အခန်း[၅၆]

751 106 3
                                    

Unicode>>>

ဤသို့ အပြစ်သားအား အပြစ်မစီရင်ရသေးမီ ကြားကာလအဖြစ် ခုနှစ်ရက်ဆိုင်းငံ့ထားသည်အား ဖြတ်သန်းကုန်လွန်ပြီးပါမှ မောရိယဘုရင်သည် မိမိကိုယ်တော်တိုင် ဝက်မှင်စာများ၏တိုင်းပြည်ဆီသို့ သွားရောက်၍ အပေးအယူပြုလုပ်မည်ဖြစ်ကြောင်း ဆုံးဖြတ် ကြေညာလိုက်၏။ ညီလာခံသဘင်မှာ ဤတွင်ပြီးစီးသွားသည်။

ဘုရင်သည် ရာဇပုလ္လင်ထက်မှခွာ၏။

ဒေဝစ္စရာသည် နေမြင့်မှနိုးထလာခဲ့ပြီး ညီလာခံသဘင်မှ သတင်းတချို့အား လိုက်မီအောင် မနည်းစုံစမ်းလိုက်ရသည်။ သတင်းစုံ အဖျင်းစုံသိရပြီးနောက် မောရိယဘုရင်နှင့်တကွ မိမိမှာ ရှေ့ခုနှစ်ရက်တွင် ခရီးတစ်ထောက် သွားစရာရှိသွားကြောင်း သဘောပေါက်သွားရသည်။ ထို့နောက် သူသည် သူ၏ ချစ်သူခင်ပွန်းဖြစ်သူကိုသာ ဤခုနှစ်ရက်အတွင်း အပြည့်အဝအနားယူနိုင်စေရန် အစွမ်းကုန်ပြုစုယုယပေးတော့သည်။

သို့သော် ထိုခုနှစ်ရက်အတွင်းတွင်ပင် အပြောင်းအလှဲကြီးတချို့လည်း ဖြစ်ပျက်သွား၏။ ပထမတစ်ခုမှာ ဤမဟာမောရိယနန်းတွင်းထဲရှိ စံအိမ်အကျဉ်းထောင်တစ်ခုထဲတွင် အကျဉ်းချခံထားရသော ကွေ့ကျိုးဘုရင်ဟောင်း၏ မိဖုရား၊ ဒေဝစ္စရာ၏မိထွေးတော်၊ ပိုင်ဟွားကျင့်၏ မယ်တော်မှာ အဆိပ်မိ၍ သေဆုံးသွားခြင်းပင်။

သူမအား မောရိယန်တို့က ကောင်းကောင်းမွန်မွန်ဖြင့်သာ သင်္ကြိုပေးလိုက်၏။ သူမ၏ သေဆုံးမှုမှာ သားဖြစ်သူတစ်ဦးမှလွှဲ၍ မည်သူ့ကိုမျှ ဝမ်းနည်းစေခြင်းမရှိခဲ့။

ဒေဝစ္စရာသည်ပင် ပျော်ပျော်ရွှင်ရွှင်ဖြင့်သာ ယခင်က လုံးဝခြေချခဲ့ဖူးခြင်းမရှိသော စံအိမ်အကျဉ်းထောင်ဆီသို့ သွားရောက်လည်ပတ်တော့၏။ စံအိမ်အကျဉ်းထောင်၌ ကြီးပြင်းခဲ့ရလေသော ညီတော်ဖြစ်သူ ပိုင်ဟွားကျင့်မှာ ဤမောရိယနန်း‌တွင်းအား ကိုယ့်အိမ်ကိုယ့်ယာသဖွယ် သဘောထားကာ ပျော်ပျော်ပါးပါးစံစားနေသော နောင်တော်ဖြစ်သူအား ကြည့်ရှု၍ အံ့ဩလို့နေသည်။

"ချန်းမယ်တော်" ဆုံးပါးသွားပြီးနောက်၌ စံအိမ်အကျဉ်းထောင်၏ လုံခြုံရေးကိုလည်း ချော့ချထားစေပြီးဖြစ်၍ ယခုမူ ပိုင်ဟွားကျင့်မှာ နန်းတော်ထဲ၌ ဟိုဟိုဒီဒီလျှောက်သွားနိုင်ပြီဖြစ်သည်။

ချစ်သောမဟာမောရိယ[Completed]Where stories live. Discover now