အခန်း[၅၇]

754 106 2
                                    

Unicode>>>

ရွှေနန်းမဟာ၏ အနောက်ဘက်ရပ်ဝန်းတွင် ကျောက်ဆိုင်ကျောက်သားများဖြင့် အခိုင်အမာ ဆောက်လုပ်ထားသော လှိုင်ဂူသဖွယ် အခန်းကျဉ်းများ ရှိပေ၏။ ထိုအခန်းများထဲသို့ ပုံမှန်အတိုင်းဆိုပါက မည်သူမျှပင် ခြေမချရဲကြပေ။ ပတ်ဝန်းကျင်ကပင် နက်ရှိုင်းမှောင်မဲနေပြီး မရဏအငွေ့အသက်များအပြည့်ဖြင့် ကျောချမ်းဖွယ်ကောင်းလွန်းလှသည်။

ထိုနေရာမှာ အပြစ်သားအမျိုးမျိုးအဖုံဖုံအား နှိပ်စက်ညှင်းပမ်းခြင်းပြုရာ အကျဉ်းထောင်များဖြစ်ပေ၏။ နှိပ်စက်ညှင်းပမ်းရာတွင် သာလွန်ထူးကဲကာ နာမည်ကြီးသောကြောင့် အမည်နာမကပင် အကျဉ်းထောင်- ငရဲခန်းဟူသတတ်။

ထိုအကျဉ်းထောင်ငရဲခန်းထဲတွင် လှပကျော့ရှင်းသည့် သခင်လေးတစ်ပါးမှာ ခုံတစ်လုံးဖြင့် မိန့်မိန့်ကြီးထိုင်နေ၏။

သူ့ရှေ့တွင်မူ ကြီးမားသည့်သံကြိုးများဖြင့် အတုပ်ခံထားရသည့် အပြစ်သားတစ်ယောက်ရှိသည်။ ထိုအပြစ်သားမှာ မျက်လုံးပင့်ကာ သူ့ဆီသို့ စူးစူးရဲရဲ စိုက်ကြည့်နေ‌၏။ အရှင်သခင်ရော၊ အပြစ်သားပါ နှစ်ဦးစလုံး၏ မျက်နှာတွင် တစ်ယောက်က တစ်ယောက်ကို အနိုင်ပိုင်းလိုက်နိုင်သကဲ့သို့ ဂုဏ်ယူဝင့်ကြွားမှုမျိုး ရှိနေပေသည်။ တကယ်က ဘယ်သူက ဘယ်သူ့ကို အနိုင်ရခဲ့တာလဲ.. ဆိုသည်ကိုပင် ဝေခွဲရခက်လှပါ၏။

"ဆို...၊ ဘယ်သူက သူ့ကိုပိုင်တာလဲ... "?

ဒေဝစ္စရာမှာ ထိုသူအား ဘာမျှမလုပ်ပါနှင့်ဟု ပြောထားသည့်တိုင် ဘာဟုသင်္စက အကျဉ်းထောင်-ငရဲခန်းထဲသို့ ထည့်၍ နှိပ်စက်ပြီးနှင့်ပေပြီ။ ထို့ကြောင့် ခါရာ၏ ညိုဖျော့ဖျော့မျက်နှာထက်ဝယ် ကြောက်မက်ဖွယ် ဒဏ်ရာအက်ကြောင်းများရှိနေကြသည်။ ‌ကိုယ်ခန္ဓာတွင်လည်း သွေးတို့က ဟိုတစ်ကွက်ဒီတစ်ကွက်ဖြင့်။

"ငါပေါ့.. ငါလေ... သူ့ကိုငါပိုင်တာလို့... ဟိုး.. အရင်ကတည်းက သူဆယ်နှစ်သားအရွယ်လေးကတည်းက.. အဟား... ဟား... "

ခါရာက စိတ္တဇဆန်စွာ ရယ်မောလာလျက် ဆိုပါ၏။
သူက ပြန်တွေးမိနေသည်။ အဲ့သည် ဝံပုလွေပေါက်လေးရဲ့ မဟူရာရောင် မျက်ဝန်းခပ်နက်နက်ကလေးတွေ။ အစ်မတော်ကို ဆုံးရှုံးလိုက်ရလို့ ဝမ်းနည်းနေခဲ့တာပဲ။ အဲ့သည်ကတည်းက သူစိတ်ရှုပ်နေတိုင်း၊ သူဝမ်းနည်းနေတိုင်း မျက်ဝန်းတွေက အဝေးတစ်နေရာကိုပဲ ငေးကြည့်နေတတ်ခဲ့တာ။ ဘာဖြစ်လို့လဲဆိုတော့.. သူသိပ်ချစ်ရတဲ့ အမျိုးသမီးလေးက အဝေးတစ်နေရာကို ထွက်သွားခဲ့ပြီမို့လို့လေ...။

ချစ်သောမဟာမောရိယ[Completed]Kde žijí příběhy. Začni objevovat