အခန်း[၆၁]

699 106 1
                                    

အဝေရာသည် ခေါင်မိုးပြဿာဒ်ထက်မှ ခြေဖော့နင်းကာ ရုတ်ချည်းဆင်းလာခဲ့၏။ သူ့ကိုယ်အား စာကြည့်ဆောင်၏ စင်္ကြန်လျှောက်လမ်းပေါ်သို့ လျှောချလိုက်သည်။ စာကြည့်ဆောင်၏ အခန်းတံခါးသည် ကလေးတစ်ယောက်၏ လက်မောင်းတစ်လျှိုစာ ခပ်ဟဟလေး ဖြစ်လို့နေသည်။

အဝေရာသည် ကျီးကန်းက သားတစ်ကို သုပ်ယူသည့် အရှိန်မျိုးဖြင့် ဂေါသီရမ်အား ဆွဲပွေ့ယူလိုက်သည်။ ထို့နောက် စင်္ကြန်လျှောက်လမ်းမှသည် မြေပြင်ပေါ်သို့ တစ်ဟုန်ထိုး ခုန်ချလိုက်၏။

ဝါဝါဝင်းဝင်းရွှေရုပ်ကလေးကမူ အခန်းတံခါးဝတွင် ကျကျန်ခဲ့လေသည်။

အဝေရာသည် ရမ့်အတွက် လုံခြုံမည်ဟုယူဆရသော ရမ့်မယ်တော် မိဖုရား သုပ္ပန္နဒေဝီ၏ နန်းဆောင်ဆီသို့ ပြေးသွားသည်။ မိဖုရား၏ နန်းဆောင်သို့ ရောက်သည်တွင် ရမ့်ကို ပြင်တင်းပေါက်မှ ချပေးလိုက်သည်။ အခန်းတွင်းမှ မိဖုရားမှာ သားကလေးအား ပွေ့ယူလိုက်သော်ငြား ကြောင်တောင်တောင် ဖြစ်နေသေးသည်။

သို့သော် သူမသည် သားငယ်အား တစ်ညလုံးချော့သိပ်၍မရတော့ပေ။ ကလေးငယ် ရမ်သည် သူတစ်ခါမှ မမြင်ဖူးသော သွေးအလိမ်းလိမ်း အနိဌာန်ရုံ မြင်ကွင်းကြောင့် ကြောက်လန့်နေရှာသည်။ မိဖုရားသုပ္ပန္နဒေဝီက သားကလေးကို ရင်ခွင်တွင်ပိုက်၍ တစ်ညလုံးချော့နေရှာသည်။

အဝေရာသည် ရမ့်ကိုသူ့မိခင်လက်ထဲအပ်ခဲ့ပြီးနောက် ခမည်းတော်ဆုံးပါးသွား၍ အကာအကွယ်မဲ့သွားပြီဖြစ်သော ပုလဲရတနာဆောင်သို့ စိတ်စောစွာဖြင့် ပြေးလာခဲ့သည်။ ပုလဲရတနာဆောင်၏ တံခါးကို ဝုန်းခနဲ ကန်ဖွင့်ပြီးဝင်လိုက်၏။

အသက် ဆယ့်တစ်နှစ်-ဆယ့်နှနှစ် အရွယ်ရှိသော သရဝေဓိသည် မီးအိမ်လေးထွန်းထားပြီး စာပေကျမ်းဂန်များကို မတောက်တခေါက် ဖတ်ရှုနေလေသည်။ သူက ရှူးရှူးဒိုင်းဒိုင်းဖြင့် အလောတကြီး ဝင်ရောက်လာသော နောင်တော်ဖြစ်သူကို တစ်ချက်မော့ကြည့်သည်။ အဝေရာသည် သရဝေဓိ၏ လက်ထဲမှာ ပေလိပ်ကို ဆွဲယူလွှင့်ပစ်လိုက်ပြီး သရဝေဓိအား သူ့ထံသို့ အပြည့်အဝအာရုံစိုက်လာစေ၏။

ချစ်သောမဟာမောရိယ[Completed]Where stories live. Discover now