အခန်း 204- ရီချန်းဂျီ၏လမ်းညွှန်မှု
နတ်ဆိုးအင်ပါယာကမ္ဘာ။
ရီချန်းဂျီ သူ၏ ခန္ဓာကိုယ်ကို ပြုပြင်ရင်း ကျင့်ကြံနေခဲ့သည်။
စူးယွဲ့မင်သည် ဘဏ္ဍာတိုက်သို့ သွားခဲ့ပြီး နောက်တစ်နေ့တွင် ဤမျှလောက် များစွာသော ပစ္စည်းများ ပို့ပေးမည်ဟု သူ မမျှော်လင့်ထားပေ။
၎င်းပစ္စည်းများမှာ သူ့ခန္ဓာကိုယ်ကို အတော်များများ ပြုပြင်ဖို့ လုံလောက်ပေသည်။
ဆိုလိုသည်မှာ သူသည် နတ်ဘုရားတစ်ပါး၏ ခွန်အားကို ပြန်လည် ရရှိနိုင်နေပြီ ဖြစ်သည်။
နတ်ဆိုးအင်ပါယာ ပေါ်ထွက်မလာသေးသည့်အချိန်တွင် သူသည် ဤနတ်ဆိုးအင်ပါယာကမ္ဘာ တစ်ခုလုံးတွင် အားအကောင်းဆုံးသောသူ ဖြစ်နေခဲ့လေပြီ။
ပုန်းကွယ်နေသော ကျင့်ကြံသူအိုကြီးအချို့ ရှိကောင်းရှိနိုင်သော်လည်း ရီချန်းဂျီသည် ၎င်းတို့သည်လည်း နတ်ဘုရားနယ်ပယ်သို့ ရောက်ရှိနိုင်မည်ဟု မယူဆခဲ့ပေ။
မဟုတ်ပါက ယခု နတ်ဆိုးအင်ပါယာ၏ ဆက်ခံသူရှာဖွေနေရာတွင် နတ်ဆိုးစံအိမ်များမှ နတ်ဆိုးဘုရင် လေးယောက် ဤနေရာတွင် ယှဉ်ပြိုင်နေရန် မဖြစ်နိုင်တော့ပေ။
ရီချန်းဂျီ သူ့ခန္ဓာကိုယ်ကို တစ်ချက် အပျင်းဆန့်ကာ ခန်းမအပြင်ဘက်သို့ ထွက်လာခဲ့လိုက်သည်။
ဤကမ္ဘာရှိ ပန်းပဲပညာရှင်များ၏ အဆင့်အတန်းကို လေ့လာရန်လိုအပ်ပြီး လက်နက်သန့်စင်ခြင်းနည်းစနစ်များကိုလည်း ကြည့်ရှုရန် လိုပေသေးသည်။
“သခင်ရီ... ကျုပ်က နတ်ဆိုးဘုရင် စေလွှတ်ထားတဲ့ အစောင့်တစ်ယောက်ပါ... ကျုပ်ကို လီမို လို့ ခေါ်နိုင်ပါတယ်... တစ်ခုခုမေးချင်တာရှိရင် ကျုပ်ကို မေးပါ သခင်ရီ..."
စူးယွဲ့မင်မလာနိုင်ပါက ကုန်းယဲ့မုန်ယွဲ့သည် ရီချန်းဂျီ လိုအပ်သည်များကို လုပ်ဆောင်ပေးရန် အထူးအစောင့်တစ်ဦး စေလွှတ်ပေးမည်မှာ သေချာပေသည်။
“ဒါဆို ငါ့ကို မင်းတို့ နတ်ဆိုးစံအိမ်တော်မှာ ရှိတဲ့ လက်နက်သန့်စင်ခန်းတစ်ခုဆီကို ခေါ်သွားပေးပါ...”
“ကောင်းပါပြီ...”
သိပ်မကြာခင်မှာပင် ရီချန်းဂျီအား ချိုင့်ဝှမ်းတစ်ခုဆီ ခေါ်ဆောင်သွားခဲ့တော့သည်။
ဤနေရာတွင် မြေကမ္ဘာမီးတောက်များသည် တဟုန်းဟုန်း တောက်လောင်နေ၏။ ရီချန်းဂျီ ၎င်းနေရာတစ်ခုလုံးကို အကြမ်းဖျင်း စစ်ဆေးကြည့်ရာ မြေကမ္ဘာမီးတောက်ပေါင်း တစ်ထောင်ကျော် လောင်ကျွမ်းနေကြောင်း တွေ့ရှိခဲ့ရသည်။
နတ်ဆိုးအင်ပါယာကမ္ဘာမှာ သူ မျှော်လင့်ထားသည့်အတိုင်း ထူးဆန်းသည့် နေရာတစ်ခု ပိုင်ဆိုင်ထားပေသည်။
ရီချန်းဂျီပင် မနေနိုင်တော့ပဲ ချီးမွမ်းလိုက်ရသည်။
သူသည် နတ်ဆိုးအင်ပါယာကမ္ဘာတွင် ကြာကြာနေဖြစ်လေလေ ဤကွဲပြားမှုများကို သူပိုနားလည်လာလေလေ ဖြစ်သည်။
ဤနေရာတွင် ဝိညာဉ်စွမ်းအင်သည် ထူထပ်သိပ်သည်းနေပြီး နတ်ဆိုးစွမ်းအင်များသည် လေထုထဲတွင် ပျံ့နှံ့လျှက်ရှိသည်။
ရီချန်းဂျီသည် အားကောင်းသော အဆင့်မြင့် ကမ္ဘာကြီးများကို အလွန်မျှော်လင့်ထားသည်။
တစ်ချိန်တည်းမှာပင် သူသည် ကောင်းကင်ဘုံလူသားကမ္ဘာကြီးတွင်လည်း ထိုကဲ့သို့ တိုးတက်ပေါ်ထွန်းလာရေးကို စောင့်မျှော်နေပြီး ၎င်းကို ထိပ်တန်းကမ္ဘာတစ်ခုအဖြစ် တိုးတက်လာစေရန် မျှော်လင့်နေပေသည်။
"ဒါက အဲဒီ သခင်ရီဆိုတဲ့ ဆရာကြီးလား..."
“သူက အတော်ငယ်သေးတာပဲ... သူ့မှာ ဒီလို ကြီးကျယ်ခမ်းနားတဲ့ အရည်အချင်းတွေ တကယ်ရှိတာလား..."
"ပညာရှင်ကြီးတွေအဖို့ ဒိလို ငယ်ငယ်ရွယ်ရွယ်နဲ့ ကြည့်ကောင်းတဲ့ပုံဖြစ်အောင် လုပ်ဖို့က ခက်တာကျလို့...”
“ငါ့ရဲ့ မူလပုံစံက မျောက်ဝံတစ်ကောင်ဆိုတာကို မမေ့နဲ့... ငါက တခြားသူတွေရဲ့ အရိုးအဆစ်တွေကို ကြည့်ပြီး တကယ့် အသက်အမှန်ကို မြင်နိုင်တယ်... ဒီသခင်ရီက အသက်လေးဆယ်ထက် မပိုသေးဘူး...”
ထိုစကားများအား ကြားလိုက်သည်နှင့် ဘေးနားတွင် တီးတိုးငြင်းခုံနေကြသော နတ်ဆိုးများအားလုံး တိတ်ဆိတ်ကုန်ကြလေသည်။
ရီချန်းဂျီလည်း အနည်းငယ် အံ့သြသွား၏။ အသက်အရွယ်အမှန်ကို မွေးရာပါ အစွမ်းအစများနှင့် မြင်နိုင်သည့်သူရှိမည်ဟု သူ မမျှော်လင့်ထားပေ။
သူသည် သူ၏ အသက်အစစ်အမှန်ကို မဖုံးကွယ်ထားသော်လည်း နတ်ဘုရားအဆင့် ပညာရှင်တစ်ဦး၏ ဝိညာဉ်စွမ်းအား လည်ပတ်မှုမှတစ်ဆင့် သူ၏ ခန္ဓာကိုယ်ရှိ အရိုးများ၏ သက်တမ်းကို မြင်တွေ့ရခြင်းမှာ အမှန်တကယ် အံ့ဩစရာပင်။
"မင်း... ဘယ်လိုတောင်လုပ်ရဲတာလဲ...! သခင်တစ်ယောက်ရဲ့ လျှို့ဝှက်ချက်ကို ပေါ့ပေါ့တန်တန် စေ့စေ့ကြည့်ရဲတယ်လား...!”
လီမိုသည်လည်း ထိုစကားများကိုကြားပြီးနောက် အလွန်တရာ ထိတ်လန့်သွားသဖြင့် ချက်ချင်းပင် ထိုလူအား မာန်မဲလိုက်သည်။
ရီချန်းဂျီသည် မျောက်ဝံနတ်ဆိုး၏ မျက်နှာပေါ်မှ ကြောက်ရွံ့မှုကို မြင်သောအခါ လက်ကိုဝှေ့ယမ်းကာ ပြောလိုက်ရသည်။
“ဒါက အသေးအမွှားလေးပါ... ကိစ္စကြီး မဟုတ်ဘူး...”
သူ့နယ်ပယ်နှင့် ထိုကဲ့သို့ အသေးအမွှား ကိစ္စလေးများနှင့် ပတ်သက်ပြီး တခြားသူများကို အခက်အခဲဖြစ်စေမည် မဟုတ်ပေ။
"သခင်ရီ... ခင်ဗျားက တကယ်ပဲ အသက်သုံးဆယ်ပဲလား..."
ရီချန်းဂျီသည် မည်သည့်အဃာတကိုမျှ မထားသည်ကို မြင်လိုက်ရသဖြင့် ထိုနေရာ အနီးတွင် ရှိနေသော နတ်ဆိုးများသည် ၎င်းတို့၏ သိချင်စိတ်ကို မထိန်းနိုင်ဘဲ မေးလိုက်ကြသည်။
ရီချန်းဂျီ ခဏလောက်စဉ်းစားပြီး ဘာမှ မဖုံးကွယ်ထားရန် ဆုံးဖြတ်လိုက်သည်။ မည်သို့ပင်ဆိုစေကာမူ သူဝန်မခံလည်း အခြားသူများမှ သိသွားပြီဖြစ်သောကြောင့် ခေါင်းညိတ်ပြရုံသာ တတ်နိုင်ခဲ့သည်။
အားလုံး အံ့ဩသွားကြတော့သည်။
ရီချန်းဂျီ၏ အောင်မြင်မှုမှာ တကယ့်ကို အံ့ဩစရာဖြစ်သည်။
သူတို့အားလုံးသည် ရီချန်းဂျီ၏ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက် သတ်ဖြတ်ခြင်းများအကြောင်း ကြားသိခဲ့ကြပြီး သူသည် အနည်းဆုံး ကျင့်ကြံခြင်း အထက်နယ်ပယ်သုံးခုမှ လူတစ်ဦး ဖြစ်နိုင်ကြောင်း သူတို့ သေချာပေါက် သိသွားခဲ့ရသည်။
“ဒီလို ငယ်ငယ်ရွယ်ရွယ်နဲ့ အစွမ်းထက်တဲ့ ကျင့်ကြံဆင့်မှာ ရောက်နေဖို့နဲ့ ဒီလောက်ကောင်းမွန်တဲ့ ပန်းပဲပညာရပ်ဆိုင်ရာအဆင့်အတန်းရှိဖို့က တကယ်ကို ကြောက်စရာပဲလို့ ပြောရမှာပဲ...”
“ငါ့အသက်အရွယ်မှာတောင် အလယ်ဆင့်သုံးခုကို မရောက်နိုင်သေးဘူး... ငါ့အသက်ကို ခွေးတစ်ကောင်လို ဖြုန်းတီးပစ်ခဲ့တာပဲ...."
"ခွေးနဲ့ မယှဥ်နဲ့... ခွေးတွေ သိက္ခာကျတယ်... မင်း အသက် သုံးဆယ်တုန်းက အလယ်ဆင့်မပြောနဲ့ ကျင့်ကြံခြင်းအောက်ဆုံးအဆင့်သုံးခုတောင် မရောက်သေးဘူးမလား...”
ပထမတစ်ယောက်မှာ ထိုစကားအားကြားလျှင် ရှုံ့မဲ့သွားတော့သည်။
ရီချန်းဂျီ ပြုံးလိုက်မိသည်။
သူ့ဘေးတွင်ရှိနေသည့် လီမိုမှာ တုန်လှုပ်အခြောက်ခြားဆုံးလူဖြစ်သည်။
သူသည် ဤနေရာမှ နတ်ဆိုးများနှင့် ကွဲပြားပေသည်။ ထိပ်တန်းကိုယ်ရံတော်တစ်ဦး အဖြစ် သူသည် ကုန်းယဲ့မုန်ယွဲ့၏ တိုက်ရိုက် လက်အောက်ခံ ဖြစ်သည်။
ထို့ကြောင့် ထိုလူများမှာ ရီချန်းဂျီအား အထက်ဆင့်သုံးခုမှဟုသာ သိထားကြသော်လည်း သူကတော့ ရီချန်းဂျီသည် အင်ပါယာအဆင့်တွင် ရောက်နေသည်ကို သိရှိထားပေသည်။
အသက်သုံးဆယ်ကျော် အင်ပါယာအဆင့် ပန်းပဲပညာရှင်...။
ရီချန်းဂျီ၏ လက်ရှိ အင်အားသည် နတ်ဘုရားအဆင့်တွင် ရှိနေကြောင်းသာ သူသိသွားပါက သူပင် ငုတ်တုတ်မေ့သွားမည်လား မပြောတတ်ပေ။
ရီချန်းဂျီ ပြုံးနေမိသည်။
"မင်းတို့အားလုံးက ဒီက ပန်းပဲပညာရှင်တွေလား...."
“ဟုတ်ပါတယ် သခင်ရီ...”
"ဒါဆို မင်းတို့ သိထားတာ အကုန်လုံးကို ငါ့ကို ပြပေးလို့ ရမလား...."
ထို့နောက် ရီချန်းဂျီသည် ဤကမ္ဘာကြီးတွင် အသုံးပြုသည့် လက်နက်သန့်စင်ခြင်းနည်းလမ်းများကို အနည်းငယ် စူးစမ်းလေ့လာခဲ့သည်။
မည်သို့ပင်ဆိုစေ ဤနတ်ဆိုးအင်ပါယာကမ္ဘာမှာ ကောင်းကင်ဘုံလူသားကမ္ဘာထက် ကြီးမားသည့် ကမ္ဘာကြီးတစ်ခုဖြစ်ပေသည်။ ကောင်းကင်ဘုံလူသားကမ္ဘာတွင် မရနိုင်သော အကျိုးကျေးဇူးများ ရှိကောင်းရှိနိုင်ပေသည်။
ထိုတောင်းဆိုချက်ကိုကြားလျှင် ပန်းပဲဆရာများအားလုံး အလွန်စိတ်လှုပ်ရှားသွား၏။
“သခင်ရီ... ကျုပ်က ဝိညာဉ်စွမ်းအင်သုံးလက်နက်အချို့ကို သန့်စင်ဖန်တီးနိုင်ပါတယ်... ကျုပ် လုပ်ပြပါမယ်..."
“သခင်ရီ... ကျုပ်က ချပ်ဝတ်တန်ဆာတွေကို ကောင်းကောင်း ဖန်တီးနိုင်ပါတယ်... ကျုပ်ကို ကြည့်ရှုပြီး လိုအပ်တာတွေ ညွှန်ပြပေးပါဦး...”
“သခင်ရီ... ကျုပ်က…”
သူတို့ အရှေ့တွင် ရောက်နေသည့်သူမှာ အင်ပါယာအဆင့် ပန်းပဲပညာရှင်တစ်ဦး ဖြစ်သည်။ ထို့ကြောင့် သူတို့၏ ကျွမ်းကျင်မှုကို ပြသပြီး ရီချန်းဂျီထံမှ လမ်းညွှန်ချက်ကောင်းများ အနည်းငယ်ဖြစ်ဖြစ် ရရှိနိုင်မည် ဆိုလျှင်ပင် အဖိုးဖြတ်လို့ရမည် မဟုတ်ပေ။
ထိူအဆင့်တွင်ရှိနေသည့် ပန်းပဲပညာရှင်များအတွက် အချက်အလက်အနည်းငယ်နှင့် အသိပညာအနည်းငယ်လေးမျှ ရရှိနိုင်ခဲ့လျှင်ပင် ၎င်းတို့အတွက် များစွာ တိုးတက်သွားရန် လုံလောက်ပေသည်။
ပန်းပဲပညာကို သင်ယူနိုင်သည့် ကျင့်ကြံသူများသည် ကျင့်ကြံရာတွင် မည်မျှပင် နိမ့်ကျပါစေ အနည်းဆုံး ၎င်းတို့၏ ဉာဏ်ရည်သည် နိမ့်ပါးမည်မဟုတ်ပေ။
"ဒါဆိုရင်... မင်း.... မင်း ဘာတွေကျွမ်းကျင်လဲ ငါကြည့်မယ်..." ရီချန်းဂျီ သူ့အသက်ကို ခန်းမှန်းနိုင်ခဲ့သော မျောက်ဝံနတ်ဆိုးကို လက်ညှိုးညွှန်ပြကာ ပြောလိုက်သည်။
"သခင်ရီ... ကျုပ် နာမည်က အဖိုးကြီးကျောက် ပါ... သူများတွေက ကျုပ်ကို အဲလိုပဲ ခေါ်ကြပါတယ်... သခင်ရီလည်း ကျုပ်ကို ဒီလိုခေါ်လို့ရပါတယ်..."
အဖိုးကြီးကျောက်သည် ရီချန်းဂျီ သူ့ကို ရွေးချယ်မည်ဟု မမျှော်လင့်ထားသဖြင့် အလွန်စိတ်လှုပ်ရှားနေခဲ့သည်။
"ကျုပ်က စစ်ရထားတစ်စီးကို ပြုပြင်ဖို့ နည်းလမ်းအချို့ကို ကျွမ်းကျင်ပါတယ်..."
ထိုစကားကိုပြောပြီးနောက် အဖိုးကြီးကျောက်သည် စစ်ရထား အသေးစားလေးတစ်ခုကို ထုတ်ကာ သူ့လက်ထဲတွင် ကိုင်ထားလိုက်သည်။
ရီချန်းဂျီ အနည်းငယ် မှင်တက်သွား၏။
ထိုပညာရပ်သည် ကောင်းကင်ဘုံလူသားကမ္ဘာ၌ တိုးတက်မှု အနည်းဆုံးသော အရာ ဖြစ်သည်။
ကောင်းကင်ဘုံလူသားကမ္ဘာတွင်မူ သာမာန်အားဖြင့် ဓားပျံများ သို့မဟုတ် အခြားသော ပျံသန်းခြင်း နည်းလမ်းများကိုသာ သုံး၍ ခရီးဝေးသွားလာရန် အားကိုးလေ့ ရှိသည်။
သယ်ယူပို့ဆောင်ရေး ကိရိယာ အချို့ရှိသော်လည်း ထိုအရာများကို ပြုပြင်မွမ်းမံခြင်းသည် အလွန် ခေတ်နောက်ကျလွန်းလှသည်။
“ဟား ဟား... ဒါက သိပ်တွေ့ရတာမျိုး မဟုတ်ဘူး... ကဲ ခင်ဗျား... ကျုပ်ကို အဲဒီအကြောင်း ရှင်းပြပါ..."
အဖိုးကြီးကျောက်လည်း သူ၏ သန့်စင်မှု နည်းလမ်းကို စိတ်အားထက်သန်စွာ စတင်ရှင်းပြခဲ့တော့သည်။ ဤနေရာသည် လူအများရှိနေသည့် နေရာဖြစ်သည်ကိုပင် ဂရုမစိုက်ဘဲ ဖုံးကွယ်ထားခြင်းလုံးဝမရှိပဲ ရှင်းပြနေတော့သည်။
ရီချန်းဂျီ သူ့အား လေးလေးနက်နက် ကြည့်နေမိသည်။
သူ ညဏ်အလင်းရသွားခဲ့လေပြီ။
အရှေ့ပိုင်းဒေသရှိ နတ်ဆိုးစံအိမ်မှ နတ်ဆိုးကျင့်ကြံသူများသည် သာမန်မဟုတ်ကြောင်း သူ ပို၍ ပို၍ ခံစားလာရသည်။
သူတို့၏ ကျင့်ကြံမှုအဆင့်မှာ မည်သို့ပင် ဖြစ်နေပါစေ အနည်းဆုံးတော့ သူတို့တွင် အထူးပြုထားသည့် အရည်အသွေးများ ရှိနေသည်ကို တွေ့လိုက်ရပေသည်။
"စစ်ရထားတွေကို သန့်စင်တဲ့ မင်းရဲ့ နည်းလမ်းကိ ငါ မရင်းနှီးဘူး… ဒါပေမယ့် ငါ့မှာ အကြံညဏ်အချို့တော့ရှိတယ်..."
“ဒီအချက်တွေအတွက် ပါဝင်ပစ္စည်းတွေ ပြောင်းလိုက်ရင် ပိုကောင်းမယ်... မင်းအသုံးပြုတဲ့ လက်ရာမြောက်တဲ့ ကျောက်တုံးက ဒါကိုစီးနင်းတဲ့ ကျင့်ကြံသူတွေ ထိန်းချုပ်ဖို့ မလုံလောက်ဘူးလို့ ငါ မြင်တယ်... အဲဒါကို မကြာခဏ ပြောင်းလဲနေရလိမ့်မယ်...”
အဖိုးကြီးကျောက်၏ မျက်နှာသည် စိတ်လှုပ်ရှားမှုတို့ဖြင့် နီရဲနေ၏။
"ဟုတ်ကဲ့ပါ သခင်ရီ... အကြံပေးပါဦး..."
“ရေမီးကြာပန်းရဲ့ နှလုံးသားကို ဘာလို့ မသုံးတာလဲ... အဲဒါနဲ့ဆိုရင် စီးနင်းတဲ့ကျင့်ကြံသူတွေ အလွယ်တကူ ထိန်းချုပ်နိုင်ပြီး အချိန်ကြာကြာ အသုံးပြုနိုင်သွားလိမ့်မယ်...”
အဖိုးကြိးကျောက် အံ့အားသင့်ကာ မင်တက်သွား၏။
“သခင်ရီ... ရေမီးကြာပန်းရဲ့ နှလုံးသားကို ထိန်းချုပ်တဲ့နေရာရဲ့ အဓိကပင်မနေရာအဖြစ် ဘယ်လို ထားလို့ရနိုင်မလဲ... ရေမီးကြာပန်း နှလုံးသားက ရေနဲ့မီးကိုမှ မခံနိုင်တာ... သန့်စင်လို့ မရနိုင်ဘူး..."
"ခင်ဗျား အဲဒီပစ္စည်းကို ဘယ်လိုလုပ်မလဲ ကျုပ်ကို တစ်ချက်လောက် လုပ်ပြပါ..."
မကြာခင်မှာပင် တစ်စုံတစ်ယောက်မှ ရေမီးကြာပန်းနှလုံးသားနှင့် လိုအပ်သော ပစ္စည်းများယူလာပေးပြီး အဖိုးကြီးကျောက်မှ အမြန်သရုပ်ပြကာ စစ်ရထားတစ်စီး၏ ပင်မထိန်းချုပ်သည့်နေရာကို ဖန်တီးလိုက်သည်။
သူ၏ကိုယ်ပိုင်နတ်ဆိုးမီးတောက်ကို ဆင့်ခေါ်ကာ ေရမီးကြာပန်းနှလုံးသားကို သန့်စင်နေခဲ့သည်။
သို့သော် သူမည်မျှပင် ကြိုးစားအားထုတ်နေစေ သူ၏ နတ်ဆိုးမီးဖြင့် သန့်စင်ခြင်းကို မလုပ်ဆောင်နိုင်ပေ။