အခန်း[၁၈]

1.2K 160 6
                                    

နှလုံးသည်းညှာလှိုင်းဂယက်

ယနေ့မှာ အရှင်သူရိယက ဒေဝစ္စရာအား အင်ကြင်းပန်းတစ်ခိုင်ကို ခူး၍ လက်ဆောင်ပေးခဲ့ပြီးသည့် နောက်တစ်နေ့ဖြစ်သည်။

အရှင်သူရိယနှင့် ဒေဝစ္စရာတို့သည် စီးတော်မြင်းကိုယ်စီဖြင့် ပဉ္စဒီပဏီ နန်းမြို့တော်မှ ထွက်ခွာလာခဲ့ကြပြီဖြစ်သည်။ စစ်သေနာပတိချုပ် ဘာဘာနှင့် ဘုရင့်ငယ်ကျွန်တော် ခါရာ တို့က သူတို့၏ နောက်မှ အရိပ်များလို ကပ်ပါလာကြသည်။

အခြားသော စစ်သည်တော်များနှင့်ဆိုလျှင် ဆယ်ဂဏန်းကျော်ခန့် ရှိသော မြင်းသည်တန်းကလေးသည် ခပ်ဝေးဝေးရှိ ဂန္တမာလာ တောင်တန်းများဆီသို့ ဦးတည်နေသည်။

ယမန်နေ့က အင်ကြင်းပန်းပင်ကြီးအောက်သို့ ရောက်လာသော မြင်းသည်တော်ကလေးမှာ ဤခရီးအတွက် လာရင်းကိစ္စဖြစ်လာမည့် ပြဿနာတစ်ရပ်ကို ဘုရင့်ထံ လာရောက်အစီရင် ခံခြင်းဖြစ်သည်။

အရှင်သူရိယ၏ သဘောအရဆိုလျှင် နေ့တွင်းချင်းပင် ပြဿနာအား သွားရောက်ဖြေရှင်းချင်ခဲ့သည်။ သို့သော် သူ၏ ကြင်ယာတော်ကလေးပါ ခေါ်မည့်အရေးကို သို့လော သို့လော ဖြစ်နေသည်နှင့် ကြန့်ကြာခဲ့ရပြီး ယနေ့မှ ခရီးဆန့်ခဲ့ရခြင်းဖြစ်သည်။ ဤသို့ဖြင့် ဒေဝစ္စရာမှာလည်း လိုက်ချင်သော်ရှိ မလိုက်ချင်သော်ရှိ ပါလာခဲ့တော့သည်။

အမှန်အတိုင်းပြောရလျှင် သူသည် အရှင်သခင် မရှိခိုက် နန်းတော်ထဲနေခဲ့လျှင်လည်း ဘုရင့်၏ မိဖုရားနှစ်ပါး နှစ်မတော်တစ်ပါးနှင့် ကလေးငယ်၊ မောင်းမမိတ်သံများနှင့်သာ ကျန်ရစ်မည်ဖြစ်သည်။ ထို့ကြောင့်သာ သူက အရှင်သခင်နှင့်အတူ တစ်ပါတည်း လိုက်ခဲ့ဖြစ်သည်။

ဆောင်းဦးပင်ဖြစ်လင့်ကစား နေ့နေရောင်ခြည်သည် ဒေဝစ္စရာအတွက် ပူပြင်းလှပါသည်။ မောရိယန်တိုင်းရင်းသားများသည် အပူဒဏ်ကို အတော်လေး ခံနိုင်ရည်ရှိကြသည်။ စီးလာသော မြင်းမှာ အရောင်ခပ်နက်နက်ဖြစ်၍ ဒေဝစ္စရာ၏ အသားအရေနှင့် ယှဉ်ပါက မြင်း၏ အရောင်မှာ အုပ်စုထဲတွင် ထင်းနေချေသည်။

ထိုစဉ် အနက်ရောင်မြင်းအနီးသို့ အုန်းခွံရောင်ရှိသော မြင်းတစ်ကောင်က တိုးကပ်လာခဲ့သည်။

ချစ်သောမဟာမောရိယ[Completed]Where stories live. Discover now