ဝမ်ချောင် ပြန်ပြောလာသည်။ "ဒါဆိုရင်တော့ မင်းအာရုံများစရာမလိုဘူး။ ငါ ငါ့အစ်ကိုကို မေးကြည့်လိုက်မယ်။ သူသိတဲ့လူတွေက အများကြီးဆိုတော့ သူ့ကိုပဲ အယုံကြည်ရဆုံးတစ်ခုရှာခိုင်းလိုက်တာပေါ့။"

အဲဒါက တကယ့်ကိုအကောင်းဆုံးနည်းလမ်းဖြစ်နေတာမို့ ရှဲ့ကျူရှင်းလည်း သဘောတူလိုက်တော့သည်။ "ဟုတ်ပြီ။"

ဝမ်ချောင် ချက်ချင်းပင် ဝမ်ချီ့ထံ ဖုန်းခေါ်လိုက်ပြီး ခေါ်နေသည့်တစ်လျှောက်မှာလည်း ပြုံးရယ်လျက် အခန်းပြင်ဆင်ရေးက ဒီနေ့စတင်လို့ ဒီညမှာတင် အပြီးသတ်သွား၍ နောက်တစ်နေ့ သူတို့အတူသွားနေလို့ရရင်ကောင်းမည်ဆိုတာအထိ တွေးတောနေမိလေသည်။

ရှဲ့ကျူရှင်း သူ့ကို မျက်လုံးထောင့်မှကြည့်ရင်း သူ့ခံစားချက်များက တက်လိုက်၊ ကျလိုက်ဖြစ်နေတော့သည်။

အခုတလောအတွင်း သူ့လုပ်ဆောင်ချက်များက အရမ်းကိုကောင်းလွန်းနေသည်။ မနက်ခင်းဆိုလျှင် နှစ်ခါမျှခေါ်ရုံနှင့် အိပ်ရာမှထလာပြီး schedule မရှိသည့်နေ့မျိုးမှာတောင် ဂိမ်းဆော့ဖို့ချည်းတွေးမနေတော့ဘဲ ရှဲ့ကျူရှင်းနှင့်အတူ အကလေ့ကျင့်၍ သူ့ဘက်မှစတင်ပြီးလည်း သီချင်းရေးဆရာထံမှ အသစ်အသစ်များကို စတင်သင်ယူလာတော့သည်။ သူက အံ့ဩဖို့ကောင်းလောက်အောင် အလုပ်ကြိုးစားလာပြီး ပို၍လည်းလိမ်လိမ်မာမာဖြစ်လာသည်။

ရှဲ့ကျူရှင်းကတော့ သူ ဒီလိုဖြစ်နေခြင်းကို အရမ်းသဘောကျလှသည်။ အရင်ကနှင့်ယှဉ်လိုက်ပါက အခုအခြေအနေက ပိုပြီးတစ်အိုးတစ်အိမ်ထူထောင်ချင်သူနှင့်တူလှသောကြောင့်ပင်။

သူ့တိုက်ခန်းကလည်း လတ်တလောဝယ်ထားတာဖြစ်ပြီး မနေ့ကမှ သော့ရရှိလာတာမို့ ဒီနေ့ သူ့ကိုခေါ်ပြလိုက်ခြင်းဖြစ်သည်။

သူက သူနှင့်အတူနေသွားချင်သလို တစ်ဘဝလုံးစာအတွက် လုံခြုံမှုအပြည့်ဖြင့် ငြိမ်းငြိမ်းချမ်းချမ်းလေး အတူနေသွားချင်တာမျိုးပင်။

ဝမ်ချီတစ်ယောက် သူ့ညီလေးထံမှ အိမ်တစ်လုံး အသစ်ဖြစ်အောင်ပြန်ပြုပြင်ချင်တယ်ဟု ကြားလိုက်ရချိန် ပြန်မေးလိုက်သည်။ "ဘယ်သူက အိမ်ပြင်ချင်တာလဲ။"

Bi De • Pan Yu Xin De Rui la ||Myanmar Translation|| Where stories live. Discover now