အခန်း[၁]

12.7K 443 8
                                    

ကွေ့ကျိုးပြည်သို့စစ်ချီခြင်း

သူသည် ပဉ္စဒီပဏီ မင်းနေပြည်၏ အရှင်သခင်ဖြစ်သည်။ သူသည် ပဉ္စဒီပဏီခေါ် တိုင်းပြည်ကြီးငါးခုကို နိုင်ငံတစ်နိုင်ငံ၊ ကျွန်းတစ်ကျွန်း၊ တိုက်တစ်တိုက်အဖြစ် စုစည်းအုပ်စိုးနေသော ဘုရင်တစ်ပါးဖြစ်သည်။ သူသည် ကြီးကျယ်မြင့်မြတ်လှပါသော မဟာမောရိယ တော်ဝင်မျိုးနွယ်တို့၏ ဥသျှောင်ဧကရာဇ်လည်း ဖြစ်သည်။ ထို့ပြင် မြောက်များလှစွာသော အိန္ဒုမြစ်ဝှမ်းနေ မောရိယန်တိုင်းရင်းသား ပြည်သူတို့၏ ကိုးကွယ်ရာ နတ်ဘုရားတစ်ဆူလည်းဖြစ်လေသည်။

သူ၏ နက်မှောင်သောဆံနွယ်ရှည်တို့မှာ ဦးခေါင်းထက်၌ သပ်ရပ်စွာ စုစည်းထုံးနှောင်ခံထားရပြီး ၄င်းတို့သည် ဖိတ်ဖိတ်တောက် အရောင်လက်နေသော စိန်ဆံထိုးတော်တွင် မြွေတစ်ကောင်အလား ရစ်ပတ်တွယ်ငင်နေကြသည်။ တိပသော သူ၏ နဖူးပြင်နှင့် ဆံစတို့ မိတ်ဆက်ရာ အရပ်၌ကား မဟာမောရိယတို့၏ သွေးအဟူကို ကိုယ်စားပြုသော အနီရင့်ရောင် ခေါင်းစည်းပုဝါက နေရာယူလို့ထားသည်။ ထို့အထက်တွင်မူ မဟာမောရိယတို့၏ ဧကရာဇ်တစ်ပါးတည်းသာ ဝတ်ဆင်အပ်သော ရတနာခုနှစ်ပါးဖြင့် စီခြယ်ထားသော မကိုဋ်တော်ကို ဆင်ယင်ထားလေသည်။

သူသည် မိုးကောင်းကင်ပြာကို နောက်ခံထားကာ တွယ်တန်းနေသော ဟိမဝန္တာ၏ တောင်တန်းများလို စိမ်းညို့ထူထဲသော မျက်ခုံးတန်းတစ်စုံနှင့် နေ့နေရောင်ခြည်အောက်တွင် မည်းနက်ကာ တောက်ပရွှန်းစိုသော မျက်ဝန်းအိမ်တစ်စုံကို ပိုင်ဆိုင်ထားသည်။ ဖြောင့်စင်းသော နှာတံနှင့် နှင်းဆီသွေးရောင် နီထွေးသော နှုတ်ခမ်းတစ်စုံမှာလည်း သူ့အား မဟာမောရိယဟုပင် နှုတ်မှထုတ်ပြောစရာမလိုလောက်အောင် သက်သေပြပြီးသား ဖြစ်နေစေသည်။ ယခု၌ သူသည် မြောက်ဘက် ကွေ့ကျိုးပြည်သို့ မျက်နှာမူကာ စစ်ချီခရီးဆက်နေ၏။

သူ၏ တောင့်တင်းကြံ့ခိုင်လှသော ကိုယ်လုံးကိုယ်ထည်မှာ သူစီးနင်းနေသော အုန်းခွံရောင်မြင်းကြီးနှင့်အပြိုင်ဖြစ်နေသည်။ နက်မှောင်ထူထဲလှသော မောရိယန်စစ်ဝတ်စုံက သူ၏ ခန္ဓာကိုယ်အပြည့် နေရာယူထားသည်။ ရွှေအနားကွပ်ထားသော ပခုံးလွှားခြုံလွှာမှာ ခေါင်းစည်းပုဝါကဲ့သို့ပင် ရဲရဲရင့်လျက်ရှိပေသည်။ ကုန်းတစ်မော့တက်ကလေးတွင် သူသည်မြင်းတော်ကို ခပ်ဖြည်းဖြည်းအရှိန်လျော့လိုက်ကာ သူ၏နောက်မှ ရထားပိုးကောင်ငယ်လို ထပ်ကြပ်မကွာ လိုက်ပါလာသော တစ်သောင်းသော စစ်သည်တော်တို့ကို လှည့်ကြည့်လိုက်သည်။

ချစ်သောမဟာမောရိယ[Completed]Where stories live. Discover now