အခန်း[၄]

1.5K 191 4
                                    

မရဏမင်းတံခါးစစ်

ဒက္ခိဏတောင်တန်းများ၏ အရှေ့ဘက်၊ မြစ်ဝါမြစ်၏ တောင်ဘက်ကမ်း ကျယ်ပြောလှသည့် ချိုင့်ဝှမ်းလွင်ပြင်ကြီးတွင် မောရိယန် စစ်သည်တစ်သောင်းနှင့် ကွေ့ကျိုးမှ ဟန်စစ်သည်ငါးထောင်တို့သည် တစ်ဖက်နှင့် တစ်ဖက် အပြင်းအထန်တိုက်ခိုက် သတ်ဖြတ်လျက်ရှိကြသည်။

ဆန်းစလခြမ်းကွေးကလေးမှသည့် ပြည့်လုပြည့်ခင်ဖြစ်နေသော လဝန်းကြီးမှာ မြေမဟီမှ စစ်ပွဲနှင့်ဆန့်ကျင်စွာ ငြိမ်သက်ငြိမ်းအေးနေ၏။

တိုက်ပွဲချိန်သည် ညဉ့်မဟူတွင်ဖြစ်သောကြောင့် ချောင်းစီးသလို လျှံကျနေသော သွေးစက်တို့ကို သဲသဲကွဲကွဲမမြင်ရ။ မောရိယန် စစ်သည်တော်တို့မှာ အမှောင်ထုနှင့်ကျင့်သားရလှသည်။ သူတို့သည် အမြဲတစေ ညဉ့်ပိုင်းအချိန်တွင်သာ မီးရောင်မပါပဲ လေ့ကျင့်ခဲ့ရသည်မဟုတ်ပါလား....။

ဟန်စစ်သည်တော်တို့မှာလည်း ဓားရေးအတတ်၌ ကျွမ်းကျင်လှသည်။ သူတို့၏ ဓားရှည်များသည် တစ်ချက်ဝှေ့ယမ်းလိုက်လျှင်ပင် ဦးခေါင်းများစွာကို ဆွတ်ချူသွားနိုင်ပါသည်။ ဘုရင့်တော်ဝင်စစ်တပ်ဖြစ်နေသည့်အတွက်လည်း တစ်နိုင်ငံလုံးရှိ စစ်သည်တော်များထက် ထူးကဲသာလွန်ကာ ၎င်းတို့၏ သိုင်းပညာအဆင့်မှာ တူမတူအောင် မြင့်မားလှသည်။

တစ်ဦးတစ်ယောက်ချင်းစီ၏ အရည်အချင်းမှာ လက်ဖျားခါရလောက်အောင် ကျွမ်းကျင်ပြည့်စုံလှကာ တစ်ဖက်လူကို မှင်တက်သွားစေနိုင်မည့် အရှိန်အဝါရှိပေသည်။

သူတို့၏ နှစ်ဖက်သွားဓားရှည်များသည် ညဉ့်မဟူရာကိုပင် လင်းထင်းသွားစေနိုင်လောက်အောင် လေထဲတွင် တချွင်ချွင်မည်ကာ တောက်ပနေကြသည်။ မောရိယန်စစ်သည်တို့၏ ဦးခေါင်းများကိုလည်း ဓားတစ်ချက်အဝှေ့ဖြင့် အလွယ်တကူဆွတ်ချူလိုက်ကြသည်။

တစ်ဖက်တွင် မောရိယန်တို့သည် ကိုယ်လုံးကိုယ်ထည် တောင့်တင်းသန်မာလှကာ ဟန်လူမျိုးစစ်သည်တို့အား လက်ဗလာဖြင့်ပင် နှစ်ယောက်တွဲ သုံးယောက်တွဲ ကိုင်ပေါက်နိုင်လောက်အောင် အင်အားရှိကြသည်။ တိရစ္ဆာန်နှင့် မျိုးစပ်ကျထားသည်ဟု ဂုဏ်သတင်းကြီးသော သူတို့၏ အရှင်သခင်လိုပင် ညဉ့်နက်နက်မှ အမဲလိုက်သော သားရဲတစ်ကောင်နှင့်မခြားစူးဝါးကာ ကြမ်းတမ်းခက်ထန်လှသည်။

ချစ်သောမဟာမောရိယ[Completed]Where stories live. Discover now