အခန်း[၁၀]

1.2K 139 3
                                    

"ရေစီယာမွန်"

Unicode:

ဥတ္တရဂန္တပြည်အတွင်းတွင်ရှိသော ပဉ္စဒီပဏီ နန်းမြို့တော်ကြီးသည် အခြား အခြားသော တော်ဝင်နန်းမြို့တော် များထက် အဆပေါင်းများစွာ ချမ်းသာကြွယ်ဝပြီး စည်ပင်သာယာသည်။ တိုင်းပြည်က ချမ်းသာသလို ရွှေနန်းတော်ကြီးမှာလည်း ကြီးမားထည်ဝါကာ ခန့်ညားလှပေသည်။

ငါးပြည်ထောင် အစုအပေါင်း၏ ချမ်းသာကြွယ်ဝမှုနှင့် ကြံ့ခိုင်ဖွံ့ဖြိုးမှုတို့ကို ပေါင်းစည်းထားသည်ဖြစ်ရာ ခေတ်တစ်ခေတ်၏ အကြီးမားဆုံး အလှပဆုံး နှင့် အခမ်းနား အထည်ဝါဆုံး အဆောက်အဦးလက်ရာ တစ်ခုဖြစ်ပါသည်။ ခမ်းနားထည်ဝါလှသော ရွှေနန်းဆောင်ကြီး တစ်ခုအတွင်းတွင်မူ မဟာမောရိယ ဘုရင်တစ်ပါးသည် မနက်ညီလာခံသဘင်ကို ဆင်ယင်ကျင်းပနေသည်။

"လျှောက်လေ... အမတ်ကြီး... ဘာဖြစ်လို့ တွန့်ဆုတ်နေသလဲ..."

"မှန်ပါ့... အရှင် မဟာမောရိယတို့ရဲ့ မျိုးရိုးဥပဒေအရ ခေါင်းဆောင်တွေဟာ အစဥ်အဆက် ဘိုးဘေးတွေလက်ထက်ကတည်းက အနည်းဆုံး မိဖုရားသုံးပါး တင်မြှောက်ရပါတယ်...."

အမတ်ကြီးက ဤနေရာတွင် စကားကို ခေတ္တရပ်သည်။ အရှင်သခင်သည် အမတ်ကြီးဆက်ပြောမည့် အကြောင်းအရာများကို ကြိုတင်ရိပ်စားမိနေပြီဖြစ်သည်။ အမတ်ကြီးက လည်ချောင်းရှင်းပြီး ဆက်ပြောပါ၏။

"အခုအရှင့်မှာ မိဖုရားရယ်လို့ ခေါ်စရာ မင်းသမီး အတိရတနာ တစ်ပါးတည်း ရှိပါသေးတယ်၊ မင်းသမီး 'ဝေဒီကာ' နဲ့ မင်းသမီး 'အာလောက' ဟာ အရှင့်ရဲ့ မွေးချင်းနှမတော်တွေမို့လို့ မိဖုရားအရာ ထားလို့မရပါဘူး...၊ အခုအချိန်မှာ သားဦးရတနာဟာလည်း မွေးဖွားသန့်စင်ပြီးပြီဖြစ်လို့... အရှင် ဒုတိယနဲ့ တတိယ မိဖုရားကို တင်မြှောက်တော်မူပါ..."

"မောင်မင်းက ကိုယ်တော့်ကို တော်ဝင်သွေး မဟုတ်တဲ့ တခြားမိဖုရားတွေ တင်မြှောက်စေချင်တာလား..."

"မှန်ပါ့အရှင်.... သားဦးလည်း ရပြီဆိုတော့ တခြားလာမယ့် သားတော် သမီးတော်တွေ... "

"ဒေဝိန္ဒ...! ကိုယ်တော် ဒီဃာဝု မင်းသားအပြင် တခြားသားတော် သမီးတော်တွေ မယူတော့ပါဘူး... မဟာရဲ့ မျိုးရိုးဥပဒေအရ သားဦးကသာ အကုန်လုံးပိုင်ဆိုင်သူဖြစ်တာမို့ ကိုယ်တော် သားဦးနဲ့ တစ်ဦးတည်းသော ရင်သွေးပဲယူပြီး ဟော့ဒီ စကြာဝဠာတစ်ကျွန်းလုံးကို ပုံပေးမယ် တခြားရင်သွေးတော်တွေ မလိုအပ်တော့ဘူး.. ကိုယ်တော်တို့ ညီနောင်တွေတုန်းကလို ပြဿနာတွေ တစ်ကျော့ပြန်မဖြစ်စေချင်တော့ဘူး... ကိုယ်တော့် စိတ်ဆန္ဒကို မောင်မင်းနားလည်မယ်ထင်တယ်..."

ချစ်သောမဟာမောရိယ[Completed]Where stories live. Discover now