အခန်း 220- အကြပ်အတည်းကြားမှတိုက်ပွဲ
မိုဝူသည် ငတုံးမဟုတ်ပေ။
နတ်ဘုရားနယ်ပယ်အထိ ကျင့်ကြံနိုင်ခဲ့သည့် သူ့တွင် ဘဝအတွေ့အကြုံများသည် အလွန်ကျယ်ကျယ်ပြန့်ပြန့် ရှိသည်ဟု ဆိုနိုင်သည်။ သူလုပ်နိုင်သည့် အတိုင်းအတာကို သူနားလည်ထားပေသည်။
ယခုအချိန်တွင် သူ၏အဓိကတာဝန်မှာ ဤကမ္ဘာ့အဖိုးတန်ဆုံးရတနာဖြစ်သည့် လူသားတောင်တန်းတံဆိပ်တုံးကို ကာကွယ်ရန်ဖြစ်ကြောင်း သူနားလည်ထားသည်။
ဤသည်မှာ သူ့အထက်လူများမှ ပေးအပ်သော တာဝန်တစ်ခုသာမကပေ။ ၎င်းသည် နှစ်ပေါင်းများစွာ ပင်ပင်ပန်းပန်းနှင့် သူ ပြီးမြောက်အောင် လုပ်ဆောင်နေခဲ့သော အလုပ်တစ်ခုလည်း ဖြစ်သည်။
သူသည် ဤအရာအတွက် အောက်ကမ္ဘာတွင် နှစ်ပေါင်းရာနှင့်ချီ၍ နေထိုင်ခဲ့ရပြီးဖြစ်သည်။
အထက်ကမ္ဘာတွင် ရရှိခံစားနိုင်သည့် ကြွယ်ဝသော အရင်းအမြစ်များကို ဤ တာဝန်အတွက် စွန့်လွှတ်ခဲ့သည်။
သူသည် ဤတာဝန်ကို ပြီးမြောက်ရန်သက်သက် အောက်ကမ္ဘာသို့ လာနေခဲ့ရသည်။
ဤတာဝန်ကို ယူခဲ့ခြင်းအတွက် သူသည် နတ်ဘုရားနယ်ပယ်သို့ တည်တည်ငြိမ်ငြိမ်ဖြတ်ကျော်ခွင့်ရခဲ့သည်။
သူ၏ ဒုတိယအကိုနှင့် အကိုကြီးတို့ကိုလည်း နတ်ဘုရားနယ်ပယ်သို့ ရောက်အောင် ဆွဲတင်နိုင်ခဲ့သည်။ ထိုနည်းဖြင့် မိုမိသားစုသည် ကောင်းကင်နတ်ဆိုးဂိုဏ်းနှင့် ထာဝရလက်တွဲနိုင်မည်ဖြစ်ပြီး မဟာရှကမ္ဘာတွင် ခြေကုပ်ယူနိုင်ကာ ကြီးမားသော ကျင့်ကြံခြင်းခံမိသားစုဖြစ်လာနိုင်မည် ဖြစ်သည်။
သို့သော် ဤတာဝန်ကျရှုံးခဲ့လျှင်တော့ သူ နှစ်ရာနှင့်ချီကာ ကြိုးစားခဲ့ရသည်များအားလုံး သဲထဲရေသွန် အချည်းနှီး ဖြစ်ရပေတော့မည်။
နှစ်ရာနှင့်ချီသော အချိန်များကို ဖြုန်းတီးပစ်ရုံသာမက နတ်ဆိုးသခင်၏ ဆုလာဘ်ကိုလည်း ရယူနိုင်မည်မဟုတ်တော့ပေ။
ကြီးလေးသည့် ပြစ်ဒဏ်ပင် ခံရပေလိမ့်မည်။
ဤသည်မှာ မိုမိသားစုတစ်ခုလုံးအတွက် ကြီးစွာသော ထိုးနှက်ချက်ဖြစ်လာပေမည်။
ထို့ကြောင့် မိုဝူသည် ယခုအခြေအနေကို ရှောင်ရှားရန် အတတ်နိုင်ဆုံး ကြိုးစားနေခဲ့သည်။
ယခင်က သူသည် လူများကို လျစ်လျူရှုခဲ့ဖူးသည်။ ယခုတော့ သူ၏ အနီးဆုံးမျိုးဆက်ဖြစ်သူသည် ဤအရေးကြီးသောအချိန်တွင် ပြဿနာကို အမှန်တကယ်ရွေးချယ်လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
ယခု အခြေအနေမှာ အလွန်ဆိုးသည်ဟု ပြောလို့ရပေသည်။ ကောင်းကင်နှင့် မြေကြီး၏ ထူးဆန်းသော ရတနာသည် ရင့်ကျက်လာတော့မည်ဖြစ်ကာ ၎င်းကို လုမည့် ရန်သူများလည်း ရောက်နေပြီ ဖြစ်ကာ သူကာကွယ်နိုင်ရန် လိုအပ်သည်။
ရန်သူများမှာ မည်သူများနည်းဆိုသည်ကိုပင် သူ သေချာမသိရသေးပေ။
အတွင်းစိတ်နတ်ဆိုးဂိုဏ်းမှ အကြီးအကဲတစ်ဦးသာ အမှန်တကယ် ရှိနေသလား။ သို့မဟုတ် တခြားသူများလည်း ရှိနေသေးသလား။ ဘာကိုမှ သူ မသိနိုင်ပေ။
နောက်ဆုံးတွင် ဤကမ္ဘာ့တန်ဖိုးအရှိဆုံးရတနာဖြစ်သော လူသားတောင်တန်းတံဆိပ်သည် အလွန်ထူးခြားသောကြောင့် နတ်ဆိုးသခင်ပင် သွေးဆောင်ခြင်းခံခဲ့ရသည်။
အတွင်းစိတ်နတ်ဆိုးဂိုဏ်း တစ်ခုလုံး အင်အားအပြည့်နှင့် ထွက်လာသည် ဆိုလျှင်ပင် နားလည်နိုင်ပေသည်။
သို့သော် ပြုပြင်ပြောင်းလဲရန် အချိန်မနှောင်းသေးပေ။
ဉာဏ်ကောင်းဆုံးဖြစ်သည့်အစ်ကိုကြီးမိုရှောင်သည် အတွင်းစိတ်နတ်ဆိုးဂိုဏ်း၏ လျှို့ဝှက်နည်းစနစ်များကြောင့် လှုပ်ရှားနိုင်စွမ်း ဆုံးရှုံးသွားခဲ့ပြီဖြစ်သည်။
သူကိုယ်တိုင်သာ အားကိုးကာ ဆုံးဖြတ်ရပေတော့မည်။
ဒုတိယအစ်ကိုကိုလည်း အားမကိုးနိုင်ပေ။
ယခုအချိန်တွင် သူ့အတွက် အသင့်တော်ဆုံးအရာမှာ ပြန်လည်တိုက်ခိုက်ဖို့သာ ဖြစ်သည်။
အတန်ကြာတုံ့ဆိုင်းနေပြီးနောက် မိုဝူသည် သူ့နှလုံးသားအတိုင်း ပြန်လည်တိုက်ခိုက်ဖို့ကိုသာ ဆုံးဖြတ်ခဲ့သည်။ သူ တတ်နိုင်သရွေ့ ကြိုးစားတိုက်ခိုက်ပြီး ဂိုဏ်းကို သူ့အခြေအနေများ ပေးပို့ကာ အကူအညီတောင်းခံမည်။ သည်အတိုင်း တစ်ဖက်လူများ၏ တိုက်ခိုက်ခြင်းကို ထိုင်စောင့်နေရသည်မှာ အဓိပ္ပာယ်မရှိတော့ပေ။
ရရှိမည့် ဆုလာဘ်အချို့ကို မျှဝေရလျှင်ပင် အရေးမကြီးပေ။ အပြစ်ပေးခံရသည်ထက် ပိုကောင်းပေဦးမည်။
ထိုအရာများကိုတွေးပြီးနောက် ချက်ချင်းပင် မိုဝူ ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူလိုက်သည်။
ထို့နောက် သူ ချိုးချေပစ်လိုက်သည်။
တပြိုင်နက် နတ်ဆိုးသခင်၏ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ ပေါ်ထွက်လာလေသည်။
လေထုထဲတွင် စိတ်အားငယ်ခြင်း ရက်စက်ယုတ်မာခြင်း အငွေ့အသက်တို့ဖြင့် ပြည့်နှက်သွား၏။
"ဘာကိစ်စလဲ..."
နတ်ဆိုးသခင်၏ တိုတိုတုတ်တုတ် စကားလုံးများတွင် စိတ်ခံစားချက် လုံးဝရှိပုံမပေါ်ပေ။
“နတ်ဆိုးသခင်ထံ အစီရင်ခံပါတယ်.... လူသားတောင်တန်းတံဆိပ်တုံးဟာ အခုဆိုရင် အပြည့်အဝ ဖွဲ့စည်းဖြစ်တည်လာပါတော့မယ်... လူ တော်တော်များများက ဒါကို မျက်စိကျနေကြပါတယ်,,,”
"ဂိုဏ်းချုပ် ကျေးဇူးပြုပြီး လှုပ်ရှားပါ..."
မိုဝူ၏ လေသံသည် မိုယွမ်နှင့် စကားပြောသောအခါတုန်းကဲ့သို့ မာနကြီးနေခြင်းများ လုံးဝမရှိပဲ သူ့လေသံမှာ ပုံမှန်ထက်ပင် များစွာ နိမ့်ကျနေလေသည်။
အလွန်စိတ်မလုံနေပုံရလေသည်။
နတ်ဆိုးသခင်၏ ကျင့်ကြံမှုကို အနှောင့်အယှက်ဖြစ်စေရန် ဤကဲ့သို့သော ကိစ္စမျိုးကို ဖြစ်ခွင့်ပြုလိုက်သည့်အတွက် သူသည် အပြစ်တင်ခံရမည်မှာ သေချာသည်။
သူ့ရိုရိုကျိုးကျိုးတောင်းပန်လျှင် အပြစ်ဒဏ်မှာ အနည်းငယ် ပေါ့ပါးနိုင်ပေလိမ့်ဦးမည်။
“ဒီလိုအသေးအမွှားကိစ္စတွေကိုတောင် ကောင်းကောင်းမကိုင်တွယ်နိုင်ဘူးပဲ... အမှိုက်တွေ....!"
နတ်ဆိုးသခင်၏ အသံသည် အလွန်တရာ အေးစက်နေပြီး ကမ္ဘာ့ရတနာတစ်ခု ပျောက်ကွယ်သွားနိုင်မည့် ဖြစ်ရပ်ကြောင့် သူ၏ ကျင့်ကြံမှုကို အနှောက်အယှက်အဖြစ်ခံမည့်ပုံ မပေါ်ခဲ့ပေ။
ထို့အပြင် အေးစက်စွာနှင့် မိုဝူကိုပင် ဤကိစ္စမျှလောက်ကို ဖြစ်အောင် မလုပ်ဆောင်နိုင်သည့်အတွက် အပြစ်တင်ရှုတ်ချခဲ့သည်။
သူ့မျက်လုံးထဲတွင်ဤမျှလောက်သော တာဝန်သည် မည်သူမျှ မလွဲမသွေ လုပ်ဆောင်နိုင်သော အလုပ်ဖြစ်သည်။
ထိုမျှလောက်ပင် အသုံးမကျပါက နတ်ဆိုးသခင်ဖြစ်သူ သူနှင့် မည်သို့ ပတ်သက်မည်နည်း။
“ဟုတ်ပါတယ်... အတွင်းစိတ်နတ်ဆိုးဂိုဏ်းရဲ့ အကြီးအကဲက ကျွန်တော်တို့ နန်းတော်ထဲအထိ ဖောက်ဝင်ပြီး ကျုပ်တို့ကို သူလျှိုထည့်ပြီး အဆိပ်ခတ်ခဲ့ပါတယ်... သူ့ရဲ့ အတင့်ရဲတဲ့ ပုံစံကို ကြည့်ရတာ သူတို့ဂိုဏ်းချုပ်က ရှေ့ကို ခြေတစ်လှမ်း ကြိုလှမ်းနေတာ ဖြစ်နိုင်ပါတယ်...”
သူ့တာဝန်ကို ကျရှုံးခဲ့သည့် မိုဝူမှာ ခပ်ပေါ့ပေါ့မနေရဲပေ။ သူသည် နတ်ဆိုးသခင်၏ ဆုံးဖြတ်မှုကိုသာ စောင့်ဆိုင်းနေနိုင်သည်။
တစ်ချိန်တည်းမှာပင် သူကြုံတွေ့ခဲ့ရသည့် ပြဿနာကို အမြန်ရှင်းပြခဲ့သည်။
သူသည် နတ်ဆိုးသခင်အား နောက်ကျမနေခဲ့စေရန် ခေါ်ဆိုချင်ခဲ့သည်။
မည်သို့ပင်ဆိုစေ အတွင်းစိတ်နတ်ဆိုးဂိုဏ်းသည် နတ်ဆိုးဂိုဏ်းအားလုံးထဲတွင် အားအကောင်းဆုံးဂိုဏ်းဖြစ်သော ကောင်းကင်နတ်ဆိုးဂိုဏ်းမှ ပိုင်ဆိုင်သည့် ရတနာကို ပြောင်ပြောင်တင်းတင်း လုယူရဲသည်။
၎င်းမှာ မိုဝူကို စိတ်ရှုပ်ထွေးနေစေသည်။
ထိုအရာကို သတိထားဖို့ ဂိုဏ်းချုပ်ကို သတင်းပို့ရပေမည်။
"အဲဒါ ဘာဖြစ်သလဲ... မင်း ဒီနယ်ပယ်ကို ရောက်လာရင် မင်းခြေလှမ်းလှမ်းလိုက်တိုင်း မင်းရဲ့ ခွန်အားတိုးတက်မှုဟာ ကြောက်စရာကောင်းနေလိမ့်မယ်ဆိုတာ မင်း သိလိမ့်မယ်..."
"ဟိုသောက်ကောင်က အခုမှ နယ်ပယ်အသစ်ကို တက်လာတာကို ငါ့ကို လာနှောက်ယှက်ရဲတယ်... သေချင်နေတာလား...!”
"ငါ အဲဒီကို လာမယ်...."
အတွင်းစိတ်နတ်ဆိုးဂိုဏ်းတွင် သူနှင့်တူညီသောအဆင့်မှ ကျွမ်းကျင်သူတစ်ဦးရှိနိုင်သည်ဟု ကြားသိရသော် နတ်ဆိုးသခင်သည် ရှားရှားပါးပါး တိုက်ခိုက်လိုစိတ်ပြင်းထန်နေခဲ့သည်။
အထင်အမြင်သေးခြင်း။
သူ့စကားများတွင် အထင်သေးခြင်းများနှင့် ပြည့်နှက်နေသည်။
အဆင့်တက်သွားသည် ဆိုသည်နှင့် ထို အတွင်းစိတ်နတ်ဆိုးဂိုဏ်းမှ လူက နတ်ဆိုးဂိုဏ်းများ၏ နံပါတ်တစ်ဂိုဏ်းကို ရန်စရဲသည်လား။
ထိုလုပ်ရပ်ကို လုပ်ရဲသူမှာ သေချင်နေသည်သာ ဖြစ်ရပေမည်။ ထိုသို့ဆိုလျှင် သူကလည်း ထိုဆန္ဒကို ဖြည့်ဆည်းပေးရပေမည်။
မိုဝူ၏ စကားဆက်ရန်ကိုပင် စောင့်ဆိုင်းမနေဘဲ နတ်ဆိုးသခင်သည် ကျောက်စိမ်းပြားမှ ပုံရိပ်ကို ဖြတ်တောက်ပစ်လိုက်သည်။
သူ့အား ဒုက္ခဖြစ်စေသည့် ထိုအတွင်းစိတ်နတ်ဆိုးဂိုဏ်းကို သူကိုယ်တိုင် ကိုင်တွယ်တော့မည် ပုံပင် ဖြစ်သည်။
မိုဝူ သူ့ဟာသူ တွေးနေမိသည်။
ထို့နောက် သူသည် ပတ်ဝန်းကျင်ကို လှည့ပတ်ကြည့်ကာ ကြည်လင်သော အသံဖြင့် ပြောလိုက်သည်။
"ဟား ဟား.... ကျောက်နန်... မင်းရဲ့အတွင်းစိတ်နတ်ဆိုးဂိုဏ်းက ငါတို့ နတ်ဆိုးသခင်ရဲ့ ဒေါသကို ဘယ်လို ခံနိုင်ရည်ရှိမလဲဆိုတာ ငါကြည့်ချင်တယ်...."
"ခံနိုင်ရည်ရှိရမယ် ဟုတ်လား... မင်းတို့ရဲ့ နတ်ဆိုးသခင် အသက်ရှင်ရက် ပြန်နိုင်ပါစေလို့ မင်းဆုတောင်းတာ ပိုကောင်းမယ်...!”
အဝေးမှ အသံတစ်ခု ထွက်ပေါ်လာ၏။ ကျောက်နန် ရုတ်တရက် တိုက်ခိုက်လိုက်သည်။ နတ်ဘုရားအထွတ်အထိပ်အဆင့်၏ အော်ရာသည် အလွန်ကြောက်စရာကောင်းလှသည်။
ကျောက်နန်၏ ခန္ဓာကိုယ်သည် ပိန်ချည့်ချည့်ဖြစ်နေပြီး သူသည် မိုဝူထက် များစွာ အသက်ကြီးနေပုံရလေသည်။
တကယ်လည်း ကျောက်နန်က မိုဝူထက် အသက်တော်တော်ကြီးနေပြီဖြစ်သည်။ မိုဝူ စတင် ကျင့်ကြံခဲ့သည့် အချိန်တွင် ကျောက်နန်သည် နတ်ဆိုးဂိုဏ်းများတွင် အနည်းငယ်ကျော်ကြားသော ကျွမ်းကျင်သူဖြစ်နေပြီ ဖြစ်သည်။
ဤသည်မှာ ကျင့်ကြံသူအများစု၏ မျက်နှာသည် ငယ်ရွယ်သောအနေအထားတွင် ထိန်းသိမ်းထားသောကြောင့်သာဖြစ်ပြီး အသက်ကြီး၍ သေလုမျောပါးရုပ်ဖြစ်နေသော လူများမှာ အလွန်နည်းပါးသည်။
တစ်ခေါင်းလုံး ဆံပင်ဖြူများ ပြည့်နေသည့် အဘိုးကြီးပင် ငယ်ရွယ်နုပျိုသည့် အသွင်အပြင် ရှိနိုင်ပေသည်။
ကျောက်နန်၏ ခန္ဓာကိုယ်သည် ပိန့်ချည့်နေသော်လည်း သူ၏ တိုက်ခိုက်မှုများမှာ အလွန်ပြင်းထန်နေပေသည်။
သူသည် သူ၏ကျော်ကြားသော လက်နက်ဖြစ်သည့် အတွင်းစိတ်နတ်ဆိုးအလံကို တိုက်ရိုက်အသက်သွင်းခဲ့လိုက်သည်။
ချက်ချင်းပင် မိုဝူ၏နှလုံးသားသည် တုန်လှုပ်သွားကာ သူ့စိတ်ထဲတွင် နတ်ဆိုးအရိပ် အမျိုးမျိုးနှင့် ပြည့်နှက်သွားတော့သည်။
သူ၏ တာအိုနှလုံးသားသည်လည်း ဖုန်မှုန့်များဖြင့် ဖုံးလွှမ်းသွား၏။
သူ့အတွေးများကလည်း အလွန်တရာနှေးကွေးလာလေသည်။
မိုဝူသည် နတ်ဘုရားနယ်ပယ်တွင်လည်း ရှိနေသော်လည်း သူ့ကို အတွင်းစိတ်နတ်ဆိုးမျိုးစေ့က ကန့်သတ်ထားသောကြောင့် သူ၏ ကျင့်ကြံမှုကို ထုတ်ဖော်၍ မရပေ။ မဟုတ်လျှင် သူလည်း သူ့အကိုအကြီးဆုံးနောက်သို့ လိုက်ကာ လူသားသစ်ပင် ဖြစ်သွားပေလိမ့်မည်။
ခုခံရန် သူ၏ ဝိညာဉ်အာရုံကိုသာ အားကိုးနေရလေသည်။
ဘေးနားတွင်ရှိနေသည့် မိုဝမ်သည် သူ့ညီဖြစ်သူ ကျောက်နန်၏ လိုက်လံတိုက်ခြင်း ခံနေရသည်ကို မြင်လိုက်ရသောကြောင့် ညီဖြစ်သူ ကျောက်နန်ကို အနိုင်ယူရန် ကူညီရန် ကျင့်စဥ်ကို ချက်ချင်း ထုတ်ဖော်ခဲ့လိုက်သည်။
သူ့ညီငယ်၏ အတွေးများကို ခံစားလိုက်ရသဖြင့် စကားပြောလှုပ်ရှားနိုင်စွမ်းမရှိတော့သော မိုရှောင်မှာ သူ့နှလုံးသားထဲတွင် ‘မှော်အစွမ်းကို မသုံးနဲ့.... မှော်စွမ်းအားကို မသုံးနဲ့...!’ ဟုသာ အော်ဟစ်နေရလေတော့သည်။
မိုဝူသည် ကျောက်နန်၏ တိုက်ခိုက်မှုကြောင့် နှေးကွေးနေသော သူ၏အသိစိတ်များကို တွန်းလှန်နေရင်း မှော်စွမ်းအားကို အသုံးချရန်ပြင်နေသော မိုဝမ်အား တားဆီးလိုက်ရသည်။
“အသုံးမပြုနဲ့... မှော်စွမ်းအား... နှလုံးသား... နတ်ဆိုးမျိုးစေ့..."
ထိုအခါမှ မိုဝမ်သည်လည်း သတိဝင်လာကာ တတိယညီဖြစ်သူ မိုဝူအား အလျင်အမြန် တုပကာ သူ၏ဝိညာဉ်အာရုံများကို စတင်အသက်သွင်းခဲ့လိုက်တော့သည်။
ကံကောင်းထောက်မစွာဖြင့် မိုဝမ်၏ တိုက်ခိုက်ရေးနည်းလမ်းများသည် ဝိညာဉ်အာရုံများနှင့် ဆက်နွှယ်နေသဖြင့် သူ၏ တိုက်ခိုက်ရေးနည်းများကို မှန်းဆ၍မရပဲ သက်ရောက်မှု အနည်းငယ် ရှိခဲ့သည်။
၎င်းမှာ မိုဝူကို အသက်ရှူခွင့် ပေးခဲ့လိုက်နိုင်သည်။
ဘေးမှာရပ်နေသည့် မိုယွမ်မှာ အခြေအနေများမှာ မကောင်းတော့သည်ကို မြင်နေရ၏။ မိုဝမ်နှင့် မိုဝူတို့သည် ကျောက်နန်၏တိုက်ခိုက်မှုကို အမှန်တကယ် တားဆီးနိုင်ခဲ့ကြသည်။
သူဖမ်းကိုင်ထားသည့် မိုလင်ကို ဖယ်လိုက်ပြီး မိုရှောင် အနားကို ပြေးသွားလိုက်သည်။
“အဲဒီနေရာမှာ ရပ်လိုက်ကြ... ခင်ဗျားတို့ ဆက်တိုက်ခိုက်ရဲရင် ကျုပ် မိုရှောင်ကို ချက်ချင်းသတ်ပစ်မယ်....!"
မိုဝူမှာ သူ့ကို တစ်ချက်သာ ကြည့်ပြီး လုံးဝ ဂရုမစိုက်တော့ပေ။
ထိုအချိန်မှာ အရူးတစ်ယောက်သာ ထိုကဲ့သို့အရူးတစ်ယောက်၏ စကားကို နားထောင်ပေမည်။
ရပ်တန့်ရမည်... ပြန်မတိုက်ခိုက်ပဲ နေရမည်...
သူတို့ မည်သို့ လုပ်မည်နည်း။ ၎င်းမှာ သူတို့ သုံးယောက်လုံးအား အသတ်ခံရန်စောင့်ဆိုင်းနေသည့် သိုးငယ်လေးများ အဖြစ်သို့ ရောက်ရှိသွားစေမည် မဟုတ်တုံ့လော။
မိမိ သေခြင်းရှင်ခြင်းကို တခြားသူဆီမှာ အပ်ထားရမည်မှာ... မိုဝူနှင့် မိုဝမ်သည် ထိုမျှမမိုက်မဲပေ။
သူတို့သည် ကျောက်နန်၏ တိုက်ခိုက်မှုကို တားဆီးရန် အတူတကွ ဆက်လက်လုပ်ဆောင်ခဲ့ကြပြီး မိုယွမ်ကို တိုက်ခိုက်ရန်ပင် အခါအားလျော်စွာ အချိန်ယူနိုင်ခဲ့ကြသည်။
မိုယွမ်သည် ယခုအချိန်တွင် အလွန်ဆိုးရွားသော အခြေအနေတွင် ရှိနေလေသည်။ သူသည် မိုရှောင်ကို သတ်လည်းမသတ်နိုင် လွှတ်လည်း မပေးနိုင်ပေ။
သို့သော် သူ့လက်မှ လွတ်မြောက်သွားသော မိုလင်သည်လည်း မိုယွမ်နှင့် ချက်ချင်း အဝေးသိ့ ထွက်ပြေးသွားခဲ့သည်။
သူမသည် တိုက်ပွဲဖြစ်နေရာမှ ပေသုံးဆယ်အကွာသို့ ထွက်ပြေးသွားပြီး တိုက်ပွဲကို စောင့်ကြည့်နေခဲ့သည်။
နှစ်ဖက်လုံးမှာ အနည်းငယ်လှမ်းသော်လည်း သိပ်မဝေးသည့်နေရာဖြစ်သည်။
သူမသည် ထွက်ပြေးရန်အဆင့်သင်ပြင်ထားခဲ့သည်။ မဟုတ်လျှင် သူမ ပြန်အဖမ်းခံရလျှင် တော်ရုံနှင့် လွတ်တော့မည် မဟုတ်ပေ။