အခန်း[၅၅]

720 121 4
                                    

Unicode>>>

မောရိယဧကရာဇ်၏ ဥပုသ်ရက်မှာ ရက်ပေါင်းလေးဆယ်ကုန်လွန်သွားခဲ့ပြီဖြစ်သည်။ အရှင်သူရိယသည် နတ်ဘုရားရုပ်ထုတော်များရှေ့တွင် ဒူးဆစ်များ အသားမာတက်ပြီး အက်ကွဲလာသည်အထိ ဒူးထောက်နေခဲ့တုန်းပင်။ အသားငါးကိုရှောင်ကာ အသီးနှင့်အရွက်များသာ စားရသည့်အနက်မှ သူက အရွက်များကို လုံးဝမကြိုက်သည်ဖြစ်ရာ နေ့စဉ်နေ့တိုင်း သစ်သီးဝလံအချို့ကိုသာ အစာအဟာရအဖြစ်သုံးဆောင်နေရသည်။ သူ့ခန္ဓာကိုယ်မှာ နဂိုတည်းကအဆီပိုများ လုံးဝမရှိရကား--ယခုမူ ကြွက်သားအစင်းရာတချို့နှင့် သန်မာသော အရိုးအဆစ်တို့သာ ခပ်ထင်းထင်းပေါ်ထွက်နေပြီး စက္ကူပေါ်တွင် အကြမ်းရေးဆွဲထားသော ရုပ်လွှာတစ်ခုနှင့်တူနေတော့၏။

ဒေဝစ္စရာသည် ညဉ့်ဦးပိုင်းတွင် အတွေးစတချို့ကြောင့် လူးလွန့်နေရပြီး နံနက်လင်းအားကြီးချိန်မှ တစ်ရှိုက်အိပ်ပျော်သွားခဲ့သည်။ သို့သော်လည်း မကြာမီပင် မြောက်နန်းဆောင်အနီးသို့ အလောတကြီး ရောက်ရှိလာကြသော ခြေသံတချို့ကြောင့် လန့်နိုးသွားရပြန်သည်။

"ကြင်ယာတော် သခင်လေးရော... နိုးပြီလား.."

ဘာဟုသင်္စ၏ အသံဖြစ်သည်။ အစောင့်စစ်သည်ငယ်လေးက ပြန်ဖြေ၏။

"ကြင်ယာတော်သခင်လေးက ခုဏလေးတင်မှ အိပ်ပျော်သွားပုံရတယ်။ နိုးလိုက်ရမလား စစ်သေနာပတိချုပ်ကြီးခင်ဗျ...."

"တော်ပြီ.. အဲ့တာဆိုလည်း နေပါစေတော့ ခဏနေမှ ငါပြန်လာခဲ့မယ်... "

ဘာဟုသင်္စသည် လှည့်ထွက်တော့မည်အပြု---

"ဘာကိစ္စ... "?

ဒေဝစ္စရာက အပေါ်ရုံအဝတ်များကို ကပိုကသီဝတ်ဆင်လျက် ထ,လာခဲ့ပြီဖြစ်သည်။
ဘာဟုသင်္စက သူ့ထံသို့တစ်ချက်ဦးညွှတ်လိုက်သည်။ ပြီးမှ--

"ကြင်ယာတော် သခင်လေးခင်ဗျ... ဒီညကပဲ ကျွန်တော်တို့ ကျားသစ်နက် ဂိုဏ်းချုပ်ကို ဖမ်းမိတယ်။ သူနဲ့ကြံရာပါလူကိုလည်း အတည်ပြုပြီးသွားပါပြီ။ ကျွန်တော်တို့ ထင်ထားတဲ့ လူပါပဲဗျ..."

ဒေဝစ္စရာမှာ သက်ပြင်းမောတစ်ချက်ကို ရှိုက်ထုတ်လိုက်၏။ ဘာဟုသင်္စက ဆက်ပြောလာခဲ့သည်။

ချစ်သောမဟာမောရိယ[Completed]Where stories live. Discover now