Unicode
အခန်း ( ၆၉ )ကျယ်ယန် အသံတိတ်နံပါတ်စဥ်ရေကာ အပေါ်ထပ်သို့ တက်သွား၏။
တစ် နှစ် သုံး …
“ကျယ်ယန်”
ကျယ်ယန့်နှုတ်ခမ်းပါးများ တွန့်ကွေးသွားရာ အမြန်ပဲ ပြန်တည်လိုက်ချေ၏။ သူ ရပ်ကာ နောက်ပြန်လှည့်ကြည့်သည်။ “ဘာရှိသေးလို့လဲ။”
ချိုးရှင်းသည် ကျယ်ယန့်၏ မျက်နှာထားတည်တည်ကိုတွေ့ပြီးနောက် ‘ဒီနေ့ ဘာလို့ ငါ့လက်လာမကိုင်တာလဲ’ ဆိုသော မေးခွန်းက သူ့လည်ချောင်းတစ်လျှောက် တစ်ဆို့သွား၏။ သူ ထိုစကားကို ပြောမထွက်ဘဲ တခြားတစ်ခွန်းကိုသာ ဆိုလိုက်သည်။ “ဘာမှမဟုတ်ဘူး ” ထို့နောက် သူ့စာကြည့်ခန်းသို့လျှောက်သွားတာ တံခါးကိုအတင်းပိတ်ချသွားသည်။
ကျယ်ယန် ပြုံးလျက် အပေါ်ထပ်သို့ ဆက်တက်ခဲ့သည်။ ည ၁၀ နာရီ၌ ချိုးရှင်း သူ့ဆံပင်များကိုဖီးသင်ကာ ရေချိုးဝတ်စုံကိုဝတ်လျက် တံခါးနှငိ့အနီးဆုံးက ထိုင်ခုံပေါ်မှာထိုင်လျက် ကြွက်ထွက်လာမှာကို စောင့်နေခဲ့သည်။ အပေါ်ထပ်ကိုတက်စဥ်က ကျယ်ယန်သည် သူ့လက်ကိုမကိုင်ခဲ့၍ အိပ်ရာမဝင်မီ ကျယ်ယန်လာမည်မှန်း သူသေချာသိနေ၏။ အခုတလော သည်ငကပ်လေးက ချိုးရှင်းလက်ကို တစ်နေ့လောက်မှမကိုင်ဘဲ မနေနိုင်ဖြစ်နေတတ်ကိုး။
၁၀ နာရီထိုးသွားပေမဲ့ တံခါးခေါက်မလာသေးပေ။
ချိုးရှင်း အနေအထားပြောင်းထိုင်လိုက်သည်။
၁၀:၃၀ ၌လည်း တံခါးက ဘာမှထူးခြားမလာ။
“ညည့်နက်အောင် ထပ်နေနေပြန်ပြီ !”
ချိုးရှင်း တံခါးဖွင့်ကာ တတိယထပ်သို့ ကျော်ခွတက်လာခဲ့ပြီး ကျယ့်ယန်တံခါးကို ခေါက်လိုက်သည်။ အချိန်အတော်ကြာပြီးနောက် တံခါးက ပွင့်လာသည်။ ကျယ်ယန်က အိပ်ချင်မူးတူးဖြစ်နေသော မျက်လုံး၊ ရှုပ်ပွနေသော ဆံပင်၊ လျော့တိလျော့ရဲဖြစ်နေသော ညအိပ်ဝတ်စုံဖြင့် မတ်တပ်ရပ်လျက်။ သူက မှုန်တိမှုန်ကုပ်ဖြင့် မေးလာ၏။ “ဘာလဲ”
ချိုးရှင်း၏ မှုန်မှိုင်းခက်ထန်က စိတ်ဆိုးဒေါသထွက်နေပါသော အမူအရာများသည်ကား လွင့်စင်ပျောက်ကွယ်လို့သွားရပြီ။ သူ့မျက်လုံးများက ကျယ်ယန့်ခန္ဓာကိုယ်ပေါ်သို့ နေရခက်စွာဖြင့် ထက်အောက်ဆုံဆန်ရွှေ့လျားသွားပြီး အင်တင်တင်ဖြင့် အကြည့်လွှဲသွား၏။ ထို့နောက် ခြောက်ကပ်နေသော အသံဖြင့် မေးလိုက်သည်။
“မင်း … အိပ်နေပြီလား။”