အပိုင်း (၉၈၆) အကြင်နာမဲ့ပိုးချည်
အာဏာပိုင်များ အလွန်အံ့အားသင့်နေစဉ်၌ ငွေရောင်ဆံပင်နှင့် အဘိုးအိုတစ်ယောက် စင်ပေါ်တက်လာသည်။
“ကြွရောက်လာကြတဲ့ လူကြီးမင်းအပေါင်းတို့ လူတိုင်းက လေလံပွဲရဲ့ စည်းမျဉ်းတွေအကြောင်းသိလိမ့်မယ်လို့ ကျုပ်ယုံကြည်ပါတယ်…ဒါကြောင့်မလို့ ကျုပ်အဲဒါတွေကို ရှင်းပြဖို့ အချိန်မဖြုန်းတော့ဘူး"
ငွေရောင်ဆံပင်နှင့် အဘိုးအို အပြုံးဖြင့် ပြောလိုက်သည်။
“ပထမလေလံတင်မဲ့ ပစ္စည်းကို သွားရအောင်"
စကားလုံးများသည် ချက်ချင်းပင် လူအုပ်၏ အာရုံကို ဖမ်းစားသွားသည်။
ချင်နန်နှင့် စင့်မာခေါင် အာရုံစိုက်လိုက်သည်။
ဖြောင့်မတ်ခြင်းဂိုဏ်းမှ အမျိုးသမီးတပည့်တစ်ယောက်သည် သေတ္တာတစ်လုံးကို သယ်ဆောင်၍ စင်ပေါ်သို့ ဖြည်းလေးစွာတက်လာသည်။ ထို့နောက် သူမ စားပွဲပေါ်တင်လိုက်ပြီး ထူးခြားသော ကြေးနီသော့တစ်ချောင်းကို ထုတ်ယူ၍ သေတ္တာကို ဖွင့်လိုက်သည်။
ဘန်း…
ဗုဒ္ဓသံတိုးတိုးနှင့်အတူ အစွမ်းထက်သော ဗုဒ္ဓအလင်းတစ်ခု လွှမ်းခြုံသွားသည်။ သေတ္တာထဲ၌ ဗုဒ္ဓရုပ်ပုံများနှင့် ရွှေရောင်အလုံးတစ်လုံးရှိနေသည်။
“ဒါကို လူလင်တောင်တန်းမှာ တွေ့ခဲ့တာဖြစ်ပြီးတော့ သေဆုံးသွားတဲ့ သိုင်းဘီဘင်အထွတ်အထိပ်အဆင့်ကျင့်ကြံသူတစ်ယောက်ရဲ့ ပြာနဲ့ ဖန်တီးထားတဲ့ မွေတော်ပါ"
ငွေရောင်ဆံပင်နှင့် အဘိုးအိုပြောလိုက်သည်။
“ဒါကို သန့်စင်လိုက်တာနဲ့ ဒါက တစ်စုံတစ်ယောက်ရဲ့ ကံကြမ္မာကိုပြောင်းလဲပြီးတော့ တျန်အဆင့်သုံးသိုင်းဝိညာဉ်ကို ရစေလိမ့်မယ်…စတင်ဈေးနှုန်းက ဧကရာဇ်သလင်းပြားနှစ်သိန်းပါ"
“သုံးသိန်း"
“လေးသိန်း"
“ကျုပ် ငါးသိန်းပေးမယ်"
ချက်ချင်းပင် လေလံပွဲ သက်ဝင်လှုပ်ရှားလာသည်။
လေလံပွဲ၏ အစ၌ ဤကဲ့သို့ ရှားပါးပစ္စည်းကို မြင်ရလိမ့်မည်ဟု လူအုပ်ကြီး မထင်ထားခဲ့ပေ။
စင့်မာခေါင်၏ မျက်လုံးများ ပြူးကျယ်နေပြီး တံတွေးများ မျိုချနေကာ ရတနာကို အတင်းသွားလုချင်နေသည်။
သူ၏ တုံ့ပြန်မှုအား ချင်နန် ပြောလိုက်သည်။
“စိတ်ရှည်ရှည်နေ…အဖိုးတန်ရတနာတွေကိုပဲ ငါတို့ ယူမယ်"
ပထမဆုံးလေလံတင်သည့် ပစ္စည်းမှာ အလွန်အဖိုးတန်သော်လည်း နဂါးငါးကောင်တံဆိပ်၏ အခွင့်အရေးအား အသုံးပြုရန် မထိုက်တန်ပေ။
“ငါသိပါတယ်ဟ…ကြည့်လို့တောင်မရဘူးလား"
စင့်မာခေါင် မကျေမနပ်ဖြင့် ပြောလိုက်သည်။
ချင်နန် ပခုံးတွန့်ကာ သူ့ကို လျစ်လျူရှုလိုက်သည်။
အဆုံး၌ ရတနာကို ဗောဓိဘုရားကျောင်းမှ ခြေဗလာကိုယ်တော်သည် ဧကရာဇ်သလင်းပြားသုံးသန်းဖြင့် ရရှိခဲ့ပြီး အခြားလူများ မှုန်ကုပ်သော မျက်နှာထားများဖြင့် ဖြစ်သွားကြသည်။
လေလံပွဲဆက်လက်ဖြစ်ပွားနေသည်။
နောက်ထပ် လေလံပစ္စည်းများမှာလည်း ရှားပါးသည်။ သို့သော်လည်း ပထမလေလံတင်သည့် ပစ္စည်းနှင့် နှိုင်းယှဉ်ပါက ဘာမှမဟုတ်ပေ။
ဆဌမအထပ်မှ လူများသည် ယခုအချိန်ထိ အသံတစ်သံမှ မထွက်ကြသေးပေ။
ချင်နန် ခေါင်းခါယမ်းလိုက်ပြီး အောက်ထပ်မှ လူများကို ကြည့်လိုက်သည်။
ပုံရိပ်အနည်းငယ်ကို တွေ့ရှိသောအခါ သူ အလွန်အံ့အားသင့်သွားသည်။ သူတို့မှာ မူမူ၊ အောက်တုံဖန်း၊ စုချင်းချင်း၊ အန်လင်းနှင့် နဂါးအင်ပါယာကလန်၏ အခြားအတွင်းစည်းတပည့်အနည်းငယ်ဖြစ်သည်။
“သူတို့ကိုလည်း ဒီမှာ တွေ့ရလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး"
ချင်နန်သည် မူမူ၏ အေးစက်သော မျက်နှာကိုကြည့်လိုက်ပြီးနောက် အာရုံပြန်ပြောင်းလိုက်သည်။
ပစ္စည်းသုံးဆယ်ကျော် လေလံတင်ပြီးသည့်နောက် စင်ပေါ်မှ ငွေရောင်ဆံပင်နှင့် အဘိုးအို ရုတ်တရက် ရယ်မောလိုက်သည်။
“နောက်ထပ်ပစ္စည်းကတော့ လုံးဝသာမန်မဟုတ်တဲ့ အကြင်နာမဲ့ပိုးချည်ပါ…ချည်က သူ့ပစ်မှတ်ရဲ့ စိတ်ခံစားချက်အားလုံးကို ဖယ်ရှားနိုင်တယ်လို့ ဆိုကြတယ်…လူတိုင်းက အဲဒါရဲ့ တန်ဖိုးကို သိကြလိမ့်မယ်လို့ ကျုပ်ယုံကြည်ပါတယ်…စတင်ဈေးနှုန်းက ဧကရာဇ်သလင်းပြားငါးသောင်းပါ"
ယခု၌ စားပွဲပေါ်တွင် အဖြူရောင်ပိုးချည်တစ်ခုရှိနေသည်။
“ဧကရာဇ်သလင်းပြားခြောက်သောင်း"
“ဧကရာဇ်သလင်းပြားခြောက်သောင်းငါးထောင်"
“ဧကရာဇ်သလင်းပြားခြောက်သောင်းခြောက်ထောင်"
ကျင့်ကြံသူများ လေလံဈေးနှုန်း ကမ်းနေကြပြီး လေလံပွဲတစ်လျှောက်လုံး တိတ်ဆိတ်စွာ နေခဲ့သည့် မူမူ ရုတ်တရက်ပြောလိုက်သည်။
“ဧကရာဇ်သလင်းပြားတစ်သိန်းငါးသောင်း"
စကားလုံးများသည် လူအုပ်အား အံ့အားသင့်သွားစေပြီး အကုန်လုံးခေါင်းခါယမ်းကာ မချိပြုံး ပြုံးလိုက်ကြသည်။
အကြင်နာမဲ့ပိုးချည်မှာ အဖိုးတန်သော်လည်း ဤမျှလောက်ထိ တန်ခြင်းမရှိပေ။
“တစ်သိန်းငါးသောင်း…တစ်ကြိမ်…တစ်သိန်းငါးသောင်း…နှစ်ကြိမ်…"
ငွေရောင်ဆံပင်နှင့် အဘိုးအိုသည် ကျယ်လောင်စွာဖြင့် ပြောလိုက်ပြီး နိဂုံးမချုပ်ခင်မှာပင် အသံတစ်သံကို ကြားလိုက်ရသည်။
“ဟား…ဟား…မဆိုးဘူး…ကျုပ် ဧကရာဇ်သလင်းပြားနှစ်သိန်းပေးမယ်"
အသံမှာ သတ္တမထပ်၏ အခန်းတစ်ခန်းမှ ဖြစ်သည်။
“ဧကရာဇ်သလင်းပြားနှစ်သိန်းငါးသောင်း"
မူမူ မျက်နှာသေဖြင့် ပြောလိုက်သည်။
“ကျုပ် သုံးသိန်းပေးမယ်"
အသံ ဆက်ပြောလိုက်သည်။
“မိန်းကလေး…ငါတို့အတွက် ယှဉ်ပြိုင်နေတာက အဓိပ္ပာယ်မဲ့တယ်…ဒီလိုဆို ဘယ်လိုလဲ…ငါတို့ ငါတို့နှစ်ယောက်ကြားမှာ ရေစက်ရှိတယ်လို့ ငါခံစားရတယ်…တကယ်လို့ မင်းငါ့အခန်းကို လာဖို့ ဆန္ဒရှိမယ်ဆိုရင် အကြင်နာမဲ့ပိုးချည်ကို မင်းကို လက်ဆောင်အဖြစ်ပေးမယ်"
ထို့နောက် အသံဆက်ပြောလိုက်သည်။
“ငါက ဟော်ဝူလုံပါ"
“ဘာဟော်ဝူလုံ…ဒါသူလား"
“သူက သိုင်းဘုရင်ဟော်လင်ရဲ့ သားပဲ"
“သူက သူစိတ်ဝင်စားတဲ့ အမျိုးသမီးတစ်ယောက်အတွက်နဲ့ ဧကရာဇ်သလင်းပြားသုံးသိန်းပေးတာ အံ့ဩစရာမဟုတ်တော့ပါဘူး"
လူအုပ်ကြီး ပင့်သက်ရှိုက်လိုက်ကြသည်။
မူမူ၏ မျက်နှာထားသည် ပုံမှန်အတိုင်းပင် အေးစက်လို့နေသည်။
“ငါစိတ်မဝင်စားဘူး…သုံးသိန်းငါးသောင်း"
သူမသည် အကြင်နာမဲ့ပိုးချည်အတွက် အဓိကလာခဲ့ခြင်းဖြစ်သည်။ သူမနှင့်အတူ ဧကရာဇ်သလင်းပြား လုံလုံလောက်လောက်ပါသည်။ လေလံဈေးနှုန်းမှာ သူမ၏ မျှော်လင့်ချက်ထက် ကျော်လွန်နေသည့်တိုင် သူမ လေလံဆက်ဆွဲမည်ဖြစ်သည်။
“အိုး…တယ်ဒေါသကြီးပါလား…ဒါပေမဲ့ ငါကြိုက်တယ်....ဧကရာဇ်သလင်းပြားခုနှစ်သိန်း"
ဟော်ဝူလုံ၏ ဈေးနှုန်းကို ကြားသည့်အခါ ကျင့်ကြံသူများ အသက်ပြင်းပြင်းရှူလိုက်ကြသည်။
အောက်တုံဖန်း၊ စုချင်းချင်းနှင့် အခြားသူများ နက်မှောင်သော မျက်နှာထားများဖြင့် ဖြစ်သွားကြသည်။ ဟော်ဝူလုံ မူမူအား လိုက်ဒုက္ခပေးနေခြင်းမှာ ရှင်းလင်းနေသည်။
“ခုနှစ်သိန်းတစ်သောင်း"
မူမူ လက်သီးကို ကျစ်ကျစ် ဆုပ်လိုက်သည်။
“တစ်သန်း"
ဟော်ဝူလုံ တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
“ငါမင်းရဲ့ ပုံစံကို ကြိုက်တယ်…ဒါပေမဲ့ မင်းရပ်လိုက်သင့်တယ်…မင်းငါ့ကို ဘယ်လိုမှ အနိုင်ရမှာမဟုတ်ဘူး"
“ဟော်ဝူလုံ မင်းအရမ်းလွန်နေပြီ"
အောက်တုံဖန်း ဒေါသတကြီးဖြင့် ပြောလိုက်သည်။
ဧကရာဇ်သလင်းပြားတစ်သန်းသည် အကြင်နာမဲ့ပိုးချည်ရှစ်ခုဝယ်ရန် လုံလောက်သည်။
ဟော်ဝူလုံသည် မူမူအား သူ၏ ကမ်းလှမ်းချက်ကို လက်ခံအောင် တိုက်တွန်းနေကြောင်း ရှင်းလင်းသည်။
အခြားကျင့်ကြံသူများ ခေါင်းခါယမ်းလိုက်သည်။။
စင့်မာခေါင် ရယ်မောလိုက်သည်။
“သူတို့က နဂါးအင်ပါယာကလန်ကမလား"
ချင်နန် တိတ်ဆိတ်စွာဖြင့် ရှိနေသည်။
“အိုး"
ဟော်ဝူလုံ အေးစက်သော အသံဖြင့် ပြောလိုက်သည်။
“ဟော်ကလန်က မင်းတို့ နဂါးအင်ပါယာကလန်နဲ့ ပဋိပက္ခတချို့ရှိတာပဲ…ဒီနေ့ မင်းတို့ကို အနိုင်ကျင့်တော့ကော ဘာဖြစ်လဲ…နဂါးအင်ပါယာကလန်က အစကတည်းက အမှိုက်ပဲ…တကယ်လို့ မင်းမကျေနပ်ဘူးဆိုရင် ဧကရာဇ်သလင်းပြားတွေထုတ်လေ"
စကားလုံးများထဲ၌ မောက်မာမှုများ ပါဝင်သည်။
ဟော်ဝူလုံသည် အစက မူမူ၏ အလှကြောင့် အံ့အားသင့်ခဲ့ရသည်။
သို့သော်လည်း သူမသည် သူ၏ ကြင်နာမှုအား လက်မခံသောကြောင့် သူ့အတွက် နောက်ထပ်အချိန်ဖြုန်းရန် မလိုတော့ပေ။
အောက်တုံဖန်း၊ စုချင်းချင်း၊ အန်လင်းနှင့် အခြားသူများ ဒေါသထွက်သွားကြသည်။
မူမူ၏ မျက်လုံးများထဲတွင်လည်း ဒေါသများဖြစ်ပေါ်လာသည်။
သို့သော်လည်း…
သူတို့ ဘာမှမလုပ်နိုင်ကြပေ။
သူတို့ အားလုံးပေါင်းလိုက်လျှင်ပင် သူတို့သည် ဧကရာဇ်သလင်းပြားတစ်သန်းကျော် လေလံဆွဲနိုင်ခြင်းမရှိပေ။
ချင်နန်၏ မျက်လုံးများ မှေးစင်းသွားပြီး သူ၏ ရင်ဘတ်ထဲ၌ ဒေါသမီးလျှံများဖြစ်ပေါ်လာသည်။
နဂါးအင်ပါယာကလန်က အစကတည်းက အမှိုက်လား…
နဂါးအင်ပါယာကလန်က လူတွေကို အနိုင်ကျင့်နေတာလား…
ဒီလိုဆို မင်း ဘာတတ်နိုင်လဲဆိုတာ ငါကြည့်တာပေါ့....
ချင်နန် အေးစက်စွာဖြင့် ပြောလိုက်သည်။
“ကြည့်ရတာ ကျင့်ကြံသူဟော်က အတော်လေးချမ်းသာတဲ့ပုံပဲ…တကယ်လို့ ဒီလိုသာဆိုရင် ငါ မင်းနဲ့ ကစားတာပေါ့…ငါ့မှာ ဧကရာဇ်သလင်းပြားတွေ အများကြီးမရှိဘူး…ဒါကြောင့်မလို့ ဧကရာဇ်သလင်းပြားဆယ်သန်းစပေးမယ်"
ဧကရာဇ်သလင်းပြားဆယ်သန်း…
ကျင့်ကြံသူများ၏ နှလုံးသားများ တုန်လှုပ်သွားပြီး သူတို့၏ နားကို မယုံနိုင်အောင် ဖြစ်သွားသည်။
လေလံဈေးနှုန်းသည် ချက်ချင်းဆယ်ဆတိုးသွားပြီး ဗုဒ္ဓမွေတော်သုံးခုကို ဝယ်ရန် လုံလောက်သည်။ သို့သော်လည်း သူသည် အကြင်နာမဲ့ပိုးချည်တစ်ခုကိုသာ လေလံဆွဲခဲ့သည်။
သတ္တမထပ်မှ အာဏာပိုင်များ အလွန်အံ့အားသင့်သွားသည်။
“ဘယ်လိုဖြစ်တာလဲ"
ဟော်ဝူလုံနှင့် အခြားကျင့်ကြံသူများ တုန်လှုပ်သွားကြသည်။
သူတို့၏ နဂါးအင်ပါယာကလန်ကို အနိုင်ကျင့်သော လုပ်ရပ်သည် သတ္တမထပ်မှ အရေးပါသည့်လူကို စိတ်အနှောင့်အယှက်ဖြစ်စေလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပေ။
🐱🐱🐱🐱🐱
အပိုင်း (၉၈၇) သုံးဘဝ၏ ကြိုးနီ
အစက ချင်နန်သည် နဂါးအင်ပါယာကလန်နှင့် ပတ်သက်သည်ဟု မခံစားခဲ့ရပေ။ သို့သော်လည်း သိုင်းဘုရင်သားရဲများ၏ သူ့အပေါ်ကြင်နာမှုနှင့် နဂါးအင်ပါယာကလန်တွင် ဖြစ်ပွားခဲ့သည့် အရာများကို စဉ်းစားပြီးနောက် သူ့ကိုယ်သူ ကလန်၏ တစ်စိတ်တစ်ပိုင်းကို ရှုမြင်ခဲ့သည်။
ထို့ကြောင့် ချင်နန်၏ ရင်ဘတ်ထဲမှ ဒေါသမီးလျှံများ ပေါက်ကွဲလာသည်။
“ဒါ…"
ရှူကော်ကျန် တုန်လှုပ်နေသည်။ နဂါးငါးကောင်တံဆိပ်ဖြင့် ပစ္စည်းငါးခုကို အလကားယူနိုင်သောကြောင့် ချင်နန် မည်မျှလေလံဈေးပေးပေး ကိစ္စမရှိပေ။ သို့သော်လည်း သူသည် ဤကဲ့သို့ အခွင့်အရေးအား အကြင်နာမဲ့ပိုးချည်အတွက် ဖြုန်းတီးချင်ပါသလော…
စင့်မာခေါင် ဘာမှဝင်မပြောဘဲ ပြုံးလိုက်သည်။
အကယ်၍ ချင်နန်နေရာတွင် သူဆိုလျှင်လည်း ဒေါသထွက်သွားလိမ့်မည်ဖြစ်သည်။
တစ်ခါတစ်ရံ၌ တစ်စုံတစ်ယောက်လုပ်လိုက်သော လုပ်ရပ်သည် အကျိုးအမြတ်မရှိသော်လည်း ၎င်းကို လုပ်ရန် လိုအပ်သေးသည်။
လူတစ်ယောက်ရှင်သန်ရန်အတွက် အကျိုးအမြတ်သာ မဟုတ်ဘဲ အဓိကအချက်မှာ နောင်တမရဘဲ နေထိုင်ရန် ဖြစ်သည်။
“စီနီယာ…ကျုပ်စီနီယာကို ဘယ်လိုများ အပြစ်ပြုမိခဲ့လို့ပါလဲ…ကျေးဇူးပြုပြီး ကျုပ်ကို ခွင့်လွှတ်ပေးပါ…ကျုပ် အကြင်နာမဲ့ပိုးချည်ကို ဧကရာဇ်သလင်းပြားတစ်သန်းနဲ့ ဝယ်ပြီးတော့ စီနီယာကို တောင်းပန်တဲ့ အနေနဲ့ လက်ဆောင်ပေးပါ့မယ်"
ဟော်ဝူလုံ အလျင်အမြန်ပြောလိုက်သည်။ သူ၏ ခန့်မှန်းချက်အရ သူသည် သူ၏ မောက်မာသော သဘောထားဖြင့် စီနီယာအား ဒေါသထွက်စေခဲ့သည်။ ထို့ကြောင့် သူချက်ချင်းပင် ဦးနှိမ့်လိုက်သည်။
သူသည် သိုင်းဘုရင်တစ်ယောက်၏ သားဖြစ်သည့်တိုင် သိုင်းဘုရင်တစ်ယောက်ကို အပြစ်မပြုရဲပေ။
“ကောင်းပြီ....နဂါးအင်ပါယာကလန်က မိန်းကလေးကိုပ ပေးလိုက်"
ချင်နန်၏ အသံ ပုံမှန်အတိုင်း အေးစက်လို့နေသည်။
“ဟုတ်ကဲ့"
ဟော်ဝူလုံ အလျင်အမြန်ခေါင်းညိတ်လိုက်သည်။
လူအုပ် ပင့်သက်ရှိုက်လိုက်ကြပြီးနောက် သူတို့၏ အကြည့်များ သတ္တမထပ်သို့ ရောက်ရှိသွားသည်။
သိုင်းဘုရင်တစ်ယောက်…
“လေလံပွဲက သိုင်းဘုရင်တစ်ယောက်ရဲ့ အာရုံကို ဆွဲဆောင်လိမ့်မယ်လို့ ငါဘယ်လိုမှ မထင်ထားခဲ့ဘူး…"
“ဟော်ဝူလုံ အလျှော့ပေးတာ အံ့ဩစရာ မဟုတ်တော့ပါဘူး"
“ကျေးဇူးတင်ပါတယ်…စီနီယာ"
အောက်တုံဖန်း၊ စုချင်းချင်းနှင့် အခြားသူများ သတ္တမထပ်ကို ကြည့်ကာ ကျေးဇူးတင်စကားပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ်စီနီယာ…ဖြစ်နိုင်မယ်ဆိုရင် စီနီယာရဲ့ နာမည်ကို သိလို့ရမလား…တကယ်လို့ ကျွန်မမှာ အခွင့်အရေးရှိရင် ကျွန်မ သေချာပေါက် စီနီယာရဲ့ ကြင်နာမှုကို ပြန်ပေးဆပ်မှာပါ"
မူမူ၏ မျက်လုံးထဲတွင် သံသယအရိပ်အငွေ့များဖြစ်ပေါ်နေပြီး လက်သီးစုကာ ပြောလိုက်သည်။
သတ္တမထပ်က သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူက သူ့ကို ဘာလို့ ကူညီတာလဲ…
“ဒါအဆင်ပြေပါတယ်…ဒါက ငါနဲ့ နဂါးအင်ပါယာကလန်ရဲ့ ဆက်ဆံရေးကြောင့်လုပ်ခဲ့တာပဲ"
ချင်နန် အေးဆေးတည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
လူအုပ်ကြီး နားလည်သွားကြသည်။
ဟော်ဝူလုံ၏ မျက်နှာ မှုန်မှိုင်းသွားသည်။
သူသည် နဂါးအင်ပါယာကလန်အား အနိုင်ကျင့်မှုကြောင့် သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူကို အပြစ်ပြုလိမ့်မည်ဟု မထင်ထားခဲ့ပေ။
မူမူ အံ့အားသင့်သွားသည်။
အကြောင်းအရင်းတချို့ကြောင့် သူမ ထိုလူကို သိသည်ဟု ခံစားနေရသည်။
ဖြစ်နိုင်တာက…
သူမ၏ စိတ်ထဲ လူငယ်တစ်ယောက်၏ ပုံရိပ် ပေါ်ပေါက်လာကာ သူမ လျင်မြန်စွာ ခေါင်းခါယမ်းလိုက်သည်။
ဘယ်လိုလုပ် ချင်နန်က သတ္တမထပ်ကို တက်နိုင်မှာလဲ…
ဒါသူမဟုတ်ဘူး…
သတ္တမထပ်ထဲ၌ စင့်မာခေါင် ချင်နန်ကို ကြည့်ကာ မေးလိုက်သည်။
“ရို့…မင်းဘာလို့ အသံပြောင်းထားတာလဲ…မင်းနဂိုအသံနဲ့ ပြောတာမဟုတ်ဘူး…သူတို့ရဲ့ မျက်နှာပေါ်က အံ့ဩတုန်လှုပ်မှုတွေကြည့်ရတာ ဘယ်လောက်ပျော်စရာကောင်းလိုက်မလဲ"
ချင်နန် မျက်လုံးပင့်ကြည့်လိုက်ပြီး စင့်မာခေါင်ကို လျစ်လျူရှုလိုက်သည်။
ထို့နောက် လေလံပွဲ ဆက်လက်ဖြစ်ပွားနေသည်။
ဆက်လေလံတင်သည့် ပစ္စည်းများသည် ယခင်ပစ္စည်းများထက် သိသိသာသာကောင်းမွန်လာသည်။ တစ်စုံတစ်ယောက်၏ ကံကြမ္မာပြောင်းလဲပေးနိုင်စွမ်းရှိသည့် ရှားပါးရတနာသုံးခုကို လေလံတင်ခဲ့ပြီး အဖွဲ့အစည်းအမျိုးမျိုးကြား၌ ယှဉ်ပြိုင်မှုကြီးတစ်ခု ဖြစ်ပွားစေခဲ့သည်။
“နောက်ထပ် လေလံတင်မှာကတော့ ပစ္စည်းတစ်ရာပါ…ပစ္စည်းတိုင်းက ထူးခြားတယ်…အခြေခံအားဖြင့်ဆိုရင် အဲဒါတွေကို ပြင်ပခွန်အားနဲ့ ဖျက်ဆီးဖို့ ခက်ခဲပြီး ဘယ်ကလာလဲဆိုတာ မသိဘူး…ပစ္စည်းတစ်ခုရဲ့ တန်ဖိုးက ဧကရာဇ်သလင်းပြားတစ်သောင်းဖြစ်ပြီးတော့ တစ်စုံတစ်ယောက်က အကုန်လုံးဝယ်ဖို့ စိတ်ဝင်စားမယ်ဆိုရင် နှစ်ဆယ်ရာခိုင်နှုန်းလျှော့ပေးပါမယ်"
ငွေရောင်ဆံပင်နှင့် အဘိုးအို လက်ဝှေ့ယမ်းလိုက်သည်။
ပစ္စည်းတစ်ရာထဲ၌ လျှို့ဝှက်သော မြေပုံများ၊ ဓားကျိုးများ၊ သတ္ထုအပိုင်းအစများ…အစရှိသည်တို့ ပါဝင်သည်။ ၎င်းတို့ထံတွင် မည်သည့်စွမ်းအင်အငွေ့အသက်မျှ မပါဝင်ပေ။ ထို့ကြောင့် ၎င်းတို့ကို အသုံးမဝင်ဟု သတ်မှတ်နိုင်သည်။
လူအုပ် ချက်ချင်းပင် သိချင်စိတ်ဖြင့် စစ်ဆေးလိုက်သည်။
ပုံမှန်အားဖြင့်ဆိုပါက လူများသည် ဤကဲ့သို့ အမှိုက်များကြားထဲတွင် ထိတ်လန့်တုန်လှုပ်စရာကောင်းသော ရတနာပစ္စည်းတချို့ကို တွေ့ရတတ်သည်။
ချင်နန်သည် ပစ္စည်းများကို အလျင်အမြန်ကြည့်လိုက်ပြီး မည်သည့်ထူးခြားမှုမှ မတွေ့သောကြောင့် သူ၏ အကြည့်ကို ရုပ်သိမ်းလိုက်သည်။သို့သော်လည်း သူ၏ စိတ်ထဲမှ ကြေးနီမှန်နှင့် ရွှေစည်းတံဆိပ်နှစ်ခုလုံး အနည်းငယ်တုန်ခါသွားကြသည်။
“ဟမ်"
ချင်နန် အံ့အားသင့်သွားသည်။
အဲဒီအပုံထဲမှာ ကြေးနီမှန်နဲ့ ရွှေစည်းတံဆိပ်လို တစ်ခုခုရှိတယ်လို့ ဆိုလိုတာလား…
“အနီရောင်ကြိုး"
ချင်နန် နောက်တစ်ချက်လှည့်ကြည့်လိုက်ရာ အလင်းဖျော့ဖျော့နှင့် သူ၏ အာရုံကို ဆွဲဆောင်နေသည့် အနီရောင်ကြိုးတစ်ချောင်းကို တွေ့လိုက်ရသည်။ ၎င်း၏ အော်ရာမှာ ကြေးနီမှန်၊ ရွှေစည်းတံဆိပ်တို့နှင့် တူညီနေသည်။
“ငါ အဲဒါတွေအားလုံးကို ယူမယ်"
ချင်နန် တုံ့ဆိုင်းခြင်းမရှိဘဲ ပြောလိုက်သည်။
ကြေးနီမှန်နှင့် ရွှေစည်းတံဆိပ်တို့နှစ်ခုလုံးသည် လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးနှင့် ဆက်နွှယ်ပြီး နှစ်ခုလုံးသည် ထူးခြားသော စွမ်းအားများ ပိုင်ဆိုင်ကြသည်။
ထို့ကြောင့် သူသည် ကြိုးနီအား ရမည့် အခွင့်အရေးကို လွဲချော်ခံရန် နည်းလမ်းမရှိပေ။
“နဂါးငါးကောင်တံဆိပ်ပိုင်ရှင်က ဒါတွေအားလုံးကို ယူလိုက်ပါပြီ"
ရှူကော်ကျန် ကြေညာလိုက်သည်။
လူအုပ်ကြီး အံ့အားသင့်သွားပြီးနောက် သူတို့၏ မျက်နှာပေါ်၌ ဆန္ဒမရှိမှုများ ဖြစ်ပေါ်လာသည်။ သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူတစ်ယောက်သည် ထိုပစ္စည်းအားလုံးကို လိုချင်သောကြောင့် ၎င်းတို့ထဲ၌ ထူးခြားသော အရာတစ်ခုခုရှိရမည်။
“ချင်နန် မင်းဘာတွေ့လိုက်လို့လဲ"
ချင်နန်သည် ထူးခြားသော တစ်စုံတစ်ခုအား တွေ့ခဲ့ကြောင်းကို စင့်မာခေါင် သေချာသည်။
“ငါမင်းကို ပြီးရင်ပြောပြမယ်"
ချင်နန် ခေါင်းခါယမ်းလိုက်သည်။
သို့သော်လည်း သူပစ္စည်းများကို ယူခဲ့သည့် ဆုံးဖြတ်ချက်ကြောင့် ကြေးနီမှန်နှင့် ရွှေစည်းတံဆိပ်သည် ခပ်ဖျော့ဖျော့အလင်းနှင့်အတူ လျှို့ဝှက်ဆန်းကြယ်သော သင်္ကေတနှစ်ခုထုတ်ဖော်လိုက်ကြောင်း သူ မသိခဲ့ပေ။
ထို့နောက် လေလံပွဲသည် ကျန်ရှိသော ပစ္စည်းများကို လေလံဆက်တင်ခဲ့သည်။
ဆဌမထပ်မှ အာဏာပိုင်များသည် နောက်ဆုံး၌ စိတ်ရှည်မှုကုန်ဆုံးသွားကြပြီး တုန်လှုပ်ဖွယ်ရာဧကရာဇ်သလင်းပြားပမာဏဖြင့် လေလံဆွဲလိုက်သည်။
ချင်နန်သည် စင့်မာခေါင်အား ကျန်ရှိသော ပစ္စည်းများအား ရွေးစေခဲ့သည်။
“ဒါက ပြန်လည်မွေးဖွားခြင်းစွမ်းရည်ပါတဲ့ အရမ်းအဖိုးတန်တဲ့ ပြန်လည်မွေးဖွားခြင်းပန်းပါ…ဒါက ကံမ္မလမ်းကြောင်းပေါ်က လမ်းခြောက်သွယ်နဲ့ ဆက်သွယ်နေတယ်လို့ ပြောကြတယ်…စတင်ဈေးနှုန်းက ဧကရာဇ်သလင်းပြားတစ်သန်းပါ"
“ဧကရာဇ်သလင်းပြားငါးသန်း"
ကျီးကန်းဘုရင် ပြောလိုက်သည်။
“ခြောက်သန်း"
အင်မော်တယ်ဆံဖြူဝိုင်လည်း ဈေးပေးလိုက်သည်။
“ငါ အဲဒါကို ယူမယ်"
စင့်မာခေါင် ပျော်ရွှင်သော လေသံဖြင့် ပြောလိုက်သည်။
“………"အာဏာပိုင်များ ဆွံ့အသွားသည်။
“ဒါကတော့ နှစ်တစ်သောင်းသွေးဂျင်စင်းပါ…စတင်ဈေးနှုန်းက ဧကရာဇ်သလင်းပြားကိုးသိန်းပါ"
“ငါ အဲဒါကို ယူမယ်"
စင့်မာခေါင် တဖန်ပြောလိုက်သည်။
“………"လူအုပ်ကြီး တဖန်တိတ်ဆိတ်သွားကြသည်။
စင့်မာခေါင်သည် ကျန်ရှိသော အခွင့်အရေးလေးခုအား အသုံးပြုကာ အာဏာပိုင်များတစ်ယောက်နှင့် တစ်ယောက်ယှဉ်ပြိုင်ခဲ့ကြသည့် ပစ္စည်းများကို ယူခဲ့သည်။
အဆုံး၌ ကျီးကန်းနက်၊ အင်မော်တယ်ဆံဖြူဝိုင်နှင့် အခြားသူများ အလွန်ဒုက္ခရောက်နေကြသည်။
အကယ်၍ လေလံပွဲ၌ သိုင်းဘုရင်တစ်ယောက်လာမည်ကို သူတို့ သိပါက သူတို့ လေလံပွဲကို လာလိမ့်မည်မဟုတ်ပေ။ ယခု၌ သူတို့ မျက်စိကျသည့် အရာအားလုံးကို သိုင်းဘုရင်က ယူသွားပြီဖြစ်သည်။
ပစ္စည်းငါးမျိုးအား အလကားယူခွင့်ရှိသည့် နဂါးငါးကောင်တံဆိပ်မှာ လုံးဝမမျှတပေ။
“ပထမအကြီးအကဲ…ကျေးဇူးပြုပြီး ကျုပ်တို့ရဲ့ ပစ္စည်းတွေကို ယူလာပေးလို့ရမလား…ကျုပ်တို့ အခုသွားတော့မယ်"
သူတို့၏ အခွင့်အရေးအားလုံးအား သုံးပြီးနောက် ချင်နန်နှင့် စင့်မာခေါင် လေလံပွဲတွင် ဆက်နေစရာအကြောင်းမရှိတော်ပေ။
“ဟုတ်ကဲ့ပါ"
ရှူကော်ကျန် ခေါင်းညိတ်လိုက်ပြီး မကြာခင်၌ သိုလှောင်အိတ်ငါးအိတ်ကို ပေးလိုက်သည်။
“သွားစို့"
လေလံပွဲဆက်ဖြစ်ပွားနေပြီး ချင်နန်နှင့် စင့်မာခေါင်တို့သည် တိတ်တဆိတ်ဖြင့် ထွက်လာခဲ့ကာ သူတို့၏ တည်းခိုခန်းသို့ ပြန်လာခဲ့ကြသည်။
“ကောင်းတယ်…အရမ်းကောင်းလွန်းတယ်…နဂါးငါးကောင်တံဆိပ်က ရူးချင်စရာပဲ"
တည်းခိုခန်းသို့ရောက်သောအခါ စင့်မာခေါင် စိတ်လှုပ်ရှားစွာဖြင့် အော်လိုက်သည်။
အဖိုးတန်ပစ္စည်းလေးခု…
သူတို့သည် ၎င်းတို့အား အဝါရောင်နွေဦးဆိုင်၌ အဖိုးတန်ပစ္စည်းတချို့နှင့် အလွယ်တကူလဲလှယ်နိုင်သည်။
ချင်နန်သည် သိုလှောင်အိတ်ထဲမှ ကြိုးနီကို ထုတ်ယူလိုက်သည်။ သူ ၎င်းကို အနီးကပ်သေချာစစ်ဆေးလိုက်သည်။
“ဒါက မင်းစိတ်ဝင်စားတဲ့ဟာလား…ဘာမှလည်း မထူးခြားပါဘူး"
စင့်မာခေါင် ချင်နန်ဆီသို့ လာလိုက်သည်။
ရုတ်တရက် သူ၏ စကားဆုံးသောအခါ ကြိုးနီသည် အသက်ဝင်လာသကဲ့သို့ ချင်နန်၏ လက်ကောက်ဝတ်၌ ခွေရစ်လိုက်သည်။
“ဟမ်"
ချင်နန် မျက်မှောင်ကြုတ်သွားပြီး ဖယ်ရှားရန် ကြိုးပမ်းလိုက်သည်။ သူ့အား အံ့အားသင့်စွာပင် သူ၏ ခန္ဓာကိုယ်နှင့် ပေါင်းစည်းထားသကဲ့သို့ လက်ကောက်အား လုံးဝဖယ်နိုင်ခြင်းမရှိပေ။
“ထူးဆန်းလိုက်တာ…ငါကြိုးစားကြည့်မယ်"
စင့်မာခေါင်၏ နဖူးပေါ်၌ သူခိုးအင်ပါယာ၏ စည်းတံဆိပ်ထွက်ပေါ်လာသည်။
သူမတုံ့ပြန်ရသေးခင်မှာပင် ကြိုးနီသည် ရုတ်တရက် အဖြူရောင်အလင်းသုံးခုကို ထုတ်ဖော်လိုက်သည်။
ချင်နန်၏ စိတ်ထဲ လျှို့ဝှက်ဆန်းကြယ်သောကြေးနီမှန်ထဲမှ အမျိုးသမီး၏ အသံ ပေါက်ကွဲထွက်လာသည်။
“လက်လျှော့မှာလား…ဆက်သွားမှာလား"
ထိုအချိန်၌ သူမ၏ လေသံထဲတွင် တုံ့ဆိုင်းမှုများ ပြည့်နှက်နေသည်။
🐱🐱🐱🐱🐱
အပိုင်း (၉၈၈) ကန်းလန်ကို ပြန်ခြင်း
“လက်လျှော့မှာလား…ဆက်သွားမှာလား"
ချင်နန် ဆွံ့သွားသည်။
“အနည်းဆုံး အဲဒါက ဘာလဲဆိုတာ ကျုပ်ကို ပြောပါလား"
“သုံးဘဝအတိဒုက္ခ…ဆက်သွားမှာလား…လက်လျှော့မှာလား"
လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီး အေးစက်သော အသံဖြင့် ပြောလိုက်သည်။
“သုံးဘဝအတိဒုက္ခ…အဲဒါဘာလဲ"
ချင်နန်၏ မျက်လုံးများ မှေးစင်းသွားသည်။
ကြေးနီမှန်၏ စွမ်းအား၊ ကောင်းကင်ဖြိုဖျက်ခြင်းသိုင်းဘုရင်၏ တုံ့ပြန်မှုနှင့် သိုင်းကံကြမ္မာနန်းဆောင်၏ တုံ့ပြန်မှုအရ လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးမှာ အလွန်ကြောက်စရာကောင်းကြောင်း ရှင်းလင်းလို့နေသည်။
ဘာလို့ ဒီလိုလူတစ်ယောက်က ကြေးနီမှန် ရွှေစည်းတံဆိပ်နဲ့ ကြိုးနီကို သူ့ကိုပေးတာလဲ....
နောက်ကွယ်၌ အကြောင်းအရင်းတစ်ခုရှိရမည်။
“မင်းက မေးခွန်းတွေ အရမ်းများလွန်းတယ်"
အမျိုးသမီးတင်းမာသော လေသံဖြင့် ပြောလိုက်သည်။
“မင်းငါ့ကို ပြောဖို့လိုတာက ဆက်သွားမှာလား…လက်လျှော့မှာလား"
“ကျုပ်က လက်လျှော့ရတာကို မကြိုက်ဘူး…ဆက်သွားမယ်"
ချင်နန် တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးသည် ရေခဲကဲ့သို့ အေးစက်သည့်တိုင် ကြေးနီမှန်သည် သူ့အား အန္တရာယ်ကြား၌ အသက်ရှင်သန်အောင် ကူညီခဲ့ကြောင်းကို သူ ဝန်ခံရလိမ့်မည်ဖြစ်သည်။
ထို့ကြောင့် သုံးဘဝအတိဒုက္ခအကြောင်းကို သူမသိသော်လည်း ၎င်းကို လက်ခံရန် တာဝန်ရှိသည်ဟု သူ ခံစားရသည်။
လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးတိတ်ဆိတ်သွားပြီးနောက် ပြောလိုက်သည်။
“ကောင်းပြီ…စောင့်နေ"
“စောင့်နေ…ဘာကို စောင့်နေရမှာလဲ"
ချင်နန် ကြောင်တောင်တောင်ဖြင့် ပြန်မေးလိုက်သည်။
ဤတစ်ကြိမ်၌ လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးသည် သူ့အား မဖြေဘဲ ကြေးနီမှန်ပေါ်မှ တောက်ပမှု တဖြည်းဖြည်းပျောက်ကွယ်သွားသည်။
“ချင်နန် …ဒါက ဘယ်လိုတောင်လဲဟ…ငါ့ရဲ့ သူခိုးအင်ပါယာရဲ့ စည်းတံဆိပ်တောင် မင်းရဲ့ လက်ပေါ်က ကြိုးနီကို မဖယ်နိုင်ဘူး…ဒါထူးဆန်းတယ်"
စင့်မာခေါင် မျက်မှောင်ကြုတ်နေသည်။
သူခိုးအင်ပါယာ၏ ဆက်ခံသူအနေဖြင့် သူသည် ရှေးဟောင်းပစ္စည်းများနှင့် အလွန်ကျွမ်းဝင်မှုရှိသည်။ သို့သော်လည်း သူ ကြိုးနီကို ယခင်က တစ်ခါမျှ မမြင်ဘူးပေ။
ချင်နန် သူ၏ ခန္ဓာကိုယ်ကို စစ်ဆေးလိုက်ပြီး မည်သည့်ထူးဆန်းမှုမှ မတွေ့သောကြောင့် ခေါင်းခါယမ်းလိုက်သည်။
သုံးဘဝအတိဒုက္ခအပြင် ကြိုးနီသည် သူ့ခန္ဓာကိုယ်အား မည်သည့်အပြောင်းအလဲမျှ မဖြစ်စေသောကြောင့် ၎င်းသည် အနာဂတ်၌ အသုံးဝင်မည်လားကို သူ မသေချာပေ။
“ထားလိုက်တော့…ငါ ငါ့ရဲ့ စွမ်းရည်တွေကို နားလည်အောင် ကြိုးစားသင့်တယ်…ငါတို့ သန်းခေါင်ရောက်ရင် အဝါရောင်နွေဦးဆိုင်ကို သွားမယ်"
ချင်နန် စင့်မာခေါင်ကို ပြောလိုက်ပြီးနောက် သူ၏ မျက်လုံးများကို မှိတ်လိုက်သည်။
ထိုစဉ်အတောအတွင်း ကိုးကောင်းကင်တွင်….
,
အေးစက်သည့် အဆုံးမဲ့ ချိုင့်ဝှမ်းထဲ၌ ခမ်းနားထည်ဝါသော နန်းတော်တစ်ခုရှိနေသည်။ အမျိုးသမီးတစ်ယောက်သည် ကောင်းကင်ကို မော့ကြည့်နေပြီး သူမ၏ အဖြူရောင်ဝတ်ရုံသည် လေနှင့်အတူ ညင်သာစွာ လွင့်မျောနေသည်။
ကောင်းကင်ထက်၌ အရောင်အမျိုးမျိုးနှင့် မရေမတွက်နိုင်သော ကြယ်များပြည့်နှက်နေပြီး သူမ၏ မျက်လုံးများသည် ရွှေရောင်ကြယ်တစ်ခုပေါ်သို့ ကျရောက်နေသည်။
ထိုကြယ်သည် သူမ လာခဲ့သည့် ကန်းလန်တိုက်ကြီးဖြစ်သည်။
တစ်ခဏကြာပြီးနောက် အဖြူရောင်ဝတ်ရုံနှင့် အမျိုးသမီးသည် သူမ၏ အကြည့်ကို ရုပ်သိမ်းလိုက်ပြီး ခံစားချက်မဲ့သော အသံဖြင့် ပြောလိုက်သည်။
“ချီလျန့်"
ဝှစ်…
ကြောက်မက်ဖွယ်ရာအော်ရာနှင့် ပုံရိပ်တစ်ခု ထွက်ပေါ်လာပြီးနောက် အမျိုးသမီး၏ ရှေ့တွင် ဒူးထောက်လိုက်သည်။
“ဘုရင်မ…ဘာအမိန့်ပေးစရာရှိလို့ပါလဲ"
“ငါ့ရဲ့ အမိန့်ကိုဖြန့်လိုက်...အင်မော်တယ်တာအိုကျောက်တိုင်ကို အသက်သွင်း"
“နီလာနတ်ဆိုးဝင်ပေါက်ကိုဖွင့်"
“အင်မော်တယ်ဝင်္ကပါကြီးသုံးထောင်ကို အသက်သွင်း"
“အင်မော်တယ်တပ်မှူးငါးရာကို ချက်ချင်းဆင့်ခေါ်"
အဖြူရောင်နှင့် အမျိုးသမီး၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ရာအော်ရာတစ်ခုထွက်ပေါ်လာရာ လေထဲမှ နှင်းများ အေးခဲသွားသည်။
“ဘုရင်မ…ဒါ…"
ချီလျန့်၏ မျက်လုံးထဲတွင် အံ့ဩတုန်လှုပ်မှုများဖြစ်ပေါ်သွားသည်။
“စစ်ပွဲအတွက် အချိန်ကျလို့ပါလား"
သူသည် စစ်ကြေညာခြင်း၏ အကျိုးဆက်များကို ရှင်းလင်းစွာ သိသည်။
ကမ္ဘာကြီးတစ်ခုလုံး ပရမ်းပတာဖြစ်လိမ့်မည်ဖြစ်သည်။
“မဟုတ်ဘူး"
အဖြူရောင်ဝတ်ရုံနှင့် အမျိုးသမီးသည် ရွှေရောင်ကြယ်ကို တဖန်ကြည့်ပြီးနောက် ပြောလိုက်သည်။
“ကန်းလန်ပင်လယ်ကို ဖျက်ဆီးဖို့ပြင်…ငါ ကန်းလန်ကို ပြန်မယ်…"
ဘန်း…
စကားလုံးများသည် ကမ္ဘာကြီးထဲ၌ မရေမတွက်နိုင်သော နဂါးများ ပျံသန်းသွားသည်ဟု ခံစားရစေသည်။
ထိုစဉ်အတောအတွင်း ကန်းလန်တိုက်ကြီး၏ နတ်ဘုရားတစ်ဝက်ဒေသ.....
အမည်မဲ့တားမြစ်နေရာသည် တိတ်ဆိတ်ခြောက်သွေ့နေသည်မှာ အချိန်အတော်ကြာပြီဖြစ်သည်။ ၎င်းသည် ကမ္ဘာကြီး၏ စွန့်ပစ်နေရာတစ်ခုပမာ လုံးဝအမေ့လျော့ခံ ဖြစ်နေသည်။
သို့သော်လည်း အမည်မဲ့တားမြစ်နေရာ၏ အနက်ပိုင်းထဲ၌ ကျောက်တုံးကြီးတစ်တုံးရှိနေပြီး ကျောက်တုံးပေါ်၌ ရှေးဟောင်းအစီအရင်တစ်ခု ထိုးထွင်းထားသည်။
ရှဲ…ရှဲ…
အမှောင်ထဲမှ အနက်ရောင်ဝတ်ရုံဝတ်ဆင်ထားသည့် ပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး ကျောက်တုံး၏ ရှေ့၌ တင်ပျဉ်ခွေထိုင်လိုက်သည်။
ထိုအချိန်၌ ကျောက်တုံးပေါ်မှ အစီအရင်သည် ရုတ်တရက် ခပ်ဖျော့ဖျော့အလင်းတစ်ခုကို ထုတ်ဖော်လိုက်သည်။ အစီအရင်သည် မမြင်ရသော အင်အားတစ်ခု၏ တိုက်စားခံရသည့်ပမာ ဖြည်းလေးစွာ ပျောက်ကွယ်လာသည်။
“ဒါ…"
ပုံရိပ်၏ မျက်လုံးများ ပြူးကျယ်သွားပြီး သူ၏ နှလုံးသားထဲ၌ ထိတ်လန့်တုန်လှုပ်သွားသည်။
နှစ်ရှစ်ထောင်ကြာပြီ…၎င်းမှာ နှစ်ရှစ်ထောင်ကြာသွားပြီဖြစ်သည်။
နောက်ဆုံးတော့ စီနီယာက ကန်းလန်တိုက်ကြီးကို ပြန်လာပြီလား....
“ဟား…ဟား…ဟား…မင်းမလိမ်ခဲ့ဘူး…မင်းတကယ် ငါ့ကို မလိမ်ခဲ့ဘူး"
ပုံရိပ် ရယ်မောချလိုက်သည်။
“ကန်းလန် သူ(မ)ပြန်လာပြီ…သူ(မ)ပြန်လာပြီ....မင်း…မင်းရဲ့ ကောင်းကင်တောင်ပိုင်းဂိတ်ကို ဘယ်လိုကာကွယ်မလဲဆိုတာ ငါကြည့်ရဖို့ မစောင့်နိုင်တော့ဘူး…ဒီတိုက်ကြီးပေါ်က သတ္တဝါတွေ အားလုံး လွတ်လပ်တော့မယ်"
သူဒီအတွက် စောင့်နေသည်မှာ မည်မျှကြာပြီဖြစ်ပါသနည်း…
“အစီအရင်ပျက်စီးသွားနဲ့ ဘုရင်မပြန်လာလိမ့်မယ်…ဒီနှုန်းအတိုင်းဆိုရင် နှစ်နှစ်ဆယ်…မဟုတ်ဘူး ဆယ်နှစ်ပဲ…သူ(မ)ပြန်လာပြီ…ဟီး…ဟီး…ဟီး…ဘုရင်အဆင့်…နတ်ဘုရားအဆင့်…မင်းတို့လည်း ဒါကို စောင့်နေကြတာမလား"
ပုံရိပ်၏ မျက်လုံးများ တောက်ပနေသည်။
“သိပ်မကြာတော့ဘူး…ဆယ်နှစ်…ဆယ်နှစ်ပဲ…ဆယ်နှစ်ပဲ"
သူသည် တူညီသော စကားကို အကြိမ်များစွာ ထပ်ခါထပ်ခါပြောပြီးနောက် တိတ်ဆိတ်သွားသည်။
ယခင်ကကဲ့သို့မဟုတ်ဘဲ သူ၏ ခန္ဓာကိုယ်ပေါ်မှ အော်ရာ လှုပ်ခတ်နေသည်။
၎င်းမှာ မျှော်လင့်ချက်ဖြစ်သည်။
သို့သော်လည်း အသန်မာဆုံးအာဏာပိုင်များအပါအဝင် ကန်းလန်တိုက်ကြီးတစ်ခုလုံး၏ မည်သူမျှ ကိုးကောင်ကင်နှင့် အမည်မဲ့တားမြစ်နေရာ၌ ဖြစ်ပွားသွားသည့်ကိစ္စကို သတိထားမိခြင်းမရှိကြပေ။
လူတိုင်းသည် တာဝန်များကို ဆက်လုပ်ဆောင်နေကြပြီး မရေမတွက်နိုင်သော ကျင့်ကြံသူများ မြင့်တက်လာကာ အချို့မှာ သေဆုံးနေကြသည်။
………
………
မကြာခင်၌ လေလံပွဲအဆုံးသတ်သွားခဲ့သည်။
သတင်းသည် ချက်ချင်းပင် ဖြောင့်မတ်ခြင်းမြို့ထဲ၌ ပျံ့နှံ့သွားပြီး ကျင့်ကြံသူများကြားထဲ၌ ရေပန်းအစားဆုံးခေါင်းစဉ်တစ်ခုဖြစ်လာခဲ့သည်။
အထူးသဖြင့် လျှို့ဝှက်ဆန်းကြယ်သော သိုင်းဘုရင်အကြောင်းဖြစ်သည်။
အချိန်တဖြည်းဖြည်းကုန်လွန်သွားခဲ့ပြီး မကြာခင်၌ ညအချိန်ကာလကျရောက်လို့လာသည်။
သို့သော်လည်း လမ်းများပေါ်၌ လှည့်လည်သွားလာနေကြသည့် ကျင့်ကြံသူများ ရှိနေကြဆဲဖြစ်သည်။
သူတို့၏ မျက်လုံးများထဲ၌ စိတ်လှုပ်ရှားမှုများ ဖြစ်ပေါ်နေသည်။
ကျင့်ကြံသူများစွာ ဤနေရာသို့ ရောက်ရှိနေကြခြင်းမှာ အဝါရောင်နွေဦးဆိုင်ကြောင့်ဖြစ်သည်။
သန်းခေါင်ရောက်သောအခါ လေအေးများတိုက်လာပြီးမရေမတွက်နိုင်သော နတ်ဆိုးများနှင့် တစ္ဆေများထွက်ပေါ်လာသည်။
“မြန်မြန်…အဝါရောင်နွေဦးနတ်ဆိုးကိုဖမ်း"
“ဟူး….ငါတစ်ကောင်ရပြီ…"
“သွားစမ်း…ဒါငါ့ဟာ"
မြို့ထဲ၌ မရေမတွက်နိုင်သော ဘုရင်သိုင်းပညာများနှင့် အော်သံများ ပြည့်နှက်သွားသည်။
တည်းခိုခန်းထဲမှ ချင်နန်၏ မျက်လုံးများ ပွင့်လာသည်။
“ချေး…ငါမင်းကို ဘယ်လောက်ကြာအောင်စောင့်ရမှာလဲ"
စင့်မာခေါင် ချင်နန်ကို ကြည့်ကာ ရယ်မောလိုက်သည်။
“လာ…ငါမင်းကို သူခိုးအင်ပါယာ ဆက်ခံသူရဲ့ အစွမ်းကို ပြမယ်"
🐱🐱🐱🐱🐱
အပိုင်း (၉၈၉) အဆုံးမဲ့အဆောင်လုံး
သူတို့ တည်းခိုခန်းမှ ထွက်လာသောအခါ နတ်ဆိုးအချို့သည် သူတို့အား ချက်ချင်းပင် တိုက်ခိုက်လိုက်ကြသည်။
ချင်နန်၏ ခန္ဓာကိုယ်လှုပ်ခါသွားပြီး နတ်ဆိုးများကို အပိုင်းပိုင်းဖြစ်အောင် လုပ်ပစ်လိုက်သည်။
ထို့နောက် ချင်နန် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။
“ချင်နန် အဲဒီအဝါရောင်နွေဦးနတ်ဆိုးတွေကိုဖမ်း…ငါတို့ အကောင်တစ်ရာလိုတယ်"
စင့်မာခေါင် အော်လိုက်သည်။
ချင်နန် လှည့်ကြည့်လိုက်ရာ နတ်ဆိုးများကြားထဲ၌ ငရဲ၏ အော်ရာကို ထုတ်ဖော်နေသည့် တခစ်ခစ်ရယ်မောနေသော နတ်ဆိုးလေးတစ်ကောင်ကို မြင်တွေ့လိုက်ရသည်။
နတ်ဆိုး၏ ကျင့်ကြံမှုမှာ သိုင်းဘီဘင်အဆင့်နှစ်ဖြစ်သည်။
ချင်နန် ခေါင်းညိတ်လိုက်ပြီး ရှေ့သို့ တဟုန်ထိုးသွားကာ ဖမ်းလိုက်သည်။ ထို့နောက် သူသည် လမ်းများကြားထဲ၌ မိုးကြိုးကဲ့သို့ လျင်မြန်သော အရှိန်နှုန်းဖြင့် ရွေ့လျားနေပြီး သူ တွေ့သမျှ အဝါရောင်နွေဦးနတ်ဆိုးများကို ဖမ်းလိုက်သည်။
ကျင့်ကြံသူများ အံ့ဩတုန်လှုပ်နေကြသည်။
“အိုး…သူ့ရဲ့ ကျင့်ကြံမှုက ထပ်တိုးတက်လာပြီပဲ"
စင့်မာခေါင်၏ စုတ်သပ်လိုက်သည်။
ကျင့်ကြံသူများစွာသည် အဝါရောင်နွေဦးနတ်ဆိုးများအတွက် ယှဉ်ပြိုင်နေကြသည့်တိုင် ချင်နန်နှင့် စင့်မာခေါင်တို့၏ ထူးဆန်းသော ကျင့်ကြံမှုများကြောင့် သူတို့သည် မကြာခင်၌ အကောင်တစ်ရာဖမ်းနိုင်ခဲ့သည်။
“အခုဘာလုပ်မှာလဲ"
ချင်နန် သိချင်စိတ်ဖြင့် မေးလိုက်သည်။
စင့်မာခေါင်၏ လက်ဖဝါးပေါ်၌ မိုးကြီးမီးလျှံတစ်ခု ထွက်ပေါ်လာပြီး ချက်ချင်းပင် နတ်ဆိုးများကို ပြာအဖြစ်လောင်ကျွမ်းလိုက်ရာ လေထဲ၌ အနက်ရောင်အမျှင်တန်းတစ်ခု လွင့်မျောလာသည်။
“အဲဒါကိုဖမ်းလိုက်"
စင့်မာခေါင် ပြောလိုက်ရာ ချင်နန် တစ်ချက်ခုန်၍ ဖမ်းလိုက်သည်။
သူအမျှင်တန်းကို ဖမ်းလိုက်သည်နှင့် အံ့အားသင့်ဖွယ်မြင်ကွင်းတစ်ခုဖြစ်ပေါ်လာသည်။
သူတို့၏ ပုံရိပ်များကို ထူးဆန်းသော အင်အားတစ်ခုလွှမ်းခြုံသွားပြီး သူတို့ လေထဲ၌ ပျောက်ကွယ်သွားသည်။
“ပုံရိပ်ယောင်လား"
ချင်နန် ဆင်းသက်လာသောအခါ သူ၏ ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်သည်။
၎င်းမှာ အမှောင်ထုထဲ၌ လွင့်မျောနေသော ရှေးဟောင်းလမ်းတစ်ခုဖြစ်ပြီး ဘေးဘက်၌ ဆိုင်ခန်းများရှိနေသည်။ စုစုပေါင်းဆိုင်ခန်းတစ်ရာရှိပြီး ဆိုင်ခန်းများ၏ တံခါးများကို တင်းကျပ်စွာ ပိတ်ထားသည်။
အချိန်နှင့်အမျှ လမ်းများပေါ်တွင် ကျင့်ကြံသူများ ထွက်ပေါ်လာကြသည်။
သူတို့သည် အနက်ရောင်ဝတ်ရုံများ ဝတ်ဆင်ထားသည့်ပမာ သူတို့၏ ပုံရိပ်များကို အနက်ရောင်မြူတစ်ခုက ဖုံးလွှမ်းထားသည်။
ချင်နန်၏ ဘယ်ဘက်မျက်လုံးဖြင့်ပင် သူတို့၏ ကျင့်ကြံမှုအား အကြမ်းဖျင်း မှန်းဆရုံမှတစ်ပါးသူတို့၏ သွင်ပြင်နှင့် အော်ရာကို မြင်နိုင်ခြင်းမရှိပေ။
“ချင်နန် သွားစို့"
စင့်မာခေါင် ချင်နန်အား လမ်း၏ အဆုံးသို့ ခေါ်ဆောင်သွားပြီးနောက် အဝါရောင်နွေဦးဆိုင်သို့ ရောက်ရှိလာခဲ့သည်။
စင့်မာခေါင် အသက်ပြင်းပြင်းရှူလိုက်ပြီး တံခါးခေါက်လိုက်သည်။
ထိုအချိန်၌ တံခါးမှ ကြောက်မက်ဖွယ်ရာအလင်းတစ်ခု ပေါက်ကွဲထွက်လာသည်။
စင့်မာခေါင်သည် ၎င်းအတွက် ပြင်ဆင်ထားပြီးသာဖြစ်ရာ ထီးတစ်လက်ကို ဆွဲထုတ်လိုက်ပြီး အလင်းကို ပိတ်ဆို့လိုက်သည်။
ချင်နန်၏ မျက်ခုံးများ ပင့်တက်သွားသည်။
အလင်းသည် လူတစ်ယောက်အား ပုံရိပ်ယောင်ထဲတွင် ပိတ်လှောင်ခြင်းသာဖြစ်ပြီး မည်သည့်အန္တရာယ်မျှ မပေးပေ။
ဆိုင်ခန်းထဲမှ အက်ကွဲသော အသံတစ်သံ ထွက်ပေါ်လာသည်။
“လမ်းလယ်မှာ လူတစ်ယောက်ရပ်နေတယ်…နေလုံးကြီးက အနောက်အရပ်ကို ဝင်သွားပြီး အရှေ့အရပ်က လေတွေတိုက်နေတယ်…သူက အရှေ့ကို သွားမလား…အနောက်ကိုသွားမလား…တောင်ကို သွားမလား…မြောက်ကိုသွားမလား"
ချင်နန် မျက်မှောင်ကြုတ်သွားသည်။
ဒါက ဘယ်လိုမေးခွန်းမျိုးလဲ...
“သူဘယ်မှ မသွားဘူး…သူက ကိုယ့်ကိုယ်ကိုယ်သတ်သေသွားတယ်"
စင့်မာခေါင်၏ နှုတ်ခမ်းများ အပေါ်ကွေးတက်သွားပြီး ယုံကြည်ချက်ရှိစွာဖြင့် ဖြေလိုက်သည်။
အသံသည် မည်သည့်တုံ့ပြန်မှုမျှ မပြုပေ။ သို့သော်လည်း တံခါးမှာ ဖြည်းလေးစွာဖြင့် ပွင့်လာသည်။
“ဘာလို့ သတ်သေသွားတာလဲ"
ချင်နန် စင့်မာခေါင်ကို အသံပို့လွှတ်လိုက်သည်။
“အာ…မင်းမသိဘူးပဲ…ကိုယ့်ကိုယ်ကိုယ်သတ်သေသွားတဲ့လူက လွန်ခဲ့တဲ့နှစ်သုံးထောင်က သိုင်းဘုရင်တစ်ယောက်ပဲ…သူ့ချစ်သူသေသွားတာကို သူကြားတဲ့အချိန်မှာ သူက သူ(မ)ရဲ့ ခန္ဓာကိုယ်ကို ထွေးပွေ့ပြီးတော့ လမ်းအလယ်မှာ ရပ်နေခဲ့တယ်.....သူဘာလုပ်ရမလဲဆိုတာ သူ မသိဘူး…အဲဒီနောက်မှာ သူ ကိုယ့်ကိုယ်ကိုယ်သတ်သေသွားခဲ့တယ်"
စင့်မာခေါင် ထပ်ပြောလိုက်သည်။
“အဓိကတပည့်တချို့တောင် မေးခွန်းကို မဖြေနိုင်ဘူး"
ချင်နန် ခေါင်းညိတ်လိုက်သည်။
ပထမဆုံး သူတို့၏ ကျင့်ကြံမှုကို စမ်းသပ်ခဲ့သည်။ ဒုတိယအနေဖြင့် စိတ်နှစ်ခွဖြစ်စေသော မေးခွန်းကို မေးကာ ထိုလူသည် အဝါရောင်နွေဦးဆိုင်ထဲသို့ ဝင်ရန် ထိုက်တန်ခြင်းရှိမရှိကို ဆုံးဖြတ်ခဲ့သည်။
တံခါးလုံးဝပွင့်လာသောအခါ ချင်နန်နှင့် စင့်မာခေါင်တို့ ဆိုင်ထဲဝင်လိုက်သည်။
ဆိုင်ထဲ၌ ထိုင်ခုံရှစ်ခုနှင့် ကြီးမားသော အဖြူရောင်ကျောက်စိမ်းစားပွဲရှိနေသည်။
ထိုင်ခုံခြောက်ခု၌ လူများထိုင်နေကြပြီး နှစ်ခုံလွတ်နေသည်။
“သိုင်းဘုရင်"
ချင်နန် အံ့အားသင့်သွားသည်။
ချင်နန် လူစုကို သူ၏ ဘယ်ဘက်မျက်လုံးဖြင့် ကြည့်ရှုလိုက်ရာ ဦးဆောင်သူနေရာ၌ ထိုင်နေသော လူများသည် သိုင်းဘုရင်တစ်ယောက်ဖြစ်ကြောင်း သူတွေ့ရှိလိုက်ရသည်။ ထို့ပြင် သိုင်းဘီဘင်အဆင့်ရှစ် နှစ်ယောက်မှတစ်ပါး အခြားသူများအားလုံးသည် သိုင်းဘုရင်တစ်ဝက်အဆင့်ကျင့်ကြံသူများဖြစ်ကြသည်။
“ဝိုး…သိုင်းဘုရင်တစ်ယောက်က ကြီးကြပ်တယ်…ငါတို့ ဒီနေ့ ကံကောင်းပြီပဲ"
စင့်မာခေါင်၏ အသံထဲ၌ စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။
သူတို့လူခြောက်ယောက်ကို တွေ့သကဲ့သို့ လူခြောက်ယောက်လည်း သူတို့ကို တွေ့လိုက်သည်။
အကြည့်တစ်ချက်နှင့်ပင် လေထုမှာ ရုတ်တရက် တင်းကျပ်လာသည်။
ဦးဆောင်နေရာ၏ ဘေးဘက်၌ ထိုင်နေသော လူသည် ဟက်ဟက်ပက်ပက်ရယ်မောလိုက်ပြီး အက်ကွဲသော အသံဖြင့် ပြောလိုက်သည်။
“သိုင်းဘီဘင်အဆင့်ခြောက် ဒါမှမဟုတ် သိုင်းဘီဘင်အဆင့်ခုနှစ်ကလေးနှစ်ယောက်က အထဲကို ဝင်လာကြတယ်လား…မင်းတို့ ဘယ်သူလဲဆိုတာ ငါတို့ကိုပြော…မဟုတ်ရင် ထွက်သွား"
ထိုလူမှာ ကျီးကန်းဘုရင်ဖြစ်သည်။
သူသည် လေလံပွဲ၌ သူလိုချင်သည့် အရာများစွာကို မရခဲ့ပေ။ ထို့ကြောင့် သူ စိတ်ကြည်ခြင်းမရှိပေ။
အခြားသူများသည် ၎င်းမှာ အချိန်ဖြုန်းခြင်းဖြစ်သကဲ့သို့ တိတ်ဆိတ်စွာသာ ရှိနေသည်။
ချင်နန် နဂါးငါးကောင်တံဆိပ်ကို တည်ငြိမ်စွာဖြင့် ထုတ်ယူလိုက်သည်။
“နဂါးငါးကောင်တံဆိပ်.…"
လူတိုင်း၏ မျက်လုံးများ ပြူးကျယ်သွားသည်။ နဂါးငါးကောင်တံဆိပ်၏ အရေးပါမှုကို သူတို့ ရှင်းလင်းစွာ သိကြသည်။
ထို့ကြောင့် ထိုလူနှစ်ယောက်သည် သိုင်းဘုရင်နှစ်ယောက်၏ သားများဖြစ်နိုင်ကြောင်း ညွှန်ပြနေသည်။
“ငါမင်းတို့ရဲ့ အဖေနဲ့ တွေ့လို့ရမလား…ငါသူ့ကို သိရင် သိလောက်တယ်"
တတိယထိုင်ခုံ၌ ထိုင်နေသော ကျင့်ကြံသူပြောလိုက်သည်။ သူနှင့် သူ့အနားတွင်ရှိသော လူမှာ သိုင်းဘီဘင်အဆင့်ရှစ်ဖြစ်သည်။
သူတို့မှာ ဟော်ဝူလုံနှင့် နောက်ထပ်သိုင်းဘုရင်တစ်ယောက်၏ သားဖြစ်သည်။
သူတို့သည် နဂါးငါးကောင်တံဆိပ်အား မြင်သည့်အခါ လေလံပွဲ၌ ဖြစ်ပွားခဲ့သည့် အဖြစ်အပျက်ကို ချက်ချင်းအမှတ်ရသွားသည်။
သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူက ဒီနှစ်ယောက်လား…
“ငါအခု သတိရပြီ… ဒီနေ့ မင်းတို့ လေလံပွဲကို သွားခဲ့တယ်မလား"
ကျီးကန်းဘုရင် အေးစက်သော လေသံဖြင့် မေးလိုက်သည်။
“ဟား…ဟား…သူတို့က သတ္တမထပ်ကဆိုတာ ငါလောင်းရဲတယ်"
နောက်ထပ် တအံ့တဩအသံကို ကြားလိုက်ရသည်။ အင်မော်တယ်ဆံဖြူဝိုင်ပင်ဖြစ်သည်။
ချင်နန်နှင့် စင့်မာခေါင် တည်ငြိမ်စွာ ရှိနေကြသည်။
သူတို့သည် နဂါးငါးကောင်တံဆိပ်အား ပြလိုက်သောကြောင့် သူတို့၏ သရုပ်မှန်ပေါ်ပေါက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းစွာ သိသည်။ သို့သော်လည်း ၎င်းသည် ခြားနားမှုရှိပါသလော…
ထိုလူများသည် သူတို့ အစစ်အမှန် မည်သူဖြစ်ကြောင်းကို မသိကြပေ။
“တော်လောက်ပြီ…ကျေးဇူးပြုပြီးထိုင်ပါ…အလုပ်ကိစ္စအကြောင်းဆွေးနွေးတာပေါ့"
လျှို့ဝှက်ဆန်းကြယ်သော သိုင်းဘုရင်ပြောလိုက်သည်။
လူတိုင်း ချက်ချင်းတိတ်ဆိတ်သွားကြသည်။
သို့သော်လည်း ကျီးကန်းဘုရင်၊ အင်မော်တယ်ဆံဖြူဝိုင်၊ ဟော်ဝူလုံနှင့် အခြားသိုင်းဘုရင်၏ သားမှာ ချင်နန်နှင့် စင့်မာခေါင်ကို ကြည့်နေကြသည်။
အထူးသဖြင့် ဟော်ဝူလုံဖြစ်ပြီး ထိုအချိန်၌ မကျေမနပ်ခံစားနေရသည်။
သူတို့သည် လေလံပွဲ၌ ရှိနေခဲ့ကြောင်းကို သူ ယုံကြည်ချက်ရှိသည်။ ဆိုလိုသည်မှာ သူသည် သိုင်းဘီဘင်အဆင့်ခြောက်နှစ်ယောက်၏ ခြိမ်းခြောက်ခြင်းခံခဲ့ရသည်။
အဆင့်အတန်းအရ သူတို့သည် အများဆုံး သိုင်းဘုရင်နှစ်ယောက်၏ သားများသာဖြစ်နိုင်သည်။ သို့ရာတွင် သူ့အဖေမှာလည်း သိုင်းဘုရင်တစ်ယောက်ဖြစ်သည်။
“ဒါက ငါယူလာတဲ့ အဆုံးမဲ့ အဆောင်လုံးပဲ"
သိုင်းဘုရင်သည် အလုံးတစ်လုံးကို ထုတ်ယူလိုက်ပြီး စားပွဲပေါ်တင်လိုက်သည်။ အလုံးပေါ်တွင် မရေမတွက်နိုင်သော ပုံရိပ်ယောင်များ ပြည့်နှက်နေသကဲ့သို့ နူးညံ့သော အဖြူရောင်အလင်းတစ်ခုထုတ်ဖော်နေသည်။
လူတိုင်း၏ အသက်ရှူမှု ချက်ချင်းတင်းကျပ်သွားသည်။
သိုင်းဘုရင်တစ်ယောက်၏ ရတနာမှာ မျှော်လင့်ထားသည့်အတိုင်းပင်ဖြစ်သည်။
🐱🐱🐱🐱🐱
အပိုင်း (၉၉၀) မျက်နှာမဲ့ရုပ်တု
“ကျုပ်မှာ အရွက်သုံးထောင်ပန်းရှိတယ်"
“ဒီအဆုံးမဲ့အဆောင်လုံးက အရမ်းအဖိုးတန်လွန်းတယ်…ကျုပ်မှာ ဒီရှေးဟောင်းဓားရှိတယ်…ခင်ဗျားစိတ်ဝင်စားလား…"
“စီနီယာကျုပ်မှာ ခြောက်ဆင့်အရည်သုံးစက်ရှိတယ်"
ကျီးကန်းဘုရင်၊ ဟော်ဝူလုံနှင့် အခြားသူများသည် သူတို့ ပစ္စည်းများကို ထုတ်လိုက်ကြသည်။
“ချင်နန် ဒီအဆုံးမဲ့အဆောင်လုံးက ငါ့အတွက် အသုံးဝင်တယ်…ငါကြိုးစားကြည့်လိုက်ဦးမယ်"
စင့်မာခေါင် ချင်နန်ကို ကြည့်လိုက်သည်။ အဆုံး၌ နဂါးငါးကောင်တံဆိပ်သည် ချင်နန်၏ အပိုင်ဖြစ်သည်။
“မင်းက ငါ့ကို ဘာလို့ပြောနေတာလဲ…လုပ်ပေါ့ဟ"
ချင်နန် အနည်းငယ်တင်းသော လေသံဖြင့် ပြောလိုက်သည်။
လေလံပွဲမှ ယူခဲ့သည့် ပစ္စည်းလေးခုသည် အလွန်အဖိုးတန်သော်လည်း ချင်နန်မည်သည့်အရာကိုမှ လိုအပ်ခြင်းမရှိပေ။
ထို့ကြောင့် သူ၏ ညီအစ်ကိုအသုံးဝင်သော တစ်စုံတစ်ခုနှင့် လဲလှယ်ခြင်းအား သူ စိတ်ထဲမထားပေ။
စင့်မာခေါင် ခေါင်းကုတ်ကာ ရယ်မောလိုက်ပြီးနောက် ပြန်လည်မွေးဖွားခြင်းပန်းကို ထုတ်ယူလိုက်သည်။
ပြန်လည်မွေးဖွားခြင်းပန်းအား ကြည့်ကာ ကျီးကန်းဘုရင်၊ ဟော်ဝူလုံနှင့် အခြားသူများ၏ မျက်လုံးများ အရောင်လက်သွားသည်။ ယခု၌ သူတို့ သေချာသွားပြီဖြစ်သည်။
“ဒါတွေက တစ်ခုမှ မလုံလောက်သေးဘူး"
သိုင်းဘုရင် တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
ကျီးကန်းဘုရင်နှင့် အင်မော်တယ်ဆံဖြူဝိုင်တို့ မျက်မှောင်ကြုတ်သွားသည်။ အဆုံးမဲ့အဆောင်လုံးမှာ အလွန်ရှားပါးသည့်တိုင် သူတို့၏ ကမ်းလှမ်းမှုထက် ပိုပြီးအဖိုးမတန်ပေ။
“စီနီယာ…ကျုပ်ခြောက်ဆင့်အရည်ငါးစက်ကို ထပ်ပေါင်းထည့်ပေးမယ်"
ဟော်ဝူလုံ အံကြိတ်ကာ ပြောလိုက်သည်။
အဆုံးမဲ့အဆောင်လုံးသည် သူလေ့ကျင့်သည့်သိုင်းပညာအတွက် အကောင်းဆုံးဖြစ်သည်။
“ကျုပ်နောက်ထပ် ရှေးဟောင်းစာလိပ်တစ်ခုထပ်ထည့်ပေးမယ်…စီနီယာအဲဒါရဲ့ တန်ဖိုးကို သိလိမ့်မယ်လို့ ကျုပ်ယုံကြည်ပါတယ်"
စင့်မာခေါင် အပြာရောင်သွေးစက်ခုနှစ်စက်စွန်းထင်းနေသည့် စာလိပ်တစ်ခုကို ထုတ်ယူလိုက်သည်။
ဟော်ဝူလုံ အံ့အားသင့်သွားသည်။
စင့်မာခေါင်သည်လည်း အဆုံးမဲ့အဆောင်လုံးအတွက် ယှဉ်ပြိုင်လိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။
“ကောင်းပြီ…ငါမင်းနဲ့ လဲမယ်"
သိုင်းဘုရင် စင့်မာခေါင်ကို ကြည့်ကာ ခေါင်းညိတ်လိုက်သည်။
စင့်မာခေါင် ပျော်ရွှင်သော မျက်နှာထားဖြင့် ဖြစ်သွားသည်။ အဆုံးမဲ့အဆောင်လုံးနှင့်ဆိုပါက သူသည် သူခိုးများ၏ နတ်ဘုရားဖြစ်လာရန် ခြေနောက်တစ်လှမ်းနီးကပ်သွားပြီဖြစ်သည်။
“မင်းတို့နှစ်ယောက် မင်းတို့အဖေဘယ်သူလဲဆိုတာ ငါဂရုမစိုက်ဘူး…ဒါပေမဲ့ မင်းတို့ ဘယ်သူလဲဆိုတာ ငါမသိဖို့ ဆုတောင်းထားကြ…မဟုတ်ရင် ငါမင်းတို့ကို ပြန်ပေးဆပ်ခိုင်းမယ်"
ဟော်ဝူလုံ ချင်နန်နှင့် စင့်မာခေါင်ကို အသံပို့လွှတ်လိုက်သည်။
သူသည် လေလံပွဲ၌ လှည့်စားခံခဲ့ရကာ ယခု၌ အရှက်ရခဲ့သည်။ ယခု၌ သူလိုချင်သည့်အရာကိုလည်း လုယူခံခဲ့ရသည်။
သူ မည်ကဲ့သို့ ဒေါသမထွက်ဘဲ နေပါမည်နည်း…
“သိုင်းဘုရင်ဟော်လင်က ဒဏ္ဌာရီလူတစ်ယောက်ပဲ…ဒါပေမဲ့ သူ့ရဲ့ သားက ဒီလောက်အရှက်မဲ့လိမ့်မယ်လို့ ငါလုံးဝမထင်ထားခဲ့ဘူး…တရားမျှတတဲ့ ပြိုင်ပွဲမှာ ရှုံးတာနဲ့ပဲ ငါတို့ကို ခြိမ်းခြောက်ဖို့ ကြိုးစားနေတာလား…မင်းအရှက်မရှိဘူးလား"
စင့်မာခေါင် ဟက်ဟက်ပက်ပက်ရယ်မောကာ ပြောလိုက်သည်။
ဟော်ဝူလုံ၏ မျက်နှာနက်မှောင်သွားပြီး ချက်ချင်းထရိုက်ချင်စိတ်များ ထွက်ပေါ်လာသည်။ သို့သော်လည်း အဆုံး၌ သူ သည်းခံလိုက်သည်။
ဤနေရာသည် ထိုသို့လုပ်ရန် နေရာမဟုတ်ပေ။
ချင်နန်မှာမူ သူ့ကို စိတ်အနှောက်အယှက်အဖြစ်ခံကာ ကြည့်ပင်မကြည့်ပေ။
ထို့နောက် အခြားသူများသည် သူတို့၏ အဖိုးတန်ပစ္စည်းများကို ပြလိုက်သည်။
ချင်နန် ပစ္စည်းများကြောင့် အံ့အားသင့်ခဲ့သည်။
သို့သော်လည်း သူအနည်းငယ်လည်း စိတ်ပျက်နေသည်။ ပစ္စည်းများသည် အလွန်ထူးခြားသည့်တိုင် မည်သည့်အရာကမှ သူ့အတွက် အသုံးမဝင်ပေ။
သူသည် သူ၏ သိုင်းသစ်ပင်အား တိုးတက်နိုင်စွမ်းရှိသည့်အရာ သူ၏ ဘုရင်သိုင်းပညာများအား အစွမ်းထက်စေသည့်အရာများကိုသာ စိတ်ဝင်စားသည်။
“ဟီး…ဟီး…ဒီမျက်နှာမဲ့ရုပ်တုက ငါနတ်ဘုရားတစ်ဝက်ဒေသက တိုက်တိုက်ဆိုင်ဆိုင်ခဲ့တာပဲ…ငါ့ရဲ့ အထင်အရဆိုရင် အထဲမှာ အစွမ်းထက်တဲ့ စွမ်းအင်တစ်ခုပါတယ်…ဒါက အမွေအနှစ်တစ်ခုခုနဲ့ ဆက်စပ်နေမယ်လို့ ငါယုံကြည်တယ်…ဘယ်သူစိတ်ဝင်စားကြလဲ"
ကျီးကန်းဘုရင် ရယ်မောလိုက်ပြီး မျက်နှာမပါသော ကျန်တစ်ဝက်မြင့်သည့် ရုပ်တုတစ်ခုကို ထုတ်ယူလိုက်သည်။
ဟော်ဝူလုံနှင့် အခြားသိုင်းဘုရင်၏ သား နှလုံးခုန်မြန်သွားကြသည်။ ၎င်းမှာ အမှန်တကယ်ကို ကျီးကန်းဘုရင်၏ လက်ထဲတွင် ဖြစ်သည်။
“ချေး…ဒါ…"
စင့်မာခေါင် အလွန်အံ့အားသင့်သွားသည်။
“ဟမ်…မင်းအဲဒါကို သိလား"
ချင်နန်သည် မျက်နှာမဲ့ရုပ်တုကို ဘယ်ဘက်မျက်လုံးဖြင့် စစ်ဆေးလိုက်ပြီး ကျွမ်းဝင်သော အော်ရာတစ်ခုကို တွေ့ရှိလိုက်သည်။ သို့သော်လည်း အဘယ်ကြောင့်ဖြစ်မှန်း သူ မရှင်းပြနိုင်ပေ။
“ဒီမျက်နှာမဲ့ရုပ်တုက လွန်ခဲ့တဲ့ နှစ်တစ်သောင်းက စာလုံးကိုးလုံးသိုင်းနတ်ဘုရားနဲ့ ဆက်နွှယ်နေတာဖြစ်နိုင်တယ်....ဟူး…ကျီးကန်းဘုရင်က တန်ဖိုးကို လုံးဝမသိဘူး…မဟုတ်ရင် သူ ဒါကို လဲမှာမဟုတ်ဘူး"
စင့်မာခေါင်၏ အသံထဲ၌ အံ့အားသင့်မှုများ ပြည့်နှက်နေသည်။
“စာလုံးကိုးလုံးသိုင်းနတ်ဘုရား....သင်္ကေတစာလုံးကိုးလုံးလား…"
ချင်နန်၏ မျက်လုံးများ မှေးစင်းသွားသည်။
မျက်နှာမဲ့ရုပ်တုသည် သင်္ကေတစာလုံးကိုးလုံး၏ ဆက်ခံသူဂွန်ယောင်နှင့် ဆက်စပ်နေလိမ့်မည်ဟု သူ လုံးဝမထင်ထားခဲ့ပေ။
“စီနီယာ ကျုပ်အဲဒါကို နဂါးသွဲ့ကျောက်ပန်းတစ်ပွင့်ရယ် ရှေးဟောင်းစာလိပ်တစ်လိပ်ရယ်နဲ့ ကုန်သွယ်ချင်ပါတယ်"
ဟော်ဝူလုံ တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
ကျီးကန်းဘုရင်၏ မျက်လုံးများ အရောင်လက်သွားပြီး ကမ်းလှမ်းမှုကို လက်ခံရန် ပြင်လိုက်သည်။
“ကျုပ်မျက်နှာမဲ့ရုပ်တုကို နှစ်တစ်သောင်းသွေးဂျင်စင်းနဲ့ လဲမယ်"
ချင်နန် ပြောလိုက်သည်။
ယခု၌ ဂွန်ယောင် မည်သည့်နေရာကို ရောက်ကြောင်း သူ မသိသော်လည်း သူသည် ဂွန်ယောင်နှင့် ဆက်နွှယ်နေသည့် မျက်နှာမဲ့ရုပ်တုကို တွေ့သောကြောင့် ရအောင်အကောင်းဆုံးကြိုးစားမည်ဖြစ်သည်။
“အိုး"
ကျီးကန်းဘုရင်၏ ချင်နန် အပေါ် မကျေမနပ်ဖြစ်နေမှုများ ပျောက်ကွယ်သွားသည်။
ချင်နန်သည် သူ့အတွက် အလွန်အသုံးဝင်သော နှစ်တစ်သောင်းသွေးဂျင်စင်းကို ကမ်းလှမ်းလိမ့်မည်ဟု သူ လုံးဝမထင်ထားခဲ့ပေ။
“မင်းဘာလုပ်တာလဲ"
ဟော်ဝူလုံနှင့် သိုင်းဘုရင်၏ သား အံ့အားသင့်သွားသည်။
သူက မျက်နှာမဲ့ရုပ်တုရဲ့ တန်ဖိုးကို သိတာလား…
သူတို့သာလျှင် တိုက်ဆိုင်မှုကြောင့် မျက်နှာမဲ့ရုပ်တု၏ အမှန်တရားကို သိရှိခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း စင့်မာခေါင်ကဲ့သို့ ရုပ်တုသည် ဒဏ္ဍာရီလာ စာလုံးကိုးလုံးသိုင်းနတ်ဘုရားနှင့် ဆက်နွှယ်သည်ဟု သိကြခြင်းမဟုတ်ချေ။
မဟုတ်ပါက သူတို့၏ အဖေများပင် ရောက်လာကြလိမ့်မည်ဖြစ်သည်။
“ကျုပ်ယင်ယန်မွေးဖွားခြင်းဆေးလုံး…အင်မော်တယ်အလင်းဆေးလုံးသုံးလုံးနဲ့ ရှေးဟောင်းကျောက်စိမ်းတံဆိပ်တစ်ခု ထပ်ထည့်ပေးမယ်…စီနီယာဘယ်လိုထင်လဲ"
ဟော်ဝူလုံ သူ၏ မိတ်ဆွေနှင့် အကြည့်ချင်းဖလှယ်ပြီးနောက် တုန်လှုပ်ဖွယ်ရာ ကမ်းလှမ်းမှုကို ပြုလုပ်လိုက်သည်။
သူတို့ ဤနေရာသို့ရောက်လာခြင်းမှာ မျက်နှာမဲ့ရုပ်တုအတွက်ဖြစ်သည်။
အခြားသူများ အံ့အားသင့်သွားကြသည်။
သူတို့သည် ဤကဲ့သို့ ရက်ရောသောကမ်းလှမ်းမှုမျိုးကို ပြုလုပ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
“ကျုပ်ရေခဲပိုးသစ်သားညှာတံနဲ့ ဗုဒ္ဓအဆောင်ငါးခုထပ်ပေါင်းထည့်ပေးမယ်"
ချင်နန် ချက်ချင်းပင် လေလံပွဲမှ ရရှိခဲ့သည့် ပစ္စည်းများကို ကမ်းလှမ်းလိုက်သည်။
“အပေးအယူဖြစ်ပြီ"
ကျီးကန်းဘုရင်သည် တုံ့ဆိုင်းခြင်းမရှိဘဲ ချင်နန်အာူ မျက်နှာမဲ့ရုပ်တုကို ပေးလိုက်သည်။
လေလံပွဲ၌ ချင်နန်ယူသွားသည့် အရာအားလုံးမှာ သူ လိုချင်သည့်အရာများဖြစ်သည်။
“မင်း"
ဟော်ဝူလုံနှင့် သူ၏ မိတ်ဆွေတို့ ဒေါသထွက်သွားကြသည်။
သို့သော် ရတနာချင်နန်၏ လက်ထဲကျရောက်သွားသည်ကို သူတို့ ကြည့်နေရုံသာ တတ်နိုင်သည်။
“အရမ်းကောင်းတယ်…မင်းတို့နှစ်ယောက်က ငါ့ကို တကယ်အထင်ကြီးစေခဲ့တာပဲ…ဒီကိစ္စပြီးတာနဲ့ ငါတို့မင်းတို့ကို သေချာပေါက် ခြေရာခံမယ်"
ထို့နောက် ဟော်ဝူလုံ ခက်ထန်သော အသံဖြင့် ပြောလိုက်သည်။
ချင်နန်နှင့် စင့်မာခေါင် သူတို့၏ ခြိမ်းခြောက်မှုများကို လုံးဝလျစ်လျူရှုလိုက်သည်။
လဲလှယ်မှုများ ဆက်လက်ဖြစ်ပွားနေသည်။
ချင်နန်နှင့် စင့်မာခေါင်သည် သူတို့လိုချင်သည့်အရာများကို ရရှိခဲ့သော်လည်း ရတနာများကုန်သွယ်ခြင်းကို စိတ်လှုပ်ရှားနေကြဆဲဖြစ်သည်။
“အချိန်ပြည့်ပြီ"
သုံးနာရီကြာပြီးနောက် လျှို့ဝှက်ဆန်းကြယ်သော သိုင်းဘုရင် ပြောလိုက်သည်။
“နောက်ကျမှ ပြန်တွေ့တာပေါ့"
သိုင်းဘုရင်သည် သူ၏ ထိုင်ခုံမှ ထကာ အစွမ်းထက်သော အော်ရာတစ်ခုအား ထုတ်လွှတ်၍ အဝါရောင်နွေဦးဆိုင်၏ ပုံရိပ်ယောင်ကို ဖျက်ဆီးလိုက်သည်။
လူတိုင်းသည် ဖြောင့်မတ်ခြင်းမြို့သို့ တည်နေရာကူးပြောင်းခံလိုက်ရသည်။
အရုဏ်ဦးသို့ရောက်နေပြီဖြစ်ကာ ဖြောင့်မတ်ခြင်းမြို့၏ နေ့သစ်တစ်ရက်မှာ အလုပ်ရှုပ်နေပြီဖြစ်သည်။
“အဲဒီလူယုတ်မာနှစ်ကောင် အရမ်းဒေါသထွက်နေကြလိမ့်မယ်…ဟား…ဟား…ဟား… ချင်နန် အခု ဒါပြီးသွားပြီ…မင်းရဲ့ နောက်ထပ်အစီအစဉ်က ဘာလဲ"
စင့်မာခေါင် တည်းခိုခန်းသို့ ပြန်ရင်း မေးလိုက်သည်။
“ငါတားမြစ်နေရာတွေကိုသွားမယ်"
ချင်နန် တစ်ခဏစဉ်းစားပြီးနောက် ပြောလိုက်သည်။
ဖြောင့်မတ်ခြင်းမြို့သို့ လာခဲ့သည့် သူ၏ အချိန်သည် သူ၏ ကျင့်ကြံမှုအား မတိုးတက်စေခဲ့သော်လည်း သူသည် ဂွန်ယောင်နှင့် စင့်မာခေါင်ကို ကူညီနိုင်ခဲ့သောကြောင့် ကျေနပ်နေသည်။
ထို့ကြောင့် သူ့အတွက် တားမြစ်နေရာများတွင် ကျင့်ကြံရန် အချိန်ရောက်ပြီဖြစ်သည်။
“ကောင်းပြီ…ဒီလိုဆို ငါတို့ လမ်းခွဲကြတာပေါ့"
စင့်မာခေါင် မျက်စိတစ်ဖက်မှိတ်ပြလိုက်ပြီးနောက် လူအုပ်ထဲ တိုးဝင်ပျောက်ကွယ်သွားသည်။
ချင်နန်သည်လည်း ပြုံးကာ တည်းခိုခန်းသို့ ပြန်လိုက်ပြီး ခရီးဆက်ရန် ပြင်လိုက်သည်။
သို့သော်လည်း ရုတ်တရက် သူ၏ ခြေလှမ်းများ ရပ်တန့်သွားသည်။
“ဒါက…"
သူ၏ မျက်လုံးများသည် ဆိုင်ခန်းတစ်ခုပေါ်မှ ထူးဆန်းသော စေတီလေးတစ်ခုပေါ်သို့ ကျရောက်နေသည်။
ထိုအချိန်၌ မိုးချုန်းသံတစ်သံကို ကြားလိုက်ရသည်။
ချင်နန်သည် ထူးဆန်းသော အရာတစ်ခုကို ကြည့်ပြီးနောက် သူ မမျှော်မှန်းအရာတစ်ခုနှင့် တွေ့ရလိမ့်မည်ဟု လုံးဝမထင်ထားခဲ့ချေ။