ်လာလေသည်။
မိုးကြိုးနတ်ဘုရားသည် ဤလောကသို့ ဆင်းသက်လာသကဲ့သို့ပင် ဖြစ်နေတော့သည်။
ပြင်းထန်သော အော်ရာတစ်ခုသည် အဖက်ဖက်မှ လွှမ်းခြုံလာပြီး သူတို့အား အသက်ရှူကြပ်လာအောင်ပင် ဖိနှိပ်ထားတော့သည်။ သူတို့ခြေထောက်များမှာ မတ်တပ်ရပ်နေရန် မတတ်နိုင်တော့ပဲ အလိုလို ဒူးထောက်ကျကုန်ကြတော့သည်။
ထိုခွန်အားမှာ သူတို့အတွက် အလွန်တရာ ကြောက်စရာကောင်းနေသော်လည်း ရီချန်းဂျီအတွက်ကတော့ ဖိအားနည်းနည်းလေးပင် ဖြစ်မလာခဲ့ပေ။
၎င်းမှာ လျှပ်စီးကပ်ဘေးတစ်ခုမျှသာဖြစ်သည်။ ကြီးကြီးမားမား ကိစ္စ မဟုတ်ပေ။
လက်ကို နောက်ပစ်ကာ ကျန် အဖွဲ့သားများ၏ ခန္ဓာကိုယ်ပေါ်တွင် အဖြူရောင်အလင်းလွှာတစ်ခု ဖြစ်ပေါ်စေကာ အကာအကွယ် ဖန်တီးပေးထားလိုက်သည်။
ထိုမှသာ သူတို့မှာ မိုးကြိုးကပ်ဘေးမှ ဖိအားများ ပျောက်ကွယ်သွားပြီး အနည်းငယ် သက်သာရာရသွားခဲ့ကြသည်။
နောက်ဆုံးတွင် သူတို့သည် ရီချန်းဂျီ၏ ခွန်အားကို နားလည်သွားခဲ့ပြီ ဖြစ်သည်။
ပုရွက်ဆိတ်များကို အလွယ်တကူ သတ်ခဲ့သည့် မီးတောက်များကို သူတို့ကို မယုံကြည်နိုင်ဘူးဆိုလျှင် ဆယ်နှစ်ကျော်ကြာပိတ်ဆို့နေခဲ့သည့် လီမန်၏ ပိတ်ဆို့မှုကို ဖြတ်ကျော်နိုင်စေသည့် စကားတစ်ခွန်းမှာ သူတို့အား ရီချန်းဂျီအား လုံးဝယုံကြည်သွားစေတော့သည်။
သူတို့၏ နှလုံးသားထဲတွင် ရီချန်းဂျီသည် အလွန်တရာအားကောင်းနေပြီး နတ်ဘုရားတစ်ပါးသဖွယ် ဖြစ်လာနေပြီ ဖြစ်သည်။
ထိုအချိန်မှာပင် ကောင်းကင်မှ မိုးကြိုးများ၏ အော်ရာမှာလည်း ပိုမိုပြင်းထန်လာနေသည်။ ထူထဲသော တိမ်တိုက်များအလယ်မှ လျှပ်စီးများမှာ မြေပြင်အား အချိန်မရွေး ရိုက်ခတ်နိုင်သကဲ့သို့ လင်းလက်နေလေသည်။
တကယ်တွင် ရီချန်းဂျီအတွက်မှာ ထိုတိမ်တိုက်လေးမှာ ကလေးကစားစရာအဆင့်သာ ရှိပြီး သူ့လက်တစ်ချက် ဝှေ့ယမ်းရုံနှင့်ပင် ဖယ်ရှားပစ်နိုင်သည်။
သို့သော် သူ ထိုသို့ မလုပ်နိုင်ပေ။
လျှပ်စီးကပ်ဘေးသည် စမ်းသပ်မှုတစ်ခုဟုသာ ဆိုသော်လည်း ၎င်းတွင် မရေမတွက်နိုင်သောအကျိုးကျေးဇူးများလည်း ရရှိနိုင်သည်။ ကပ်ဘေးကို ဖြတ်ကျော်သွားနိုင်သူများအတွက် မိုးကြိုးများသည် ၎င်းတို့၏ ရုပ်ခန္ဓာကို အားကောင်းစေပြီး ၎င်းတို့၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်ချီစွမ်းအင်ကို သန့်စင်စေနိုင်သည်။ သူတို့၏ ဝိညာဉ်များသည်ပင် စိတ်ကူးမယဉ်နိုင်သော အကျိုးကျေးဇူးများကို ရရှိနိုင်ပေသည်။
သို့သော် မိုးကြိုးကပ်ဘေးကို အောင်အောင်မြင်မြင်နှင့် ကျော်ဖြတ်နိုင်ရန်တော့ လိုအပ်သည်။ ရှေးခေတ်ကတည်းက ထိုအခက်အခဲကို မဖြတ်ကျော်နိုင်သဖြင့် မိုးကြိုးကပ်ဘေးအောက်တွင် သေဆုံးခဲ့ရသည့် လူများမှာ ရေပင် မရေတွက်နိုင်တော့ပေ။
၎င်းသည် နဂါးတံခါးဝသို့ ဝင်ရောက်နိုင်သည့် ပင်လယ်ပြင်မှ ငါး၏ အဖြစ်နှင့် တူပေမည်။
လီမန်သည် လျှပ်စီးကပ်ဘေးကို ဘေးကင်းစွာ ကျော်လွှားရန် ခွန်အားရှိကြောင်း သူ ယုံကြည်ခဲ့သည်။ ထို့ကြောင့် တည်ငြိမ်အေးဆေးသော အမူအရာနှင့် အသာစောင့်ကြည့်နေလိုက်သည်။
လီမန်၏ အော်ရာသည်လည်း ပိုမိုပြင်းထန်လာနေလေသည်။ သူ့ပတ်ဝန်းကျင်တွင် ပြင်းထန်သည့် အော်ရာများ ဖုံးလွှမ်းနေ၏။ သူသည် ပြန်လည်မွေးဖွားခြင်းနယ်ပယ်တွင် အချိန်အတော်ကြာ နေထိုင်ခဲ့ပြီး ကပ်ဘေးဖြတ်ကျော်ခြင်းနယ်ပယ်သို့ ရောက်ရှိလာခဲ့လေပြီ။
အောက်ဘက်ရှိ လီမန်အား ချိန်ရွယ်ကာ ကျဆင်းလာသော မိုးကြိုးတိမ်တိုက်များ၏ အော်ရာသည် ပိုမိုအားကောင်းလာသည်။
သိပ်မကြာခင်မှာပင် အပေါ်မှ လျှပ်စီးများမှာ အဆင်သင့်ဖြစ်သွားသည့်ဟန်နှင့် ကြီးမားသော လျှပ်စီးကြောင်းကြီးတစ်ခုသည် ထူထပ်သောတိမ်လွှာများကို ခွဲထွက်လာပြီး လီမန်ကို ပြင်းထန်စွာ ရိုက်ခတ်သွားခဲ့သည်။
လီမန်သည် သူ့ခန္ဓာကိုယ်ကို ပြင်းပြင်းထန်ထန် တိုက်ပွဲဝင်ရန် ရည်ရွယ်ချက်ဖြင့် မတ်မတ်ရပ်ကာ ကောင်းကင်ကို မော့ကြည့်နေပြီဖြစ်သည်။
“လခွမ်း.... ဒီမိုးကြိုးကြီးက ကြောက်စရာကောင်းလိုက်တာ....”
“ငါသာ အဲဒီနေရာမှာဆိုရင် လေထဲမှာတင် အငွေ့ပျံသွားမလား မသိဘူး... အကိုလီမန်ကော ခံနိုင်ရည် ရှိပါ့မလား...”
“အဓိပ္ပာယ်မရှိတာ... မင်းနဲ့ အကိုလီနဲ့ တူလို့လား... အကိုလီက သေချာပေါက် ဖြတ်ကျော်နိုင်မှာ....!”
“စိတ်မပူနဲ့... စီနီယာရီ ဒီမှာ ရှိနေတယ်လေ....”
“ဟုတ်သားပဲ...!”
လျှပ်စီးကြောင်းကြီး ပြိုကျလာသည်ကို တွေ့လိုက်ရလျှင် လီမန်အား အန္တရာယ်ကြုံမည်ကို စိုးရိမ်ကာ တစ်ယောက် တစ်ပေါက် ပြောနေကြလေသည်။
လီမန်သည် လူကောင်းတစ်ယောက်ဖြစ်သည်။ သူသည် လူတိုင်းကို ဂရုစိုက်ပြီး သူတို့အပေါ် လေးစားချစ်ခင်မှု၊ အနစ်နာခံတတ်သော စိတ်သဘောထားရှိသည်။
ထို့ကြောင့် လီမန် အန္တရာယ်ရှိနေသည်ကို တွေ့လိုက်ရချိန်တွင် အားလုံး၏ မျက်လုံးများမှာ စိုးရိမ်ပူပန်မှုများနှင့် ပြည့်နှက်နေတော့သည်။
သို့သော် ဤနေရာတွင် ရီချန်းဂျီရှိနေသည်။ ရီချန်းဂျီရှိနေလျှင် မည်သည့်အရာများ ဖြစ်နိုင်မည်နည်း။ ဤကပ်ဘေးမှာ ရီချန်းဂျီအတွက် မုန့်စားသလောက်သာ ရှိမည်ကို သဘောပေါက်ထားကြသဖြင့် အလွန်အမင်း စိုးရိမ်ကြခြင်းတော့ မရှိပေ။
အချိန်ကြာလာသည်နှင့်အမျှ လီမန်သည် လျှပ်စီးကြောင်းငါးခုကို ခံနိုင်ရည် ရှိနေခဲ့ပြီ ဖြစ်သည်။ သူ့အင်္ကျီတွင် သွေးအနည်းငယ် စွန်းထင်းနေသော်လည်း ၎င်းမှာ အပေါ်ယံဒဏ်ရာများသာ ဖြစ်ပေသည်။
ထိုအစား သူသည် များများတိုက်လေလေ ရဲရင့်လာလေလေဖြစ်သည်။ လီမန်ထံတွင် ပညာရှင်တစ်ဦး၏ အော်ရာများ ထွက်ပေါ်လာနေခဲ့လေပြီ ဖြစ်သည်။
ထိုအချိန်တွင် ဆဋ္ဌမမြောက် လျှပ်စီးကြောင်းသည် အချိန်အတော်ကြာအောင် ကျဆင်းမလာတော့ပေ။ ၎င်းသည် စွမ်းအားပို၍ စုဆောင်းနေသကဲ့သို့ ကောင်းကင်တွင် ဆက်တိုက် ဟိုမှသည် လင်းလက်ကာ စီးဆင်းနေခဲ့သည်။
လူတိုင်းသိကြသည်မှာ ဤကမ္ဘာပေါ်တွင် ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်ကို အောင်အောင်မြင်မြင်ရောက်ရှိနိုင်ရန် လျှပ်စီးကြောင်းခုနစ်ခုကို ခံနိုင်ရမည်ဖြစ်သည်။
ထိုလျှပ်စီးကြောင်း ခုနစ်ခုတွင် ပထမ လျှပ်စီးကြောင်း ခြောက်ခုသည် ဆက်တိုက် ကျဆင်းလာလေ့ ရှိသည်။ ခုနစ်ခုမြောက် လျှပ်စီးကြောင်းကျလာမှသာ အတန်ကြာ ရပ်တန့်ပြီး အပြင်းထန်ဆုံးအချက်အဖြစ် အားယူလေ့ရှိသည်။
၎င်းမှာ မိုးကြိုးကပ်ဘေး၏ နောက်ဆုံးစမ်းသပ်ချက်ဖြစ်ပြီး အပြင်းထန်ဆုံးလည်း ဖြစ်သည်။
ထိုရိုက်ချက်ကို ခံနိုင်သရွေ့ ကမ္ဘာကြီးပေါ်တွင် သူတို့ လက်မထောင်နိုင်ပေလိမ့်မည်။
သို့သော် ယခုတော့ သူတို့၏ မျက်စိရှေ့တွင် ဆဋ္ဌမမြောက် မိုးကြိုးသည် သတ္တမမြောက် မိုးကြိုးနှင့် အလားတူဖြစ်စဉ်မျိုး ဖြစ်နေခဲ့သည်။ ၎င်းမှာ အနည်းငယ်တော့ ထူးခြားနေခဲ့သည်။
လီမန်လည်း စိတ်ရှုပ်နေခဲ့သည်။ သူ ပြန်လည်မွေးဖွားခြင်းနယ်ပယ်ကို ရောက်ပြီးကတည်းက ကပ်ဘေးဖြတ်ကျော်ခြင်းနယ်ပယ်ကို ဖြတ်ကျော်ဖို့သာ ပြင်ဆင်နေခဲ့သည်။ ထို့ကြောင့် လျှပ်စီးကြောင်း မည်မျှရှိ၍ မည်သည့်အချက်သည် အပြင်းထန်ဆုံးဖြစ်သည်ကို သူ ရှင်းရှင်းလင်းလင်း မှတ်မိသည်။
သို့သော်လည်း ယခု သူ့ရှေ့မှ မြင်ကွင်းမှာ သူ့နားလည်မှုထက် ကျော်လွန်နေခဲ့သည်။
တခြားသူများလည်း စိတ်ရှုပ်နေကြတော့သည်။
ထိုအချိန်တွင် ရီချန်းဂျီသည် မျက်လုံးများကျဥ်းသွားကာ ကောင်းကင်ရှိ ကပ်ဘေးတိမ်တိုက်များကို ကြည့်နေလေသည်။
“ဒါဆိုလည်း ဒီလိုပဲပေါ့...”