အခန်း[၄၄]

834 115 2
                                    

နေ့တစ်ဝက်ကျိုးသွားသည့်တိုင် မြင်းခြောက်ကောင်တပ် ရထားလုံးသည် ပဉ္စဒီပဏီပြည်ထဲသို့ မရောက်နိုင်သေး။ ရထားလုံးနောက်မှ ဘုရင့်ငယ်ကျွန်တော် ခါရာနှင့် ဘုရင့်ကိုယ်‌ရံတော် တပ်ဖွဲ့ မဟာတံတိုင်းမှ စစ်သည်အချို့က မြင်းကိုယ်စီဖြင့် ခြံရံလိုက်ပါလာကြသည်။

ဒေဝစ္စရာသည် ခပ်ပျင်းပျင်းရှိသည်နှင့် မြင်းရထားခေါင်တန်းတွင် ချိတ်ဆွဲထားသော ပေလိပ်တစ်ခုအား ဖြုတ်ချ၍ ကြည့်နေလိုက်သည်။ ၎င်းပေလိပ်မှာ ပေလိပ်မဟုတ်ပဲ သူနှင့်သိပ်ရင်းနှီးနေသည့် မြေပုံတစ်ခုသာဖြစ်၏။

ပဉ္စဒီပဏီ ငါးပြည်ထောင်စု၏ မြေပုံသာတည်း။

ပဉ္စဒီပဏီ၏ မြေပုံသည် ငှက်ပြောဖူးသဏ္ဌာန်ရှိသည်ဟု ပြော၍ရသလို၊ စိန်ဖူးသဏ္ဌာန်ဟုလည်း ဆို၍ရပေသည်။ တောင်နှင့်မြောက် အလျားမှာ ရှည်မျှောလှပြီး အရှေ့နှင့်အနောက် အကွာအဝေးက ကျဉ်းမြောင်း‌နေသည်။ နန်းရွှေမြို့တော်ကတော့ဖြင့် အရပ်လေးမျက်နှာမှသည် ဗဟိုအကျဆုံးနေရာအနီး၌ ရှိပေ၏။

ပုရောဟိတ်ကြီး စာဏကျ၏ ပေးစာအရဆိုပါလျှင် တောင်ပိုင်း ဗဟိုခရိုင်၌ မငြိမ်မသက်ဖြစ်ခြင်းက ပဉ္စဒီပဏီ၏ အောက်ဘက်တစ်ဝှမ်းရှိ--
ခဏ္ဍဟာလပြည်နှင့် ဥပကာရီပြည် နှစ်ပြည်စလုံး၌ မငြိမ်မသက်ဖြစ်ခြင်းကို ဆိုလိုနေသည်။ ခဏ္ဍဟာလပြည်သည် ပဉ္စဒီပဏီ၏ အနောက်တောင်အရပ်တွင် တည်ရှိပြီး ဥပကာရီ, ကတော့ဖြင့် အရှေ့တောင်အရပ်တွင် တည်ရှိသည်။ ၎င်းနှစ်ပြည်အား စုပေါင်း၍ တောင်ပိုင်းဗဟိုခရိုင်က ကြီးကြပ်အုပ်ချုပ်သည်။

ဆိုလိုသည်မှာ ခဏ္ဍဟာလနှင့် ဥပကာရီတွင် ပြဿနာတစ်စုံတစ်ခု ရှိလာလျှင် အရင်ဦးဆုံး တောင်ပိုင်းဗဟို ခရိုင်တရားရုံးသို့ တင်ပြရမည်ဖြစ်ပြီး ထိုမှတစ်ဆင့် ပဉ္စဒီပဏီရွှေနန်းတော်ကြီးဆီသို့ တင်ပြရလိမ့်မည်။

ထို့အတူ ပဉ္စဒီပဏီ၏ မြောက်အရပ်တစ်ခွင်၌လည်း--- အရှေ့မြောက်ပိုင်းသည် ဓူဝတ္တပြည်ဖြစ်ပြီး၊ အနောက်မြောက်ပိုင်းသည် မိတ္ထီလာပြည် ဖြစ်ရာ ၎င်းနှစ်ပြည်အား မြောက်ပိုင်းဗဟို တရားရုံးချုပ်က ကြီးကြပ်အုပ်ချုပ်လေသည်။

ချစ်သောမဟာမောရိယ[Completed]Where stories live. Discover now