အခန်း[ ၂၅]

1K 136 1
                                    

သေမင်းမီးလျှံစစ်(ဒုတိယပိုင်း)

မင်းစေက လာရောက်ပြောကြားသည်နှင့် ပုဏ္ဏမီနတ်မယ်တို့ အုပ်စုမှာ ပုလဲရတနာနန်းဆောင်မှ ဆင်းလာခဲ့ကြသည်။ အားလုံးမှာ သာမာန်တိုင်းသူပြည်သားများလို ဝတ်စားထားကာ လိုအပ်မည့် ပစ္စည်းပစ္စယအနည်းငယ်ကိုသာ ယူဆောင်လာခဲ့ကြသည်။

မောရိယစစ်သေနာပတိချုပ်၏ စစ်ညာသံကို ကြားရသည်နှင့် ပုဏ္ဏမီမှာ ခပ်ဝေးဝေးတစ်နေရာမှ မြင်းသည်တော်တစ်ဦးကို ရိပ်ခနဲမြင်လိုက်မိသည်။ သူမသည် ၎င်းမြင်းသည်တော်၏ လားရာအရပ်ဆီသို့ အပြေးကလေးသွား၍ ပိတ်ဆီးလိုက်သည်။

မြင်းသည်အပြင်းနှင်လာခဲ့ပြီးမှ ပုဏ္ဏမီနတ်မယ်၏ အနီးသို့ရောက်သည်နှင့် ဟီ...ခနဲ့မြည်လိုက်ပြီး တုန့်ခနဲ ရပ်တန့်သွားသည်။ !

"အိုး...!သက်လှယ်...ချစ်နှမရယ်... မောင်တို့နှုတ်ဆက်ဖို့ရာ အခွင့်မသာတော့ပါဘူး...ဒီအချိန်မှာမှ မောင်ဘုရားမှားခဲ့ပြီကောလို့လည်း မပြောသာတော့ပါဘူး...သက်လှယ်သာ လွတ်အောင်ပြေးပါတော့နော်...ကိုယ်လေးလက်ဝန်ကြီးနှင့် မောင်စောင့်ရှောက်ဖို့ရာ ပျက်ကွက်ပြီကွယ်... သွားပါတော့နော်.."

မြင်းဇက်ကြိုးကို ခပ်ဆတ်ဆတ်ဆွဲရပ်လိုက်ကာ မောရိယဘုရင်က သူ့မိဖုရားဆီသို့ စိတ်မကောင်းစွာဖြင့်ဆိုသည်။

"ဟင့်အင်း...ပုဏ္ဏမီ ဒီလိုသဘောမထားပါဘူး... ဖြစ်လာတဲ့ဘေးဒုက္ခဆိုတာ ရှောင်လွှဲလို့မှ မရပဲ အတူတူမျှခံကြတာပေါ့နော်... မောင်ဘုရားသာ ဂရုစိုက်တော်မူပါ... ဆံချည်တစ်မျှင်မှ မဆုံးရှုံးရပဲနှင့် အကောင်းအတိုင်းပြန်မြင်ချင်တယ်... မောင်ဘုရားကို ပုဏ္ဏမီ ဘယ်လောက်မြတ်နိုးတယ်ဆိုတာ သတိရပေးပါနော်...."

ပေါင်းသင်းခဲ့သည့် လေးနှစ်တာ၊ ချစ်ကြိုးသွယ်သမျှ လေးရာသီစလုံး နှလုံးသားကိုအပ်နှင်းကာ ချစ်ရသမျှ ကုန်ကုန်ပြောပါရစေတော့။ ပုဏ္ဏမီသည် ဝမ်းမနည်း၊ စိုးမထိတ်ပဲ အဘယ်မှာ ရှိရမည်နည်း။ ခင်ပွန်းသည်အတွက်ရော၊ ရင်သွေးငယ်အတွက်ပါ ပူပင်လင့်ကစား မျက်ရည်မိုးမစွေပဲ သူမက ဆိုသည်။

ချစ်သောမဟာမောရိယ[Completed]Where stories live. Discover now