အခန်း[၅၉]

777 114 3
                                    

ဒေဝစ္စရာ ပြေးထွက်သွားသည်။ မရဏ အငွေ့အသက်များဖြင့်သာ ပြည့်နက်‌နေသည့် ခရဲခန်းထဲ၌ ခါရာတစ်ယောက်တည်း ကျန်ခဲ့၏။

ခါရာတွေးမိနေသည်။ မိမိသည်ကား ဘဝတစ်လျှောက်လုံးစာအတွက် ရည်မှန်းချက်ကြီးကြီးမားမား ဆို၍ မရှိခဲ့။ အနည်းငယ်မျှသော လိုချင်တောင့်တမှုနှင့် ဆန္ဒလေးသည်ကား-- သူသည် မိမိထက် အသက်ငယ်လေသည့် အရှင်သခင်ဖြစ်သူ၏ အနီးထံပါး၌ အမြဲတစေ ခစားလို့နေမည်။ ခုနှစ်ပြည်ထောင်ကို ပိုင်စိုးရသည့်အတွက် ဂုဏ်ယူဝင့်ကြွားလို့နေသည့် အရှင်မင်းကြီး၏ မျက်နှာတော်အား မော်ဖူးလို့နေမည်။

အရှင့်၏ ဆံချည်မျှင် တစ်စချင်းစီတိုင်းကို သူ့ဘဝလိုတန်ဖိုးထားမည်။ အရှင့်၏ ကိုယ်ခန္ဓာမှာ သူနှင့်ရင်းနှီးကျွမ်းဝင်လွန်း၍ သူ့မျက်လုံးများမှိတ်လိုက်လျှင်ပင် သန်မာတောင့်တင်းလှသည့် ထိုခန္ဓာအား ပုံဖော်၍ ရနေသည်။ အရှင့်၏ ဝတ်ရုံတော်များကို အမြဲတစေ သူကပဲ ကြီးကြပ်ကွပ်ကဲပြီး ချုပ်လုပ်ခိုင်းထားသည်ဖြစ်ရာ ထိုဝတ်ရုံများက အရှင်မင်းမြတ်၏ ခန္ဓာတော်နှင့် ကြီး၍လည်းမနေစေသလို၊ ငယ်၍လည်း မနေရ။ အတော်အတင့်ကလေးသာ ဖြစ်နေခဲ့ပြီး တိုင်း၍ရက် ပက္ကလာသာ။

အရှင့်၏ သွေးတစ်စက်တိုင်း၌ သူ့ဘဝကို မြှုပ်နှံထားပြီး ထိုအသွေးအသား ခန္ဓာတော်အား ဒဏ်ရာတစ်ခုတစ်လေမျှပင် မရစေရ။ ဒဏ်ရာသေးသေးကလေးတစ်ခု ရခဲ့သည်ဖြစ်စေကာမူ သူ့မှာ ကပြာကယာဖြင့် ဆေးထည့်ပေးကာ ယုယခဲ့၏။ အစားအသောက်ကိုလည်း ကိုယ်တိုင်ပင် စီမံခန့်ခွဲပေးကာ ‌နေ့စဉ်နေ့တိုင်း ကိုယ်တိုင်ကိုယ်ကျ ခူးခပ်ကျွေးမွေးခဲ့မြဲ။

သွေးသားဆန္ဒကြောင့် ဖြစ်တည်လေသော လိုအင်ရမ္မက်များကိုမူ သူက မလိုချင်ခဲ့သည်တော့ မဟုတ်ရပါပေ။ သို့သော် မရခဲ့လျှင်လည်း ဘာမျှမဖြစ်ဟု သူကသဘောထားသည်။ အရှင့်အနီး၌ အမြဲခစားခွင့်ရနေကာ အရှင့်၏ ဝေယျာဝစ္စများကို ကိုယ်တိုင်ကိုယ်ကျ လုပ်ပေးနိုင်နေသည်ကပင် သူ့အတွက် ဆုလာဘ်တစ်ပါးသာတည်း။

အရှင်သခင်နှင့် လက်အောက်ငယ်သားဟူသည့် စည်းခြားစေကာမူ တစ်ဘဝလုံးစာအတွက် မိမိက ထိုသူ့အနားအမြဲနေမည်။ မိမိတို့နှစ်ဦးသည်ကား ခေတ်ရေစီးကြောင်းထဲ၌ အတူတကွရေစုန်မျှောသွားပြီး အတူတူ အိုမင်းသွားကြမည် ဖြစ်၏။

ချစ်သောမဟာမောရိယ[Completed]Where stories live. Discover now