အခန်း[၆၂]

719 117 5
                                    

တစ်ဖက်၌ ဆယ့်နှနှစ်ခန့်အရွယ်ရှိ အာလောက မင်းသမီးသည် ညတွင်းချင်း လူသတ်သွားသည့် ကိစ္စအား မယုံနိုင်ဖြစ်နေသည်။ လူသတ်သမားသည်ကား သူမ၏ အစ်ကိုတော် အဝေရာပါတဲ့လေ။ ဘယ်လောက်တောင် ယုတ်တိ မတန်လိုက်လေသလဲ။?

အာလောကသည် နံနက်စောစော၌ ထ၍ သူမ၏ မယ်တော်ဆီသို့ အခစားလာခဲ့ခြင်းဖြစ်သည်။ မယ်တော်၏ နန်းဆောင် အဝင်ဝတွင် သွေးတရွှဲရွှဲစိုနေသော ကိုယ်ဖြင့် ဓားနှစ်ချောင်းကိုင်လျက် ထွက်လာသော အဝေရာကိုတွေ့ရ၏။

ဤသို့ သူမကိုယ်တိုင် အစ်ကိုတော်အား မြင်ပြီးနောက်မူ သူမ၏ အတွေးများက ပြောင်းလှဲသွားရသည်။ အလောတကြီးထွက်လာနေသော အဝေရာဟာ သူမကိုတောင် မျက်လုံးထဲမြင်မိဟန်မတူချေ။

အဝေရာက နန်းတော်ထဲမှ ပြေးထွက်သွားသည်။

အာလောက,က အခန်းထဲသို့ ဝင်လာ၏။ သူမ၏ နှလုံးခုန်သံမှာ ရုတ်ချည်းရပ်တန့်သွားလေသလားဟု ထင်မှတ်မှားရသည်။ အခန်းလေး‌တွင်းဝယ် အလောင်းကနှစ်ခု။

"မယ်တော်...!! "

သူမက စူးစူးဝါးဝါးဟစ်အော်လိုက်၏။

"ရမ်.. မောင်တော်လေး... "

သူမ၏ မယ်တော်နှင့် မောင်ငယ်လေးမှာ သွေးအိုင်ထဲတွင် သေဆုံးနေနှင့်ခဲ့ပြီ။ သည်မြင်ကွင်းကား သူမ၏ ဘဝတစ်လျှောက်လုံးစာအတွက် အိပ်မက်ဆိုးတစ်ခုဖြစ်ခဲ့ချေပြီ။

ထို့နောက်မူ အာလောက,သည် မြှားကျည်တောက်ကလေးအား လွယ်ပိုးပြီး လေးကိုင်းကိုကိုင်ဆောင်လျက် အစ်ကိုတော်ဖြစ်သူ၏ နောက်သို့ ပြေးလိုက်လာခဲ့သည်။ အတန်ကြာမြို့ထဲတွင် ဟိုပြေးဒီပြေး ပတ်ရှာပြီးနောက်မှ အဝေရာ့ကို လမ်းကျဉ်းကလေးထဲ၌ တွေ့၏။ သို့သော်ငြား သူမထက်အလျင် အစ်ကိုတော်ဘူမိယနှင့် ဝေဒုကာလီတို့က ရောက်နှင့်နေချေပြီဖြစ်သည်။

သူမက မိန်းကလေးငယ် တစ်ဦးသာဖြစ်ရာ လမ်းကျဉ်းကလေးထဲတွင် ဖြစ်ပွားနေသော တိုက်ပွဲအသေးစားလေးအား မည်သို့မျှ ကူညီမပေးနိုင်ခဲ့ပေ။

ထို့ကြောင့် အိမ်ခေါင်မိုးတစ်ခုထက်သို့ ကုပ်တက်လာခဲ့ပြီး မြေပြင်လမ်းကျဉ်းကလေးထဲမှ တိုက်ပွဲအား ကြည့်ရှုအကဲခတ်နေခဲ့သည်။

ချစ်သောမဟာမောရိယ[Completed]Where stories live. Discover now