12

2K 433 50
                                    

[Unicode]

'အတူနေထိုင်ဖို့အစီအစဉ်'

နောက်တစ်နေ့မနက်စောစော၌ ရှဲ့ကျူရှင်း အပြင်သို့ ပြေးရန်ထွက်သွား၏။

လှုပ်ရှားသံများကို ကြားလိုက်ရတာမို့ ဝမ်ချောင် ကြိုးစားပြီး မျက်လုံးဖွင့်ကြည့်ချိန် သူ့ဘေးကုတင်၌ ဘယ်သူမှ မရှိတော့တာကို တွေ့လိုက်ရပြီး စောင်များကိုလည်း သေသေသပ်သပ် ခေါက်ထားလေသည်။ ရှဲ့ကျူရှင်းက သူ့ကိုတောင် မပြောဘဲ ထွက်သွားပြီဟု တွေးမိကာ အိပ်ရာက ထလိုက်ပေမယ့် ဗီရိုအနားရှိနေသေးသည့် ခရီးဆောင်အိတ်ကြီးကြောင့် စိတ်အေးသွားရပြီး ပြန်အိပ်တော့သည်။

နာရီဝက်ကျော်ကြာပြီးသည့်နောက် ရှဲ့ကျူရှင်း ပြန်ရောက်လာပြီး ဝမ်ချောင်ကို ခေါ်နိုးလိုက်သည်။ သို့ပေမယ့် ဝမ်ချောင်က အိပ်ရာ မထချင်သေးတာမို့ ဗလုံးဗထွေးနှင့် ပြန်ပြောလာသည်။ "ငါ ဒီတစ်လလုံး ကောင်းကောင်း အိပ်ရတာ မဟုတ်ဘူး။ နည်းနည်းလောက် ပေးအိပ်ဦး။"

သူတို့လည်း တက်စရာအတန်းမရှိတော့တာမို့ ရှဲ့ကျူရှင်း သူ့ကို အတင်းမနိုးနေတော့။ "ဟုတ်ပြီလေ၊ မင်း အိပ်။ ငါ စားပြီးတာနဲ့ အရင်ပြန်နှင့်မယ်။"

ဝမ်ချောင် မပျော်မရွှင်ဖြစ်လို့သွားသည်။ "ငါ မင်းနဲ့အတူ သွားမယ်။ မင်း ငါ့ကို စောင့် .. ၁၀ နာရီထိပဲ။"

"အဲ့အချိန်ဆို ငါ အိမ်ပြန်ရောက်ရင် မွန်းတည့်နေလောက်ပြီ။ တစ်နေ့ခင်းလုံး ဘာမှမလုပ်လိုက်ရဘဲ အချိန်ပုပ်သွားလိမ့်မယ်။"

ဝမ်ချောင် ထပ်ပြောသည်။ "ဒါဆိုလည်း ငါ့ကားကို ယူသွား။ ငါ နိုးတာနဲ့ မင်းကို လာရှာမယ်။"

ရှဲ့ကျူရှင်း သူနဲ့အတူ ပတ်မလည်ချင်တာမို့ တမင်ပြောလိုက်သည်။ "ငါ့ကို သန့်ရှင်းရေးလုပ်တာ လာကူမလို့လား။"

"အဲ့အတွေးကို ဖျောက်လိုက်။ ငါ့ဘဝမှာ မူလတန်းကျောင်းတုန်းကပဲ သန့်ရှင်းရေးအသင်းတာဝန်ကျလို့ တံမြက်စည်းနှစ်ခေါက်လှဲဖူးတာပဲရှိတယ်။"

ရှဲ့ကျူရှင်း ပြန်ပြောလိုက်သည်။ "ဒါဆို မင်းက ဘာလိုက်လုပ်မှာလဲ။ ငါ့မှာ မင်းနဲ့ကစားဖို့ အချိန် မရှိဘူး။ မင်းကားကိုလည်း ငါ မမောင်းဘူး၊ ငါ့ဘာသာ ပြန်သွားလို့ရတယ်။"

Bi De • Pan Yu Xin De Rui la ||Myanmar Translation|| Where stories live. Discover now