အခန်း၁၃၀
မဆိုင်တဲ့အပေါက် ဂလိုင်နဲ့ခေါက်
.ဤအပိုင်းကိုtyping ကူရိုက်ပေးပါသော
Aye(Mommy nount) ကို ကျေးဇူးတင်ပါသည်။
.....
အမှန်ပဲ ။ကျူးယောင်လည်း
ကြယ်တာယာစစ်ပွဲများ(star wars)
ဖန်တစ်ယောက်ဖြစ်တာမို့ ခုလို လင်းရောင်ခြည်ဓားတစ်လက်ကို ဖန်တီးလိုက်နိုင်တယ်။ ဒီလင်းရောင်ခြည်ဓားဟာ သက်ဝင်လှုပ်ရှားစေခြင်းဂါထာတွေနဲ့ မီး၊ ရေ၊ လေ၊ မြေကြီး၊ သစ်သား စသောဓာတ်ငါးပါးကို အချိုးညီညီမျှမျှထည့်သွင်းပေါင်းစပ်ထားတဲ့ အဆင့်မြင့် လင်းရောင်ခြည်ဓား ဗားရှင်း ဖြစ်တယ်။ အစတုန်းက မုမေ့ယန်နဲ့ အရိပ်မည်းကို ဘယ်လိုခွဲထုတ်ရမယ် သူ တစ်ချိန်လုံး စဉ်းစားနေခဲ့တာ။ နောက်ဆုံးတော့ ခေတ်သစ် လေဆာစွမ်းအင်သုံးနည်းပညာကို သတိရသွားတယ်။ ဟုတ်တယ်လေ ဘယ်လိုဓားကများ လေဆာသုံးလင်းရောင်ခြည်ဓားထက် ပိုပြီးတော့ကောင်းနိုင်မှာလဲ။
ဒါပေမယ့် သူကြက်ကန်းဆန်အိုး တိုးသွားတယ်လို့ပြောရမယ်။ ဘာကြောင့်လဲဆိုတော့ အရိပ်မည်းက ရိုးရိုးမဟုတ်ဘဲ အမှောင်စွမ်းအင် ယင်ကနေမွေးဖွားလာတဲ့မိစ္ဆာ ဖြစ်နေတာကြောင့်ပဲ။ မိစ္ဆာတွေ ကြောက်ရွံ့စေသည့် တစ်ခုတည်းသောလက်နက်က အလင်းရောင်ပဲဖြစ်တယ်။ အခုလိုလေဆာနည်းပညာသုံးထားတဲ့ လင်းရောင်ခြည်သုံးဓားဆိုရင်တော့ သာတောင်
ကောင်းသေးတာပေါ့။
ကျူးယောင်လည်း လေဆာသုံးနည်းပညာအကြောင်းကို သူ့ဆရာကိုရှင်းပြဖို့ ကြိုးစားပေမယ့် သူ့ဆရာလို အားအားရှိတောင်ထဲ
အောင်းနေသော နှစ်တစ်သောင်း သစ်ဆွေးတုံး လူတစ်ယောက်အဖို့ နည်းပညာ မျိုးဆက်ခြင်း
ကွာဟမှုက ပြောပြန်ိုင်တာထက် များတယ်လေ။ ဒါကြောင့် သူပြောတာကို ယုယန်ခမျာ နားမလည်နိုင်ဘူး။ သူရှင်းပြလေလေ သူရှင်းပြတဲ့ပုံစံ ထူးထူးဆန်းဆန်းတွေဖြစ်လို့ လမ်း လွဲ လေလေပဲဖြစ်နေတယ်။
နောက်ဆုံး ယုလော်က သူ့ဆီကို ရောက်လာတဲ့ ထိ။
"ဆရာ ...ဆရာနဲ့ တစ်ယောက်ယောက် ကတွေ့ချင်လို့ပါတဲ့"
မုန်လာဥလေးရဲ့အသံက နည်းနည်းထူးဆန်းတယ်။ ပြီးတော့ နည်းနည်းလည်း တုံ့ဆိုင်းနေတဲ့ပုံစံပေါက်တယ်။
ကျူးယောင်လည်း သူ့ဆရာကိုလှမ်းကြည့်လိုက်တဲ့အချိန် သူ့ဆရာရဲ့ ပုံရိပ်ယောင်က ပျောက်ကွယ်သွားခဲ့ပြီ။ ဒါနဲ့ပဲ စားပွဲပေါ်မှာရှိတဲ့ကျောက်စိမ်းပြားလေးကို အိတ်ထဲ ပြန်သိမ်းထားလိုက်တယ်။ ပြီးတော့ လက်တစ်ချက် ဝေ့ရမ်းပြီး တံခါးကို ပွင့်စေလိုက်တယ်။
"ဝင်လာခဲ့"
ယုလော်က ဝေခွဲရခက်တဲ့မျက်နှာပုံစံနဲ့ ဝင်ရောက်လာတယ်။ သူ့နောက်မှာမိုးပြာရောင်ဝတ်စုံဝတ်ဆင်ထားတဲ့ လူတစ်ယောက်လည်းလိုက်လာတယ်။ ထိုလူရဲ့ချောမောတဲ့မျက်နှာက အနည်းငယ်တုံ့ဆိုင်းနေတဲ့ပုံစံပေါက်ပြီး စိတ်ဓာတ်ကျနေသယောင်လည်း ထင်ရတယ်။ မတွေ့တာကြာပြီဲဖြစ်တဲ့ ဝူဆောင်းပဲဖြစ်တယ်။ ကျူးယောင်လည်း ဘာ့ကြောင့် ယုလော်ရဲ့ပုံစံက ဝေခွဲရခက်နေလဲဆိုတာ သိသွားတော့တယ်။
"နတ်ဝိဇ္ဇာသခင်ကို နှုတ်ခွန်းဆက်သပါတယ်"
ဝူဆောင်းက ကျူးယောင်ကို တရိုတသေ ဂါရဝပြုတယ်။ သူ့ရဲ့ ရိုသေဂါရဝပြုမှုက ပုံမှန်ထက်တောင် ပိုလွန်းနေသလိုပဲ။
ကျူးယောင်လည်း အနည်းငယ်မျက်မှောင်ကျုံ့သွားတယ်။ တခုခုဖြစ်တော့မယ်လို့ သူ့စိတ်ထဲ ခံစားလိုက်ရတယ်။ ယုလော်ပြီးလို့ရှိရင် ဝူဆောင်းက သူ ဂရုအစိုက်ဆုံးကလေးလို့တောင်ပြောလို့ရတယ်။ ဒါပေမယ့် ဒီ ဂရုအစိုက်ဆုံးကလေးကပဲ သူ့ကို စိတ်အပျက်စေခဲ့ဆုံးဖြစ်တယ်။
"ဂိုဏ်းချုပ်ဝူ ကျွန်မတို့ ကျောက်စိမ်းသစ်တောကို ဘာကိစ္စရှိလို့များလာခဲ့တာလဲ"
ဝူဆောင်းလည်း မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်တယ်။ ပြီးတော့ မျက်နှာလည်း အနည်းငယ်ဖြူလျော့လာတယ်။ ကျူးယောင်ပြောလိုက်တဲ့ စကားထဲက ဂိုဏ်းချုပ်ဝူဆိုတာက သူ့ကို သရော်နေမှန်း လှောင်နေမှန်း ခံစားရလို့ဖြစ်တယ်။ သို့ပေမယ့်လည်း လက်ရှိ သူတို့မိုးပြာပျံသန်းဂိုဏ်းရဲ့အခြေအနေကိုစဉ်းစားကြည့်တော့ သူ့မှာရွေးချယ်စရာမရှိဘူး။ ဒါ့ကြောင့် သူလည်း အံကြိတ်ရင်း မျက်နှာပြောင်ပြောင်နဲ့ပဲ ဆက်ပြောရတယ်။
"ကျွန်တော်တို့တောင်ဆီ ဂိုဏ်းချုပ်အဖြစ်ပြန်လာဖို့ နတ်ဝိဇ္ဇာကို ကျွန်တော် လာရောက် တောင်းဆိုတာပါ"
"မင်းတို့ေတာင်ကိုပြန်လာရမယ်..."
ကျူးယောင်လည်းအားပါးတရရယ်မောလိုက်တယ်။
"ဘယ်ေတာင်ဆီကိုပြန်လာရမှာလဲ"
ဝူဆောင်းလည်း ရှက်လွန်းလို့ နေရာမှာလဲသေလိုက်ချင်ပေမယ့် ရွေးချယ်စရာမရှိတာကြောင့် အရှက်မရှိ မျက်နှာပြောင်ပြောင်နဲ့ ပြောစရာရှိတာကို ဆက်ပြောရတော့တယ်။
"လောလောဆယ်တော့ ကျွန်တော်တို့မိုးပြာပျံသန်းဂိုဏ်းက လူတကာရဲ့ ဖယ်ကျဉ်ခြင်းရှောင်ခွာခြင်းကိုခံနေရတယ်
အားလုံးကလည်းဝိုင်းပြီးတော့ နှိပ်ကွပ်ကြတယ်... ဂိုဏ်းမှာရှိတဲ့ဂိုဏ်းသူဂိုဏ်းသားတွေအကုန်လုံးလည်း အသက်ဘေးရန်ကိုကြောက်ရွံ့ပြီးတော့ နေနေကြရတယ်။ နတ်ဝိဇ္ဇာသခင်ကျေးဇူးပြုပြီးတော့ ဂိုဏ်းကိုပြန်လာပါ..
ပြီးတော့ ဂိုဏ်းကို စီမံထိန်းချုပ်ပေးဖို့ ကျွန်တော် အနူးအညွတ်တောင်းဆိုပါတယ်"
ကျူးယောင်လည်း သူ့စကားက တော်တော်လေးရယ်စရာကောင်းတယ်လို့ တွေးမိတယ်။ ဝူဆောင်းလုပ်ခဲ့တဲ့ အရှုပ်အရှင်းမှန်သမျှကိုဘာကိစ္စ သူက လိုက်ပြန်ပြီးရှင်းပေးမယ်လို့ထင်နေတာလဲ။ သူပြန်ရောက်လာခါစက မိုးပြာပျံသန်းဂိုဏ်းက တက်နေလ ပမာ
ထွန်းလင်းနေတုန်းကကျတော့ သူ့ကို
ပြန်လာဖို့ ဝူဆောင်းက မပင့်ခဲ့ဘူး။ ဟော..
အခုလို မထိန်းနိုင်မသိမ်းနိုင်ကျမှ သူ့ကိုတွေးမိတယ်။ မသိရင် သူတို့ကို အရင်ဘဝက အကြွေးပေးဆပ်ဖို့များရှိနေခဲ့တယ်လို့ ထင်နေတာလား။
"မင်းတို့ဂိုဏ်းရဲ့ ဂိုဏ်းချုပ်တံဆိပ်ေတာ်ကိုတောင် ငါမင်းတို့ဆီ ပြန်ပေးပြီးသွားပြီလေ လောလောဆယ် မင်းတို့နဲ့ ငါနဲ့ ဘာအပက်အသက် အစပ်ဆက်မှ မရှိတာ.. ဘာကိစ္စငါ့ကိုပြန်လာဖို့ ပြောနေတာလဲ"
သူ့ပုံစံက လုံးဝအလျော့မပေးမယ့်ပုံစံဖြစ်နေတာကြောင့် ဝူဆောင်းလည်း အနည်းငယ်စိုးရိမ်ကြောင့်ကြလာတယ်။
"နတ်ဝိဇ္ဇာသာပြန်လာမယ်ဆိုလို့ရှိရင် ကျွန်တော်ဂိုဏ်းချုပ်နေရာကိုဖယ်ပေးဖို့စိတ်ကူးရှိပါတယ်"
"ဘာ....ဖယ်ပေးမယ်..ဟုတ်စ."
ဒီတစ်ခါတော့ ကျူးယောင်တကယ်ကို အားရပါးရ ခွက်ထိုးခွက်လန် ရယ်မိလိုက်တယ်။
"ဝူဆောင်းရယ်....
ငါက အဲ့ဒီဂိုဏ်းချုပ်နေရာကိုလိုချင်နေတယ်လို့များ နင် ထင်နေတာလား"
ဝူဆောင်းရဲ့မျက်နှာလည်း ချက်ချင်းဖျော့တော့သွားတယ်။ ကျူးယောင်အခုလို
ပြတ်ပြတ်သားသားကြီး ငြင်းဆန် ဖြေလိမ့်မယ်လို့ သူ လုံးဝ မထင်ထားခဲ့မိဘူး။ အချိန်အတော်ကြာ တွေဝေနေပြီးတဲ့နောက်မှာ သူစကားနည်းနည်း ပြောထွက်လာတယ်။
"နတ်ဝိဇ္ဇာသခင် ခင်ဗျာ ...
မိုးပြာပျံသန်းဂိုဏ်းဆိုတာ နတ်ဝိဇ္ဇာကိုယ်တိုင် ကိုယ့်ခြေ ကိုယ့်လက်တွေနဲ့ အောက်ခြေကနေတည်ဆောက်ခဲ့တာလေ... ဂိုဏ်းမှာရှိတဲ့လူတွေအကုန်လုံးက နတ်ဝိဇ္ဇာကိုလေးစားသမှုရှိပြီးသားပါ...နတ်ဝိဇ္ဇာကိုယ်တိုင် မြေစမ်းခရမ်းပျိုးသလို
တည်ထောင်ပေးခဲ့တဲ့ ဒီဂိုဏ်းကြီး
တစစီ ပြိုကွဲ ပျက်စီးသွားမှာကိုနတ်ဝိဇ္ဇာတကယ်ပဲ မြင်ချင်လို့လား" "
''အင်း ..သိပ် မြင်ချင်တာပေါ့"
ကျူးယောင်လည်း ချက်ချင်းကိုခေါင်းညိတ်လိုက်တယ်
။ ဝူဆောင်းလည်း အံ့သြမှင်သက်သွားတယ်။
ကျူးယောင်လည်း မတ်တပ်ရပ်လိုက်ပြီး ဝူဆောင်းဘေးနားမှာ ဖြတ်ေလျှာက်လာတယ်။
ဒေါသမီးလျှံတွေက သူ့ရင်ထဲမှာ တငြီးငြီး တောက်လောင်လာတယ်။
"ဂိုဏ်းချုပ်ဝူတောင်မှ ကျွန်မရဲ့ တဦးတည်းသောတပည့်ကို မိုးပြာပျံသန်းဂိုဏ်းကနေနှင်ထုတ်သေးတာပဲ... ပြီးတော့ ဒိဋ္ဌိကျင့်ကြံသူလက်ထဲကို ကျရောက်ေစ သေးတာပဲ..
ဘာကိစ္စ မိုးပြာပျံသန်းဂိုဏ်း ကျဆုံးပျက်စီးမှာကို မကြည့်ရက်ဘဲ မနေနိုင်ရမှာလဲ.... ကြည့်ကိုကြည့်ချင်တာပေါ့ ... သိပ်ကိုကြည့်ချင်တာပေါ့"
"ဒိဋ္ဌိကျင့်ကြံသူ.တဲ့လား.."
ဝူဆောင်းလည်း အနည်းငယ်အံ့သြသွားတဲ့ပုံစံနဲ့ ယုလော်ကိုလှမ်းကြည့်တယ်။
"ဘယ်နားက ဒိဋ္ဌိကျင့်ကြံသူလဲ"
"ဘာလဲ ဂိုဏ်းချုပ်ဝူက မိုးပြာပျံသန်းဂိုဏ်းနားမှာဒိဋ္ဌိကျင့်ကြံသူတွေ အမြဲတမ်းချောင်းမြောင်းနေတယ်ဆိုတာ မသိတာလား... ဒါမှမဟုတ် သိသိရက်နဲ့ကို ယုလော်ကို ဂိုဏ်းကနေ ..အဲ့ဒီရက်က မောင်းထုတ်ခဲ့တာလား"
ဘာမှမဟုတ်တဲ့ အညတြသူတွေတောင် လူတွေမှာ သည်းခံနိုင်တဲ့ အတိုင်းအတာ ဆိုတာရှိတယ်။ သူ့အဖို့လည်း အတူတူပဲ။ ယုလော်ကို အဲ့ဒီနေ့က ဝူဆောင်းဆီအပ်လိုက်တော့ ဝူဆောင်း
သူ့ကို ဘာကတိပေးခဲ့တာလဲ။ ယုလော်ကို အသက်နှင့် ထပ်တူ စောင့်ရှောက်မယ်လို့
ကျိန်ဆိုခဲ့တာလေ။နောက်ဆုံးတော့ သူကတိပေးတဲ့အတိုင်း မလုပ်နိုင်ခဲ့ဘူး။ အခုလို ယုလော်အဖို့ တစ်သက်လုံး အရှက်ရစေရမယ့် ကိစ္စ ဖြစ်လုနီးပါး
ရလဒ်တွေဖြစ်လာတယ်။ ထိုအချိန်တုန်းက သူသာ ထိုတောင်ကြားထဲ
ကဂူမှာ တခုခုဖြစ်နေတယ်လို့ စိတ်အာရုံ
မခံမိဘူးဆိုရင် ပြီးတော့ ချိပ်ပိတ်ခံထားရတဲ့ စာလိပ်ကမ္ဘာထဲက ထွက်လာတာသာနည်းနည်းနောက်ကျမယ်ဆိုရင် သူ့တပည့် ဘာဆက်ဖြစ်မယ်ဆိုတာ တွေးလို့တောင်မရဘူး။
သူ့တပည့် အနိုင်ကျင့်ခံရတော့မယ့် အချိန်ကာလကို စဥ်းစားမိတယ်ဆိုရင် မွေးသမိခင်တောင် ဝူဆောင်း
ကို မမှတ်မိလောက်တဲ့ထိ
ပိန်လိန် ကျိုးကန်းအောင် ရိုက်နှက်ပစ်ချင်စိတ်လုံးဝကို ဖြစ်လာတတ်တယ်။
"မဟုတ်ပါဘူး ....ကျွန်တော် အဲ့လိုသဘောနဲ့ မနှင်ထုတ်ခဲ့ပါဘူး"
ဝူဆောင်းကလည်း စိုးရိမ်တကြီးနဲ့ ရှင်းပြတယ်။ ထိုကာလတုန်းက ယုလော်ကိုတွေ့ရတဲ့အချိန်မှာ သူ တကယ်ချစ်တာနှစ်သက်တာက ယန်အာ( မုမေ့ယန်)ပါလို့ ပြောလိုက်မိတယ်။ အဲ့ဒီတုန်းက ယုလော် အတော်လေးဝမ်းနည်းပြီးတော့ သူ့ဘာသာသူ ရှေးဟောင်းတောင်ဂိုဏ်းကို ပြန်သွားလိမ့်မယ်လို့ မထင်ခဲ့မိဘူးလေ။ ဒါဆို ပြန်သွားတဲ့အချိန်တုန်းက ယုတ်မာတဲ့အကြံစည်ကို အကောင်ထည်ဖော် အသုံးချင်သော ဒိဋ္ဌိကျင့်ကြံသူတစ်ယောက်နဲ့ဆုံခဲ့တာပေါ့။
"
ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်လုံးဝမသိခဲ့ပါဘူးနတ်ဝိဇ္ဇာရယ်"
"ဒါဆို ယုလော်မှာ ရေအာကာသဝိညာဥ်ကြောရှိတယ်ဆိုတာတော့ နင်မမေ့လောက်ပါဘူးနော်"
ဝူဆောင်းလည်းချက်ချင်းပဲ ဘာမှမပြောနိုင်အောင်တိတ်ဆိတ်သွားတယ်။ ရေအာကာသဝိညာဥ်ကြောဆိုတာ ဘာဆိုလိုလဲဆိုတာ သူသိနေတယ်။ သူတုံးတယ်ဆိုရင်တောင်မှ ဒီကိစ္စကို လုံးဝ မမေ့သင့်ဘူးလေ။ ရေအာကာသဝိညာဥ်ကြောဆိုတာ တခြားဒိဋ္ဌိကျင့်ကြံသူတွေအဖို့ အသုံးချခံ မီးပြင်းဖိုသက်သက်ပဲ။
ယုလော်ကိုယ်တိုင်က နတ်အမြူတေ အဆင့်သာသာရှိတာကြောင့် သူ
တစ်ယောက်တည်းလွှတ်လိုက်တာက သူ့အတွက် အမှားပဲ။ ထိုအချိန်တုန်းက ကျူးယောင်ကိုယ်တိုင် ယုလော်ကို မိုးပြာပျံသန်းဂိုဏ်းမှာထားခဲ့တယ်ဆိုတာက ယုလော်ကို တယောက်ယောက်စောင့်ရှောက်စေချင်လို့ပဲ။ ဒါပေမယ့် သူ့ကိုစောင့်ရှောက်မယ်လို့ ထင်ထားတဲ့နေရာက အန္ဒရာယ် အရှိဆုံးနေရာဖြစ်မယ်လို့ ဘယ်တုန်းကမှ ကျူးယောင်မတွေးခဲ့မိဘူး။ ဝူဆောင်းလည်း သူ့ရဲ့အမှားတွေကိုသူသိသွားတာမလို့ ခေါင်းမဖော်ရဲလောက်အောင် ခေါင်းငုံ့နေမိတော့တယ်။ သို့ပေမယ့် လောလောဆယ် သူတို့ဂိုဏ်းရဲ့အခြေအနေကိုစဉ်းစားပြီးတော့ သူ့မှာ မနေနိုင်ဘဲ ဆက်ပြီးတော့တောင်းပန်ရတော့တယ်။
"ဒီကိစ္စက ကျွန်တော်တစ်ယောက်တည်းကြောင့်ဖြစ်တဲ့ကိစ္စပါ... နတ်ဝိဇ္ဇာခင်ဗျာ... ကျေးဇူးပြုပြီးတော့ အခြားဂိုဏ်းသားတွေကိုရောပြီးတော့ စိတ်မကွက်လိုက်ပါနဲ့..အခုဆိုရင် ဒိဋ္ဌိကျင့်ကြံသူတွေကလည်း ကျွန်တော်တို့ဂိုဏ်းကို ခဏခဏ
လာပြီးတိုက်ပါတယ်..ပြီးတော့ တောင်အကာအရံမရှိတော့တာမလို့ အမြဲတမ်းပဲ ဖိနှိပ်ခံနေရပါတယ်.. ကာကွယ်မယ့် နတ်ဝိဇ္ဇာအကြီးကဲလည်း မရှိတာကြောင့် အမိမဲ့သားရေနည်းငါးတစ်စုပါ...
မကြာခဏလည်း တိုက်ခိုက်ခံရပြီး ဒဏ်ရာရကြရပါတယ်.. ဂိုဏ်းထဲမှာရှိသမျှလူတွေအကုန်လုံးက ဂိုဏ်းကလွဲရင် သွားစရာနေရာမရှိကြတဲ့ တစ်ကောင်ကြွက် မိဘမဲ့တွေပါ...နတ်ဝိဇ္ဇာခင်ဗျာ ကျေးဇူးပြုပြီးတော့ အရင်တုန်းက ကိုယ်တိုင်တည်ထောင်ခဲ့တဲ့ ဂိုဏ်းသံယောဇဉ်ကို
ထောက်ထားပြီး ကျွန်တော်တို့ကို ကူညီပေးပါ"
ကျူးယောင်လည်း သက်ပြင်းတစ်ချက်ချရင်း ယုလော်ကိုကြည့်လိုက်တယ်။
"မုန်လာဥလေး မင်းဘာလုပ်ချင်လဲ''
ဝူဆောင်းကို ဒီကိုခေါ်လာခဲ့တာ ယုလော်ပဲမလို့ ပြီးတော့ ဝူဆောင်း စိတ်ဒဏ်ရာပေးတာကို အခံရဆုံးကလည်း ယုလော်ပဲလေ။ ယုလော်မှာ ဘယ်လိုအတွေးရှိလဲဆိုတာ ကျူးယောင်လည်းမသိဘူး။
ဆိုရိုးစကားတောင်ရှိသေးတယ် ခဲမှန်ဖူးသော
စာသူငယ်ဟာ နောက်တစ်ကြိမ်ပျံသန်းရမှာ
ကြောက်တတ်တယ်တဲ့။
ယုလော်ကို ထပ်ပြီးတော့ မနာကျင်စေချင်ဘူး။ အကယ်၍ သူသာဝူဆောင်းကိုခွင့်မလွတ်နိုင်သေးဘူးဆိုရင် ကျူးယောင်လည်းဘာမှ ကန့်ကွက်စရာမရှိဘူးရယ်။
ယုလော်က ခဏလောက် တိတ်ဆိတ်သွားတယ်။ သို့ပေမယ့် ခေါင်းမော့လိုက်တဲ့အခါမှာ ယုလော်ရဲ့မျက်နှာက ကြည်လင်ရှင်းသန့်လို့နေတယ်။
"ဆရာ... တပည့်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ဂိုဏ်းချုပ်ကိုသတင်းပို့လိုက်ပါမယ်.. တကယ်လို့ ဂိုဏ်းချုပ်ဝူသာ ဆန္ဒရှိမယ်ဆိုလို့ရှိရင် မိုးပြာပျံသန်းဂိုဏ်းသားတွေကို ကျွန်မတို့ဂိုဏ်းထဲ ဂိုဏ်းသားအဖြစ် လက်ခံသွင်းပေးလို့ရတယ်လေ"
"ဘယ်လို..."
ဝူဆောင်းလည်း အနည်းငယ် ကြက်သေသေသွားတယ်။ ယုလော် အခုလိုမျိုးပြောလိမ့်မယ်လို့ သူလုံးဝမထင်မိဘူးလေ။ သူတို့ရဲ့ မိုးပြာပျံသန်းဂိုဏ်းသားကို ရှေးဟောင်းတောင်ဂိုဏ်းသားအဖြစ်သာလက်ခံမယ်ဆိုရင် သူတို့မိုးပြာပျံသန်းဂိုဏ်းကိုဖျက်သိမ်းလိုက်တာနဲ့ အတူတူပဲမဟုတ်လား။ ဂိုဏ်းဖျက်သိမ်းခံရတာနဲ့ ဂိုဏ်းကို အမြစ်ပြတ်ခြေမှုန်းခံရတာဘာများကွာသွားလို့လဲ။ရှင်လျက်နှင့် ဂိုဏ်းသေဆုံးသွားရတာခြင်း
သဘောတူတယ်။
ကျူးယောင်လည်း မနေနိုင်ဘဲ ရယ်ချင်လာတယ်။ နောက်ဆုံးတော့ သူရဲ့ စိတ်ဆိုးဒေါသထွက်တာတွေလည်း ရှင်းလင်းပြီး တည်ငြိမ်သွားတော့တယ်။ ကြည့်ရတာ ယုလော်လည်း ဝူဆောင်းနဲ့ပက်သတ်ပြီး ခံစားချက် မြူမှုန်တစ်မှုန်တောင်မရှိတော့ဘူးထင်တယ်။ ပြီးတော့ ယုလော်ရဲ့ အကြံပေးချက်ကလည်းတော်တော်လေးကို ရက်ရက်စက်စက် အညှာတာမဲ့နိုင်လှတယ်။ သူတို့တွေလက်တစ်ချက် သေနတ်တစ်ချက်မဖောက်ဘဲ နယ်တစ်ခုသိမ်းပိုက်နိုင်လိုက်သလိုပဲ။
တခြားသူတွေဆီက ထက်မြက်တဲ့ဂိုဏ်းသားမြောက်များစွာကို တစ်ခဏချင်း
မပင်ပန်းဘဲ လက်ခံလိုက်နိုင်တယ်။ မြေခွေးအိုကြီးဇီမိုရဲ့ သမီးလို့မပြောရဘူး။ အဖေတူ သမီးဟာလည်း အဖေလိုပဲ တော်တော်လေးကို အကြံအဖန် အချိုချောင်လုပ်နိုင်ကြတယ်။ကျောက်ခဲကတောင် ရေရအောင်ညှစ်မယ့် သားအဖပဲ။
"ယုလော်... မင်းတကယ်ပဲ ငါတို့ဂိုဏ်းကိုပျက်စီးစေချင်တာလား"
ဝူဆောင်းကလည်း ယုလော်ကိုတောင်းပန်ဖို့ကြိုးစားတယ်။ သို့ပေမယ့် ယုလော်က
ချက်ချင်း စကားကို ကြားထဲက ဖြတ်ပြောတယ်။
"ဂိုဏ်းချုပ်ဝူ... ဒီနည်းလမ်းကအကောင်းဆုံးဆိုတာ ရှင်ဆရာ ကျွန်မပါ သိနေတာပဲ... လောလောဆယ် ဂိုဏ်းတွေအကုန်လုံးထဲမှာ ကျွန်မတို့ရှေးဟောင်းတောင်ဂိုဏ်းကလွဲရင် ဘယ်သူကများ ရှင်တို့ဂိုဏ်းသားတွေကိုလက်ခံရဲမှာလဲ"
ဝူဆောင်းလည်း ပြောစရာမရှိဖြစ်သွားတယ်။
ယုလော်ပြောတာ
အမှန်ပဲ။ မုမေ့ယန်နဲ့သူ့ရဲ့ ဟိုအရင်တုန်းကဆက်ဆံရေးကြောင့် အခုချိန်မှာ ရှိသမျှဂိုဏ်းတွေအကုန်လုံးက သူတို့ကိုအလွန်အမင်းကြောက်ရွံ့ပြီး ဖယ်ကျဉ်ထားကြတာ။ သူတို့ဂိုဏ်းသားကိုသာလက်ခံခဲ့မယ်ဆိုလို့ရှိရင် နောက်ထပ်မိစ္ဆာတစ်ကောင်ထွက်ပေါ်လာမှာကြောက်နေကြတယ်။
ပြီးတော့ အခုလို နံပါတ်တစ်ဂိုဏ်းအနေနဲ့ဦးဆောင်နေတဲ့ရှေးဟောင်းတောင်ဂိုဏ်းကသာ သူတို့ကို လက်ခံရဲတာ။
ဝူဆောင်းလည်း ကူကယ်ရာမဲ့အခြေအနေကိုရောက်နေတယ်။ ပြီးတော့ ယုလော်ပြောတာကို လက်မခံနိုင်ဘူး ဖြစ်နေတယ်။ ဒါပေမယ့် ဒီအခြေအနေကို များမကြာမီ သူ့အနေနဲ့လက်ခံရတော့မယ်ဆိုတာကိုလည်း သိနေတယ်။ သူတို့မိုးပြာပျံသန်းဂိုဏ်းရဲ့အခြေအနေက အစတည်းက ယိုင်နဲ့နဲ့ရယ်။ ကျူးယောင် စပြီးတော့ ဂိုဏ်းကိုတည်ထောင်တုန်းကလည်း အတတ်နိုင်ဆုံးဂိုဏ်းကို သိုသိုသိပ်သိပ်နေဖို့ ကြိုးစားခဲ့တယ်။ ဒါပေမယ့် သူတို့ကိုက ဘဝမေ့ပြီး ထောင်လွှားချင်လာတော့ ဘဝင်မြင့်လို့ ထင်ပေါ်ချင်လာခဲ့တယ်။ သူတို့ဂိုဏ်းတောင် အခြေတကျမဖြစ်သေးမှီမှာ မုမေ့ယန်ကို လက်ခံခဲ့မိတယ်။ ပြီးတော့ တချိန်တုန်းက ဖျက်ဆီးခံရသော မိုးပြာဖျော့ရောင်ဂိုဏ်းဖြစ်ပါတယ်ဆိုတာကိုတောင် ဝန်ခံခဲ့မိသေးတယ်။ ဘာကြောင့် ဟိုအရင်တုန်းက မိုးပြာဖျော့ရောင်ဂိုဏ်း အမြစ်ပြတ်ချေမှုန်းခံရလဲမသိပေမယ့် အခုတော့ သူတို့ရဲ့ ဂိုဏ်းလက်ကျန်တွေကျန်နေသေးတာကိုလည်းသိရော အခြားသောမိစ္ဆာဒိဋ္ဌိကျင့်ကြံသူတွေက သူတို့ကိုဘာကိစ္စလွတ်ပေးတော့မှာလဲ။ သူတို့အခြေအနေတွေက ပိုပိုပြီး ဆိုးလာတာပဲရှိတယ်။
"နှမ်းလေးရေ!..."
ကျူးယောင်လည်း ရုတ်တရက် တစ်စုံတခုကိုသတိရသွားပြီး နှမ်းလေးကိုခေါ်ထုတ်လိုက်မိတယ်။
"သခင်မ...သခင်မ ...ကျွန်တော့ကိုခေါ်လားဟင်..."
ရုံးပတီသီး အရှုံးပေးရမယ့် ချွဲပျစ်ပျစ် အီသော အသံနှင့်အတူ နှမ်းလေးက ပေါ်ပေါက်လာတယ်။
"သခင်မ...သခင်မ...ကျွန်တော့ကိုလွမ်းနေလို့လား..."
သစ်ပင်တစ်ပင်ရဲ့ နောက်ကွယ်ကနေ
ပြူတစ်ပြူတစ် ခေါင်းလေး တိုးထွက်နေ
တာ ကြည့်လိုက်ပြီးတော့ ကျူးယောင်လည်း တချက် မျက်စောင်းထိုးကြည့်လိုက်တယ်။
"နင်ဘာကိစ္စ
အေဝးကြီး မှာသွားရပ်နေတာလဲ"
"ဟီ ဟီ''
နှမ်းလေးက မသိမသာရယ်တယ်။
ဘာ့ကြောင့်အဝေးကြီးမှာရပ်နေတာလဲဆိုတော့ အ သူအရိုက်ခံရမှာ ကြောက်လို့လေ။
ဝူဆောင်းလာပြီးတော့ သူ့သခင်မကို
အပူကပ် တောင်းဆိုတယ်ဆိုကတည်းက သူဘာတွေလုပ်ခဲ့တယ်ဆိုတာ သူ့သခင်မ အနှေးနဲ့အမြန်သိသွားတော့မယ်ဆိုတာ သိနေတယ်။ ဒါကြောင့် ခပ်ခွာခွာမှာနေတာက ပိုပြီးတော့ အန္တရာယ်ကင်းတယ်လေ။
ပြောရမယ်ဆိုရင် သူကတော်တော်လေးကို
ကွက်ကျော်မြင်တတ်သော
ဉာဏ်ကောင်းတဲ့မှော်သတ္တဝါလေး
မဟုတ်လား။
... "ငါမင်းကိုမေးဦးမယ်... မိုးပြာပျံသန်းဂိုဏ်းရဲ့တောင်အကာအရံကိုဖျက်လိုက်တာ မင်းလား"
နှမ်းလေးလည်း ခေါင်းလေးငုံ့ရင်း
ပုန်းနေတဲ့သစ်ပင် ပင်စည်ကို လက်သည်းနဲ့
တကျိကျိ ဟိုခြစ်ဒီခြစ် ခြစ်နေမိတယ်။ ပြီးတော့ ကျတော် ဘာမှမသိ အပြစ်မရှိပါ ဆိုတဲ့ မျက်နှာပေးလေးနဲ့ စကားပြန်ပြောတယ်။
"ကျွန်တော်က မုန်လာဥလေးအတွက် နည်းနည်းလေး ကူညီပြီး လက်တုံ့ပြန်ပေးတာကို..."
"ဒါဆို ချန်းနင်းကိစ္စကကော ဘာဖြစ်တာလဲ"
"အဲ့ဒါက ကျွန်တော်နဲ့မဆိုင်ပါဘူး... ချန်းနင်းက သူ့ ဘာသာ သူထွက်သွားချင်တာကို... သူ့မျက်နှာဆိုးကြီးကိုတောင် ကျွန်တော့မမြင်လိုက်ဘူးရယ်..."
ထိုအချိန်တုန်းက မှော်သတ္တဝါချန်းနင်း နှမ်းလေးနောက်ကို လိုက်လာပေမယ့် နောက်ဆုံးမှာ နှမ်းလေးက ကိုယ်ယောင်ဖျောက်နိုင်လိုက်တယ်။ အင်းလေ... သူက ကွက်ကျော်ရိုက်တော်တဲ့
သတ္တဝါလည် ကျတတ်တဲ့ ဉာဏ်ကောင်း
သော မှော်သတ္တဝါလေး မဟုတ်လား။
ကျူးယောင်လည်းမျက်နှာအို သွားတယ်။ ဘာကြောင့်ဝူဆောင်းအခုလို ကူကယ်ရာမဲ့ဖြစ်နေလဲဆိုတာ အံ့ဩစရာမရှိဘူး။ တောင်အကာအရံကမရှိ၊ ဂိုဏ်းအခြေအနေကမကောင်းနဲ့ အခုတော့ ဝူဆောင်းဒုက္ခရောက်နေပြီပေါ့။
.. ဒီလိုအခြေအနေမျိုးမှာ မိုးပြာပျံသန်းဂိုဏ်းတောင့်ခံနိုင်တယ်ဆိုရင် အထင်ကြီးစရာပဲ။..
နှမ်းလေးလုပ်ခဲ့တာနဲ့ ပက်သတ်ပြီး ကျူးယောင်လည်း အနည်းငယ်တော့ စိတ်တိုပေမယ့် တကယ်တမ်းတွေးကြည့်တော့ ဒါကလည်း မိုးပြာပျံသန်းဂိုဏ်းနဲ့ထိုက်တန်တာပဲလေ။အစကတည်းက သူတို့သာ လိမ်လိမ်မာမာနေခဲ့မယ်ဆိုရင် ဒီကိစ္စတွေက ဖြစ်လာစရာအကြောင်းမရှိဘူး။ သူတို့ဘာသာ မုမေ့ယန်ကို သူတို့ဂိုဏ်းထဲခေါ်သွင်းလာကြတာ။
"ကဲကဲ... တော်ပြီ.. ငါ့ဆီ ချန်းနင်း
ခေါ်လာခဲ့ပေးဦး"
"သခင်မ..!."
နှမ်းလေးရဲ့အသံကလည်း ချက်ချင်းကို မေကျမနပ်နဲ ငြင်းဆိုတဲ့ အမူအရာဖြစ်သွားတယ်။ စွန့်ပစ်ခံရတဲ့ခွေးပေါက်လေးလို မျက်နှာနဲ့လည်းသူ့ကို ရက်စက်လှချည်လား လုပ်ရက်တယ်နော် ဆိုသောသနားစရာ မျက်နှာပေးဖြင့် ကြည့်နေတယ်။
"အခုကို ခေါ်လာခဲ့နော်''
ကျူးယောင်လည်း နှမ်းလေးဘာတွေတွေးပြီး ဘယ်လိုသနားစရာကောင်းသလဲဆိုတာ စဉ်းစားပေးမနေဘူး။ သူပြောပြီးတာတောင်နှမ်းလေးက သူ့နေရာမှာထုံပေပေရပ်နေတာမလို့ သူလည်းထပ်ပြောရတယ်။
"နင်မသွားဘူးဆိုရင်...ငါသွားခေါ်မှာနော်..."
"ဟုတ်ပါပြီ... ကျွန်တော်ပဲ သွားခေါ်လိုက်ပါ့မယ်"
ထိုအခါမှပဲ နှမ်းလေးက နေရာကနေပျောက်ကွယ်သွားတော့တယ်။
သခင်မ လာနောက်နေတာလား ။ဘာကိစ္စ တခြားမှော်သတ္တဝါတွေ သခင်မနားမှာ နေခိုင်းရမှာလဲ။ ကျွန်တော်ပဲ သခင်မရဲ့ လက်စွဲတော် သတ္တဝါလေးဖြစ်ရမယ်။
နှမ်းလေးသွားတာအချိန်သိပ်မကြာဘူး ။ ဘာကြောင့်လဲဆိုတော့ ချန်းနင်းကိုယ်တိုင်ကလည်း ဒီရှေးဟောင်းတောင်နားမှာ တဝဲလည်လည်ဖြစ်နေတာကိုး။ ရှေးဟောင်းတောင်ဂိုဏ်းတောင်အကာအရံကြောင့် သူ့မှာဝင်မရဖြစ်နေပေမယ့် နှမ်းလေးရဲ့အကူအညီနဲ့ နောက်ဆုံးမှာကျောက်စိမ်းသစ်တောတောင်ထဲကိုရောက်လာခဲ့တယ်။
"သခင်မ ..ခင်ဗျာ"
ချန်းနင်က သူ့ကို တရိုတသေနှုတ်ဆက်တယ်။ ဟိုအရင်တုန်းကလိုတောက်တောက်ပြောင်ပြောင်နဲ့ အဖြူရောင်အဝတ်အစားကို ဝတ်ဆင်ထားတုန်းပဲ။ သူ့ကိုလည်း တရိုတသေဂါရဝပြုတယ်။
"လက်အောက်ငယ်သားချန်းနင်း ...သခင်မကိုနှုတ်ဆက်ပါတယ်ခင်ဗျ"
ချန်းနင်းရဲ့ အခုလိုအပြုအမူနဲ့တင် ဟိုဈေးခပ်
ပေါပေါ ခပ်ချာချာ မှော်သတ္တဝါနှမ်းလေးထက် အဆပေါင်းများစွာသာတယ်လို့ ကျူးယောင်ခံစားမိတယ်။ သို့ပေမယ့်လည်း သူ့ရဲ့မျက်လုံးတွေက မရိုးမသား တခုခုကိုဝါးစားချင်နေတဲ့အလား ရွန်းရွန်းစားစား တောက်တောက်ပပဖြစ်နေတာကြီးကိုတော့မကြိုက်ဘူး။ နင့်မေလခွမ်း !!ဘာကိစ္စ နင်သွားရည်တွေတောင် ယိုနေရတာလဲဟယ်။
"အဟမ်း"
ကျူးယောင်လည်း ဟန်လုပ်ပြီးချောင်းတချက်ဟန့်လိုက်တယ်။ ဘယ်သူပဲဖြစ်ဖြစ် အခုလိုဝါးစားခံရမတတ်အကြည့်ခံရရင်၊ သွားရည်လည်းတမြားမြားကျနေရင်တော့ ကြောက်ကြမှာပဲလေ။ ဘာကိစ္စများ နဂါးမျိုးနွယ်ရဲ့အရှိန်အဝါက ဒီလောက်တောင်စွမ်းနေလဲဆိုတာ ကျူးယောင်စဉ်းစားလို့တောင်မရဘူး။
"ချန်းနင်း ငါ မင်းကိုအကူအညီတောင်းစရာတစ်ခုရှိတယ်"
"လက်အောက်ငယ်သား ကျွန်တော်မျိုး
သေမယ်ဆိုရင်တောင် သခင်မအတွက်အစွမ်းကုန်ပြုလုပ်ပေးချင်ပါတယ်"
ချန်းနင်းကလည်း ချက်ချင်းပဲ သူဘယ်လောက်သစ္စာရှိကြောင်း သခင်မအတွက်ဆိုရင် ဓားတောင်ကိုပဲကျော်ရ၊ မီးပင်လယ်ကိုပဲဖြတ်ရ ပါစေ လုပ်မယ်ဆိုတဲ့အကြောင်း ချက်ချင်းပဲတိုင်တည်တယ်။
"အဲ့လောက်လည်း မလိုပါဘူး"
။ကျူးယောင်လည်း ချက်ချင်းကိုခေါင်းကိုက်ချင်သလိုဖြစ်လာတယ်။
"ငါမင်းကို မှော်လက်နက်တချို့ပြုလုပ်စေချင်ရုံပါ"
ကျူးယောင်ရဲ့အကြံကရိုးရှင်းပါတယ်။ မိစ္ဆာက အလင်းရောင်ကိုကြောက်တယ်ဆိုမှတော့ ထပ်ပြီးတော့ လင်းရောင်ခြည်သုံးဓားတွေလုပ်လိုက်ရုံပဲပေါ့။ ဒီလိုနည်းနဲ့ အကယ်၍ အရိပ်မည်းသာထပ်ပေါ်လာတယ်ဆိုရင် သူ့ဘာသာတိုက်စရာမလိုတော့ဘူး။ သို့ပေမယ့် သူတစ်ယောက်တည်း ဒီလက်နက်တွေကို ပြုလုပ်လို့မရဘူး။ ချန်းနင်းကိုယ်တိုင်က ကုန်သည်တစ်ယောက်၊ သူ့လက်ထဲမှာပိုက်ဆံလည်းရှိ မှော်လက်နက် သတ္တုတွေလည်းရှိနေမှာပဲ။ သူ့ကိုအကူအညီတောင်းတာဟာ အသင့်တော်ဆုံးပဲ။ ပြီးတော့ ချန်းနင်းလိုပိုက်ဆံရှိတဲ့ ကုန်သည်တစ်ယောက်အနေနဲ့ ဘယ်နားမှာ လုပ်တတ်တဲ့ ပန်းပဲသမား ဘယ်လိုရှာရမယ်ဆိုတာ သေချာသိမှာပဲ။ ဒီလိုနည်းနဲ့ လက်နက်တွေအမြောက်အများကိုထုတ်လုပ်လို့ရတယ်လေ။ ပြီးတော့လည်း ချန်းနင်းလည်းအကျိုးမယုတ်ပါဘူး။ မိစ္ဆာကိုသာနှိမ်နင်းပြီးသွားလို့ရှိရင် လုပ်ထားတဲ့လက်နက်တွေအကုန်လုံးကို ချန်းနင်းကိုပေးလိုက်လို့ရတယ်။ ဒီလက်နက်တွေနဲ့ပက်သတ်ပြီး ချန်းနင်းကိုယ်တိုင် တခုခုလုပ်လို့ရတာပေါ့။
ချန်းနင်းကတော်တော်လေးကို ယုံကြည်ရတဲ့သူပဲ။ ရက်အနည်းငယ်အတွင်းမှာ လင်းရောင်ခြည်သုံးဓားအများအပြားကို ပြုလုပ်ပြီးသွားပြီ။ ထိုလက်နက်တွေရဲ့စွမ်းပကားက သူ့လက်ထဲမှာရှိတဲ့ မှော်ကြေးမုံလောက်မစွမ်းကြကြပေမယ့် အကုန်လုံးက ကောင်းတဲ့ထဲတော့ပါပါတယ်။ သူလည်းဒီလက်နက်တွေအကုန်လုံးကို ဂိုဏ်းပေါင်းစုံကို ဖြန့်ဝေလိုက်တယ်။ လူတိုင်းရဲ့ မိစ္ဆာရှာဖွေရေးလုပ်ငန်းကလည်း တဖြည်းဖြည်းတိုးတက်လာတယ်။ အနည်းဆုံးတော့ မဟုတ်မမှန်တဲ့ ဟိုနားမှာ အရိပ်မြင်တွေ့တယ် ဒီနားမှာ
အမြီးတွေ့တယ်ဆိုတဲ့
မရေမရာ ကောလဟလ
သတင်းမကြားရတော့ဘူးလေ။ ယုန်တောင်ပြေး ခွေးမြောက်လိုက်စရာမလိုတော့တာ။
သို့ပေမယ့်လည်း တစ်လအကြာမှာတော့ မထင်မှတ်တဲ့ကိစ္စတစ်ခုဖြစ်ပေါ်လာေတာ့တယ်။
အခန်း ၁၃၀ ပြီး၏။
နောက်အပိုင်း>>> နတ်သက်ကြွေ ၏
နတ်ဘုံနန်း
စာကူရိုက်ပေးတဲ့သူတွေကို သည်နေရာကပဲ
ထပ်ပြီး ကျေးဇူးတင်ကြောင်း ပြောပါရစေ။
နောက်ထပ်လေးပိုင်းက အသံဖိုင် ပိူ့ပြီးသားမလို့ မကြာခင် typingရိုက်ကူတဲ့သူ
ပြီးရင် ထပ် updateပါ့မယ်။
😁