အခန်း[ ၂၈]

974 132 0
                                    

Unicode>>>>

"အဝေရာ... ဒါသူ့ရဲ့ ငယ်နာမည်တဲ့လား...."

ဒေဝစ္စရာက ရေရွတ်လိုက်သည်။
ဂုရုကြီး စာဏကျက ခေါင်းညိမ့်ပြသည်။ ထို့နောက်သူက ဒေဝစ္စရာအားကြည့်ပြီး ဆိုလာသည်။

"အမောင်ရဲ့ နာမည်က ဒေဝစ္စရာ နော်... ကျုပ်သာ အရှင့်သားရဲ့အကြောင်းတွေ သိမထားရင် မင်းတို့နှစ်ယောက်ကို တစ်မအေတည်းက မွေးလာတဲ့ ညီနောင်တွေလို့ ထင်နေမှာ...."

"အဲ့သလိုထင်ရင်တော့ မှားနေပြီဘဘ ကျွန်တော်တို့ကြားမှာ ဘာသွေးသားတော်စပ်မှုမှ မရှိပါဘူး...။

ဘဘပဲပြောခဲ့တယ်မဟုတ်လား... မောရိယနွယ်ဖွား ယောက်ျားသားတွေရဲ့ မျက်ဝန်းဟာ လပြည့်ညမှာ အပြာရောင်ပြောင်းတယ်လို့...။

ကျွန်တော့်မျက်လုံးတွေက အရောင်မပြောင်းဘူးလေ...။ လပြည့်ညမှာလည်း ဒီအတိုင်းပဲ။ "

ဟုတ်ပါ၏။ ဒေဝစ္စရာ၏ မျက်ဝန်းတွေဟာ မည်သည့်လတစ်လ၏ လပြည့်ညမှာမှ အရောင်ပြောင်းခြင်းမရှိခဲ့ပေ။ သူ၏ ဖခင်မှာ ကွေ့ကျိုးပြည်၏ တော်ဝင်မျိုးနွယ်၊ မဟာဆီမဟာသွေးဖြစ်သည်။ မှန်၏။ သို့သော်... သူ၏ ကျန်သွေးသားတစ်ဝက်ကရော....?

သူဟာ တကယ်ပဲ ချန်အိမ်တော်၏ မမလေး ချန်ယွဲ့နင်၏ သားအရင်းချာပေလော.....?

သူ၏ ဖြစ်တည်မှုတစ်ဝက်မှာ ပျောက်ဆုံးနေဆဲ...။ အကယ်၍ မောရိယသွေးတွေသာ ဤသို့ဤနှယ် အစွမ်းသတ္တိနှင့် ထူးခြားသည့် စရိုက်လက္ခဏာများ ရှိသည်ကို သူမသိခဲ့ပါလျှင် ဒေဝစ္စရာသည် သူ့ကိုယ်သူ မောရိယ သွေးနှောသူဟုသာ တောက်လျှောက် အထင်ရှိခဲ့ပေလိမ့်မည်။ ယခုမူကား မဟုတ်တော့ပေ။

"ဒါပေမယ့် နေရာတိုင်းမှာ ချွင်းချက်ဆိုတာ ရှိတတ်တယ်ကောင်လေး..."

စာဏကျက သူ၏ မှုတ်ဆိတ်မွေးတို့အား လက်ဖြင့်သပ်လျက်ဆိုလာသည်။ ဒေဝစ္စရာက ၎င်းချွင်းချက်ဆိုသည်ကို အနည်းငယ်စဉ်းစားသည့်တိုင် သူထပ်သိချင်နေသေးသည့် အကြောင်းအရာဘက်သို့သာ စကားဦးလှည့်လိုက်သည်။

"ဟုတ်ပါပြီ...ဘဘ ဒါနဲ့ ဆက်ပြောပါအုံး... ဘဘပြောပြတဲ့အထဲမှာ ကျွန်တော်သိချင်တဲ့အရာတွေက ‌သိပ်မပါသေးဘူး...."

ချစ်သောမဟာမောရိယ[Completed]Where stories live. Discover now