အခန်း[ ၂ ]

2.4K 221 2
                                    

ကွေ့ကျိုးပြည်

ဆောင်းဦး၏ နံနက်ခင်းတစ်ခုဖြစ်သောကြောင့် ကွေ့ကျိုးပြည်ကြီးတစ်ခုလုံးနီးပါးမှာ နှင်းမှုန်၊ နှင်းပွင့်များ တဖွဲဖွဲကြွေကျလျက်ရှိသည်။ လေအဝှေ့တွင် နှင်းပွင့်လေးများနှင့်အပြိုင် မက်မွန်ပွင့်ဖတ်ကလေးများကလည်း တဝဲလည်လည် လွင့်မျောနေကြသည်။

အအေးဓာတ်ကြောင့် အငွေ့တလူလူပျံထွက်နေသော စမ်းချောင်းကလေးတစ်ခုလည်း ကွေ့ကျိုးပြည်မကြီး၏ ရှန့်အဲ့နန်းမြို့တော်ထဲတွင် ဖြတ်သန်းစီးဆင်းနေသည်။ ထိုစမ်းချောင်းကလေးကို ဖြတ်ရသည့်လမ်းတိုင်း ကုန်းတံတားလေးခံထားကာ တံတားလေးပေါ်တွင် ကလေးများက ဆော့ကစားနေကြသည်။

အသက်အားဖြင့် ဆယ့်လေး-ဆယ့်ငါး အရွယ်ရှိ လူငယ်လေးတစ်ဦးသည် ကောက်ရိုးခမောက်ကို ခပ်ငိုက်ငိုက်ဆောင်းကာ ရှန့်အဲ့နန်းမြို့တော် ၏လမ်းမများတွင် လျှောက်သွားလျက်ရှိသည်။ လူငယ်လေး၏ အရပ်အမောင်းမှာ မပုလွန်းမရှည်လွန်း အတော်အသင့်ရုံဖြစ်ပြီး ကိုယ်နေဟန်ထားမှာ အလွန်ကျော့ရှင်းသွယ်လျကာ နှစ်လိုဖွယ်ကောင်းလှသည်။

ခပ်ငိုက်ငိုက်ဆောင်းထားသော ကောက်ရိုးခမောက်လေးကြောင့် သူ၏ မျက်နှာအပေါ်ပိုင်းကိုမူ ကောင်းစွာမမြင်နိုင်ပဲ နီထွေးသော နှုတ်ခမ်းပါးတစ်စုံကိုသာ လစ်ပြထားပါ၏။

သူသည် တံတားလေးပေါ်မှ ဖြတ်သန်းလာပြီး လမ်းကြားလေးတစ်ခု အကျော်တွင် သက်လတ်ပိုင်းအရွယ်ရှိ အမျိုးသားတစ်ဦးက ပူပူနွေးနွေး ပေါက်စီများကို လက်တွန်းလှည်းလေးဖြင့် အော်ရောင်းနေသည်ကိုတွေ့ရသည်။

"ပေါက်စီတွေရမယ်... ပေါက်စီတွေ... ပူပူနွေးနွေးလေး... အိုက်ယား... ဒီက သခင်လေးရော ပေါက်စီဝယ်အုံးမလား...."

ပေါက်စီတွန်းလှည်းလေးကို ချန်ထားခဲ့ပြီးနောက်တွင်တော့ ဆိုင်ခန်းပိုင်ရှင် အမျိုးသမီးငယ်လေးတစ်ဦးသည် သူမ၏ မျက်နှာချေမှုန့်များနှင့် အမွှေးအိတ်ငယ်လေးများကို တစာစာပြောကာဆိုကာဖြင့် ရောင်းချပေးနေသည်။

"သခင်မလေး... ဒါလေးကြည့်ကြည့်ပါလား မက်မွန်ပွင့်ရနံ့လေးလေ အရမ်းမွှေးတာ သခင်မလေးနဲ့ဆိုလိုက်မှာ... လာ... ဒီမှာ ချိတ်ကြည့်...."

ချစ်သောမဟာမောရိယ[Completed]Where stories live. Discover now