အခန်း 214- အချက်အလက်များရှာဖွေခြင်း
နင်းမန်မန်းသည် ရီချန်းဂျီ၏လက်ကို တစ်ညလုံး ဆုပ်ကိုင်ထားခဲ့သည်။
သူမသည် မည်သည့်အရာအတွက်နှင့်မျှ ဤလက်ကို စွန့်လွှတ်မည် မဟုတ်ဟုပင် ထင်ရ၏။
ကြက်တွန်သံ၊ ငှက်အော်သံတို့နှင့်အတူ နေရောင်သည် ထွန်းလင်းလာခဲ့သည်။
တစ်ညလုံး ကျင့်ကြံနေခဲ့သော ရီချန်းဂျီသည် သူ့လက်မောင်းပေါ်တွင် အိပ်ပျော်နေသော နင်းမန်မန်းကို နှိုးလိုက်သည်။
"ထတော့.... အပြင်ထွက်ပြီး အချက်အလက် တစ်ခုခုရှာဖွေလာခဲ့...."
“ဟမ်....”
နင်းမန်မန်းမှာ မျက်မှောင်ကြုတ်ပြီး ဆက်အိပ်နေလေသည်။
သူမအိပ်ချင်နေသေးသည်ကိုမြင်လျှင် ရီချန်းဂျီ တစ်ချက်ရယ်မောလိုက်ပြီး အသံကျယ်ကျယ်နှင့် အော်ပြောလိုက်သည်။
“မန်မန်း... ငါ မဟာရှကမ္ဘာကို ဖြုတ်ချပြီးပြီ.... မင်းရဲ့ရန်သူအားလုံးကို ငါ သတ်ပစ်လိုက်ပြီ...."
သူမ၏ တုံ့ပြန်မှုသည် ချက်ချင်းပင်။
နင်းမန်မန်း၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒများသည် ပြည့်လျှံထွက်လာကာ ရီချန်းဂျီအား ဒေါသမျက်ဝန်းများဖြင့် စိုက်ကြည့်နေခဲ့လေသည်။
သူမ၏အကြည့်မှာ ရီချန်းဂျီအား အသေကိုက်သတ်ချင်နေသည့် သားရဲတစ်ကောင်၏ အကြည့်များနှင့်ပင် တူနေတော့သည်။
ကြည့်ရသည်မှာ သူမ၏ ရန်ငြိုးများ၊ သူမအဖွားနှင့် ပတ်သက်သည့် ကိစ္စများကသာ သူမ၏ ဝိညဉ်နှစ်ခုကို တစ်သားတည်း ဖြစ်စေနိုင်သည့် အရာများ ဖြစ်ပုံရလေသည်။
ရန်သူများအကြောင်းပြောလိုက်လျှင် ဖြူစင်သော ဝိညာဉ်သည်ပင် ဒေါသများနှင့် ပြည့်နှက်သွားတော့၏။
သူမ၏ အဖွားအကြောင်း ပြောလိုက်လျှင်တော့ မရေမတွက်နိုင်အောင်လူသတ်ခဲ့သည့် နတ်ဆိုးဝိညာဉ်ကပင် သူမ၏သတ်ဖြတ်လိုသည့် စိတ်ဆန္ဒများကို သတိရှိရှိ တားမြစ်ထားတတ်သည်။
ရီချန်းဂျီ နောက်ပြောင်နေသည်ကို မြင်လိုက်ရလျှင် နင်းမန်မန်းမှာ သူမ၏နတ်ဆိုးပုံစံနှင့် ရီချန်းဂျီ၏ ကော်လာကို ဆွဲကိုင်လိုက်သည် ။
"သေချင်နေတာလား...!"
"မင်း ငါ့ကို သတ်နိုင်လို့လား... ငါ အထိမခံရင် ငါ့ဆံပင်ကိုတောင် ထိလို့မရဘူး ကလေးမ.... ကလေးတွေကိုပဲ သတ်လာပြီး ကိုယ့်ကိုယ်ကို အထင်ကြီးနေတာ မကောင်းဘူး....”
ရီချန်းဂျီသည် မျက်တောင်တစ်ချက်မခတ်ဘဲ လူသတ်ခဲ့သော နင်းမန်မန်းဖြစ်သည်ကို သိသောကြောင့် သူမကို နှိုးဆွရန် ဤစကားများကို တမင်တကာ ပြောလိုက်သည်။
၎င်းမှာ သူမ၏ ပုန်ကန်တတ်သည့် ဝိညာဉ်ကို နိုးထလာစေသည်။
အနည်းဆုံးတော့ သူမအား အပတ်တကုတ် ကျင့်ကြံလိုစိတ်ရှိပြီး ပိုသန်မာလာစေနိုင်မည် ဖြစ်သည်။
သူမလေးမှာ မနေ့ညက တစ်ညလုံး အိပ်နေခဲ့ပြီး ယခုလည်း ကျင့်ကြံလိုခြင်း မရှိသေးပေ။
ဖြစ်နိုင်သည်မှာ သူမသည် လွတ်လပ်ခြင်းနန်းတော်၏ ကျင့်ကြံနည်းစနစ်များကို မကျင့်ကြံလိုနေခြင်း သို့မဟုတ် သူမ အားကောင်းလာခြင်းသည် ရန်သူများကို ဆွဲဆောင်ပြီး သူမကိုယ်သူမ ဒုက္ခဖြစ်စေမည်ကို သူမကြောက်ရွံ့နေခြင်းကြောင့် ဖြစ်ပေမည်။
လက်ရှိကမ္ဘာကြီးတွင် ကျင့်ကြံခြင်းသည် အရာအားလုံး၏ အခြေခံအုတ်မြစ်ဖြစ်သည်။
ကျင့်ကြံခြင်းမရှိဘဲ မည်သည့်အရာမှ မပြီးမြောက်နိုင်ပေ။
ယခုတော့ သူမမှာ သူမအား ကူညီပြီး လက်စားချေပေးမည့်သူကိုသာ စောင့်နေသည့်ပုံ ဖြစ်နေလေသည်။
ရီချန်းဂျီမှာ သူ့ကို လက်စားချေဖို့ ကူညီချင်သော်လည်း ထိုကဲ့သို့ ကြီးပြင်းလာမည်မှာ သူမအတွက် ကောင်းမွန်မည်မဟုတ်ဟု သူ ခံစားနေရသည်။
‘ဟူး.... ကလေးတစ်ယောက်ကို ကျင့်ကြံဖို့ သင်ပေးရတာ အခက်ဆုံးပဲ...’ ရီချန်းဂျီ သူ့ဟာသူသာ တွေးနေမိသည်။
နင်းမန်မန်းသည်လည်း ငတုံး မဟုတ်ပေ။
ကောင်းကင်နတ်ဆိုး၏ စိတ်ဝိညာဉ်ကျူးကျော်မှုကို တွန်းလှန်နိုင်စွမ်းရှိခြင်းမှာ သူမသည် အခြားကျင့်ကြံသူများနှင့်မတူကြောင်း သက်သေပြနေခဲ့သည်။ ကောင်းကင်နတ်ဆိုးများအားလုံးသည် အလွန်အစွမ်းထက်ကြပြီး သာမာန်ကျင့်ကြံသူများသာ ၎င်းတို့၏ စိတ်ထဲသို့ နတ်ဆိုးကို အဝင်ခံလိုက်မိပါက ၎င်းတို့သည် ထာဝရ သိမ်းပိုက်ခံလိုက်ရမည် ဖြစ်ပြီး ပုံမှန်အသိစိတ် ပြန်လည်ရရှိနိုင်တော့မည် မဟုတ်ပေ။
သို့သော် နင်းမန်မန်းမှာတော့ သူမခန္ဓာကိုယ်ကို သိမ်းပိုက်ထားသည့် ကောင်းကင်နတ်ဆိုးကို သူမ ခုခံတိုက်ထုတ်ခဲ့သည်။ သူမ၏ စိတ်ဝိညာဉ် အစိတ်အပိုင်းတစ်ခုမျှသာ ညစ်ညမ်းခဲ့ပြီး သူမသည် ကောင်းကင်နတ်ဆိုး ထိန်းချုပ်ခံအခြေအနေသို့ လုံးလုံးမကျရောက်ခဲ့ပေ။
မည်မျှထူးခြားသည်ကို မြင်နိုင်ပေသည်။
ရီချန်းဂျီ၏စကားကို နားထောင်ပြီးနောက် နင်းမန်မန်းသည်လည်း သူ့အတွေးများကို နားလည်လာသည်။
“ကျင့်ကြံခြင်းနည်းစနစ်တွေက ငါနဲ့ အသုံးမဝင်ဘူး... အဲဒါကို တွေးမနေနဲ့...."
သူမအသံမှာ အေးစက်နေပြီး သတ်ဖြတ်ချင်စိတ်များနှင့် ပြည့်နှက်နေ၏။ ယခုနကလို သန့်ရှင်းပြီး ချိုမြိန်ခြင်း မရှိတော့ပေ။
ရီချန်းဂျီ ခေါင်းညိတ်လိုက်ပြီး - "လူသားတောင်တန်းတံဆိပ်တုံးကို ငါ ဖမ်းမိတဲ့အခါ မင်းကို မိတ္တူတစ်စောင် ပေးမယ်...."
ဤနယ်မြေတွင် ဝိညာဉ်စွမ်းအား အထူထပ်ဆုံးနေရာသည် အင်ပါယာနန်းတော်ဖြစ်သည်။
အင်ပါယာသည် လူသားတောင်တန်းတံဆိပ်တုံးကို ရှာဖွေရန် မဟာရှကမ္ဘာတပ်ဖွဲ့များမှ စေလွှတ်ခံရသူ ဖြစ်နိုင်ချေ များသည်။
ထိုကဲ့သို့သော အဖိုးတန်ရတနာတစ်ပါး၏ အရေးကြီးမှုကို ထည့်သွင်းစဉ်းစားလျှင် အနည်းဆုံးတော့ အင်ပါယာနန်းတော်ထဲမှာ နတ်ဘုရားအဆင့်မှာ ကျွမ်းကျင်သူတစ်ယောက်ရှိနိုင်ပေသည်။
ထိုနေရာတွင် သူ စနစ်ထဲသို့ ဝင်ခဲ့မည်ဆိုလျှင် တစ်ခုခုတော့ သေချာပေါက် ကောင်းကောင်းရပေလိမ့်မည်။
အကောင်းဆုံးမှာ နင်းမန်မန်း ကျင့်ကြံရန် သင့်လျော်သော ကျင့်ကြံနည်းစနစ်ရလျှင် အကောင်းဆုံးဖြစ်သည်။
ရီချန်းဂျီ သူ့စိတ်ထဲမှ တိုးတိုးလေး ပြောနေမိသည်။
"အပြင်ထွက်ပြီး သတင်းယူရအောင်..."
ယမန်နေ့ကတည်းက ဤနေရာဒေသ၏ အခြေခံအချက်အလက်များကို တည်းခိုခန်းမှ ဝန်ထမ်းထံတွင် မေးမြန်ထားခဲ့ပြီး ဖြစ်သည်။
သို့သော်လည်း ကျောက်မဟာပြည်ထောင်၏ အထက်ပိုင်းအဆင့်များအကြောင်း အချက်အလက်များကိုတော့ အစေခံသည်လည်း သေချာပေါက် မသိပေ။
ရီချန်းဂျီသည် ကျောက်မဟာပြည်ထောင်၏ လေလံအိမ်သို့ သွားရန် စီစဉ်ခဲ့လိုက်သည်။ မည်သည့်နေရာကိုမဆို သွားနိုင်သည့်သူများမှာ ချမ်းသာကြွယ်ဝမှုရှိသူ သို့မဟုတ် အဆင့်အတန်းမြင့်မားသော ပုဂ္ဂိုလ်များသာ ဖြစ်တတ်ကြသည်။ လုံလောက်သော ငွေကြေးများပေးနိုင်သရွေ့ အစေခံများသည်လည်း စိတ်ကျေနပ်လောက်အောင် ဝန်ဆောင်မှု ပေးကြမည်သာ ဖြစ်သည်။
လေလံစံအိမ်သို့ဝင်ရောက်ရန် လက်မှတ်နှစ်စောင်ဝယ်ပြီး သန့်စင်ထားသော ဆေးပြားနှစ်ပုလင်းကို လက်မှတ်ခ ပေးခဲ့လိုက်သည်။
လေလံအိမ်၏ တာဝန်ခံမှာ ဆေးပြားများကိုမြင်လျှင် ရီချန်းဂျီကို လေးလေးစားစား ဆက်ဆံလာ၏။
“ဆရာကြီး... ဆေးပြားတွေ မှားပေးတာများလား.... ဝင်ခွင့်လက်မှတ်ဝယ်ဖို့ ဒီဆေးနှစ်ပုလင်းကို သုံးချင်တာ သေချာလား"
ရီချန်းဂျီသည် တစ်ချက်လှမ်းကြည့်လိုက်ပြီး သူ၏ဝိညာဉ်အာရုံများဖြင့် စစ်ဆေးကြည့်လိုက်သည်။ ၎င်းမှာ သူတော်စင်တစ်ပိုင်းအဆင့်မှ ဆေးပြားလေးများသာ ဖြစ်သည်။ ဘာတွေ အံ့သြနေသည်လဲ သူမသိပေ။
မဟာရှကမ္ဘာမှလူများ သိမ်းပိုက်ထားသည့် ဤကမ္ဘာတွင် ဆေးပြားများ၊ ကျင့်ကြံခြင်း ပစ္စည်းများ လွတ်လပ်စွာ ရောင်းဝယ်ဖောက်ကားခွင့် မရှိသည်ကို သူ မတွေးမိပေ။
ဤ မြို့သူမြို့သားများသည် ချီစွမ်းအင်များနှင့် ထိတွေ့နိုင်သည်ကပင် ကြီးမြတ်သော ကောင်းချီးတစ်ပါး ဖြစ်နေလေပြီ။
ဤနေရာတွင် ကျင့်ကြံခြင်း အရင်းအမြစ်များကို တင်းကြပ်စွာထိန်းချုပ်ထားလေသည်။ မဟာရှကမ္ဘာမှ လူများသည် ထိန်းချုပ်မရသောအချက်များပေါ်လာပြီး လူသားတောင်တန်းတံဆိပ်တုံးကို သိမ်းပ်ုက်သည့် ၎င်းတို့၏အစီအစဉ်ကို ထိခိုက်စေမည်ကို စိုးရိမ်နေကြသည်။
ထို့ကြောင့် သူတော်စင်တစ်ပိုင်းအဆင့် ဆေးပြားများကို မြင်လိုက်ရသည့်အခါ တာဝန်ခံမှာ အလွန်အံ့ဩသွားခြင်း ဖြစ်သည်။
၎င်းသည် သူတော်စင်တစ်ပိုင်းအဆင့်သို့ တက်ရောက်ရာတွင် တစ်ဆယ်ရာခိုင်နှုန်း အခွင့်အရေးများ တိုးတက်စေမည့် ဆေးပြားဖြစ်သည်။
လူသားတောင်တန်းကမ္ဘာပေါ်မှ လူများအတွက်မှာတော့ ၎င်းမှာ အဖိုးမဖြတ်နိုင်သည့် ရတနာတစ်ခုသာ ဖြစ်လေသည်။။
တာဝန်ခံမှာ ရီချန်းဂျီ၏ တည်ငြိမ်သည့် အသွင်အပြင်ကို မြင်သောအခါ ရီချန်းဂျီသည် အထက်ကမ္ဘာမှ ဆင်းသက်လာသော အဆင့်မြင့်တစ်ယောက်ဟု ရီချန်းဂျီအား တွေးထင်မိကာ လုံးဝ ကြောက်လန့်သွားလေသည်။
ချက်ချင်းပင် တလေးတစား ဆက်ဆံလိုက်တော့သည်။
ရီချန်းဂျီသည် ကလေးတစ်ဦးကိုလည်း သယ်ဆောင်လာသည်ကို မြင်လိုက်ရသည်။
၎င်းမှာ ရီချန်းဂျီ တမင်တကာ သာမာန်လူဟုထင်ရအောင် အကွက်ဆင်လာသည်ဟု သူတွေးလိုက်မိသည်။
ထို့နောက် ရီချန်းဂျီကို ဇိမ်အကျဆုံး သီးသန့်ခန်းသို့ ပို့ပြီးနောက် အကောင်းဆုံးသော ဝန်ဆောင်မှုများ ပေးရန် အစေခံများအား အမိန့်ပေးခဲ့လိုက်သည်။
ဤနေရာတွင် လေ့ကျင့်သင်ကြားထားသည့် အစေခံမိန်းမပျိုငယ်များသည် အသက် ၁၃ နှစ်သာသာလေးများသာဖြစ်သည်။
နင်းမန်မန်း၏ အသွင်အပြင်နှင့် နှိုင်းယှဉ်လျှင် ၎င်းတို့သည် အမှန်တကယ်ပင် အသက်ကြီးနေလေသည်။
လေလံစံအိမ်မှာ အစေခံလှလှလေးများအား ဤ အဆင့်မြင့်ပုဂ္ဂိုလ်ကြီးကို လိုသလို ဝန်ဆောင်မှုပေးရန် စေလွှတ်ပေးခဲ့သည်။
သူ့အတွက် သေးငယ်လွန်းသော အရာလေးများသည် ဤနေရာရှိလူများအတွက် မည်မျှ အဖိုးတန်နေသည်ကို ကြည့်ရင်း ရီချန်းဂျီ ခေါင်းယမ်းနေမိသည်။
မနက်ခင်းကတည်းက ကလေးတစ်ယောက်အား ကျင့်ကြံရန် သင်ကြားရင်း စိတ်ရှုပ်နေသည့် ရီချန်းဂျီမှာ ယခုအချိန်တွင် ကလေးများကို ထပ်မတွေ့ချင်တော့ပေ။
အစေခံမလေးနှစ်ယောက်ထဲမှ တစ်ယောက်၏ အမည်မှာ မိုလင် ဖြစ်သည်။
မိုလင် အခန်းထဲဝင်လာသည်ကို မြင်လျှင် နင်းမန်မန်းအံ့အားသင့်သွား၏။ ထို့နောက် သူမ၏ မျက်နှာပေါ်တွင် ထူးဆန်းသော အပြုံးတစ်ခုဖြစ်လာကာ အစေခံမလေးကို အထက်အောက် စုံဆန်ကြည့်နေခဲ့သည်။
ထို့နောက် လက်ခုပ်တစ်ချက်တီးကာ ရီချန်းဂျီအား လှမ်းကြည့်လိုက်သည်။
နင်းမန်မန်းမှာ ခပ်ဖျော့ဖျော့ပြုံးကာ အစေခံမလေးအား ပြောလိုက်၏။
“မင်း ရုပ်ရည်က သိပ်မဆိုးဘူး... အခုချိန်မှာ ငါ့လောက်ကောင်းမှာ မဟုတ်ပေမယ့် နောက်တချိန်မှာတော့ ငါ့ကို မှီလာနိုင်ပါတယ်..."
ရီချန်းဂျီ၏ မျက်နှာတွင် စိတ်ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေသည်။ သူမနှင့်အပြိုင် ငြင်းဆိုချင်သော်လည်း ရွေးချယ်စရာမရှိပေ။
တာဝန်ခံအား သွားရောက်ပြောကာ အစေခံလဲလှယ်ပြီး သူ၏ အပြင်ကင်းစင်မှုကို သက်သေပြချင်သော်လည်း ထိုလူမှာ ချီစုဆောင်းခြင်းအဆင့်သာ ရှိသေးပြီး သူအနိုင်ကျင့်သည်ဟုလည်း အထင်မခံလိုပေ။
ထို့အပြင် နင်းမန်မန်း ပြောသောစကားများသည် တကယ်မဟုတ်ကြောင်းကိုလည်း သူ နားလည်ခဲ့သည်။ သူမပြောသောစကားများသည် အမှန်တကယ် မဆိုလိုကြောင်း သူ နားလည်သည်။
မနက်အိပ်ယာထချိန်က သူလုပ်ခဲ့သည့် သူမအား ထိတ်လန့်စေမှုနှင့် ပက်သတ်ပြီး လက်စားချေခြင်းသာ ဖြစ်ပေမည်။
အကောင်းဆုံးနည်းလမ်းတစ်ခုသာ ရှိတော့သည်။
ပညာရှင်တစ်ယောက်၏ အိန္ဒြေကို ထိန်းသိမ်းထားပြီး လျစ်လျူရှုထားခြင်းဖြင့်သာ ဤကိစ္စကို အနိုင်ယူရပေမည်။
ရီချန်းဂျီ သူ့လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်လျှင် အခန်းထဲတွင် လေပြင်းတစ်ချက် ရုတ်တရက် တိုက်ခတ်သွား၏။
သူ၏ အဖြူရောင်အဝတ်အစားများလည်း လေထဲသို့ လွင့်နေခဲ့ပြီး အစစ်အမှန်ကျွမ်းကျင်သူတစ်ဦး၏ အမူအရာကို ပြသနေခဲ့သည်။
ထို့နောက် ဘာမှမပြောတော့ဘဲ နင်းမန်မန်းကို အေးစက်စွာ တစ်ချက်ကြည့်လိုက်သည်။
ထို့နောက် မျက်လုံးမှိတ်ကာ အနားယူလိုက်တော့သည်။
သူ၏ လှုပ်ရှားမှုများသည် ကောင်းကင်ဘုံမှ အင်မော်တယ်နတ်ဘုရားတစ်ပါးအသွင်ဖြင့် ပညာရှင်တစ်ဦး၏ အဆင့်အတန်းကို အပြည့်အဝပြသနေခဲ့သည်။
၎င်းကို နင်းမန်မန်းနှင့်နှိုင်းယှဥ်လျှင် သူမသည် လူရွှင်တော်တစ်ယောက်သာသာ ဖြစ်နေခဲ့သည်။
တံခါးဝတွင်ရပ်နေသော မိုလင်သည် သူမ၏မျက်နှာကို ရှက်ရွံ့စွာကြည့်နေသည်။ သူမ၏ လက်ချောင်းလေးများသည် တုန်လှုပ်ချောက်ချားမှုကြောင့် လှုပ်ခတ်နေ၏။
သို့သော် ရီချန်းဂျီမှာ ထိုင်ခုံတစ်ခုတွင် ထိုင်ရင်း မျက်စိမှိတ်နေသလို နင်းမန်မန်းသည်လည်း လှည့်ကာ ထွက်သွားတော့သည်။
မိုလင်၏ အနက်ရောင်မျက်လုံးများထဲတွင် အလင်းတစ်ချက် လက်သွား၏။
သူမ ဘာတွေတွေးနေလဲဆိုသည်ကို မည်သူမှ မသိနိုင်ပေ။
သို့သော် ဤအရာအားလုံးသည် ရီချန်းဂျီ၏ ဝိညာဉ်အာရုံများထဲမှ မလွတ်နိုင်ခဲ့ပေ။
“အင်း... ဒီကောင်မလေးကလည်း စိတ်ဝင်စားစရာပဲ...”
ရီချန်းဂျီ က အနည်းငယ် ပြုံးပြီး သူ့ကိုယ်သူ ပြောလိုက်သည်။
ထို့နောက် အစေခံမလေးမှ မေးသည်ကို ကြားလိုက်ရသည်
“အကိုကြီး... ဆိုင်ရှင်က ကျွန်မကို ဝန်ဆောင်မှုပေးဖို့ မှာကြားခဲ့ပါတယ်... အခု ကျွန်မ ဘာလုပ်ပေးရမလဲ..."
“ထားလိုက်တော့.... ဘာမှ မလုပ်နဲ့....”
ရီချန်းဂျီ ခေါင်းကိုလှည့်ကာ လေလံခန်းမကို ကြည့်ရင်း မျက်လုံးများကို မှိတ်ထားလိုက်သည်။