Unicode
အခန်း ( ၂၀ )ကျယ်ယန်တစ်ယောက် နေ့လည် ၃ နာရီအထိ အိပ်မောကျနေခဲ့၏။ သူ အိပ်ရာနိုးလာတော့လည်း ဟူပျောင်းကို ဆက်သွယ်ဖို့ အလျင်မလိုပါ။ အိမ်နေရင်းဝတ်စုံတစ်ထည် အရင်ရှာပြီး ရေချိုးခန်းထဲမှာ အေးအေးလူလူ ရေချိုးလိုက်၏။ ပြီးမှ အောက်ထပ်က မီးဖိုချောင်သို့ဝင်ကာ ဖုန်းဖွင့်လိုက်သည်။
သူ့ဖုန်းကိုဖွင့်လိုက်တာနှင့် ဟူပျောင်း၏ဖုန်းက ချက်ချင်းတန်းဝင်လာသည်။ဘယ်လိုစိတ်ဒုက္ခမျိုးကို ကြုံတွေ့နေရလဲ မသိသည့်တိုင် ဟူပျောင်းအသံက နည်းနည်း မငြိမ်မသက်ဖြစ်နေသည်။
“ ငါ့ဖုန်းကောလ်တွေပဲ လွဲသွားတာလား။ ငါပဲ ကယောင်ချောက်ချားဖြစ်နေတာလား။ ”“ ဂယောင်ချောက်ချားဖြစ်တာ မဟုတ်ပါဘူးဗျာ။ ခဏနော်။ ”
ကျယ်ယန် ဖုန်းခွက်ကိုလက်ဖြင့်အုပ်ကာ မီးဖိုခန်းထဲမှာ ညစာအတွက် ဟင်းချက်စရာတွေပြင်ဆင်နေသည့် အိမ်စေအား ခေါက်ဆွဲတစ်ပွဲပြင်ပေးဖို့ ပြောပြီး လက်ကို တစ်ဖန်ပြန်ဖယ်လိုက်သည်။
“ ရပြီ ဘာတွေဖြစ်နေလဲဆိုတာ ကျွန်တော့်ကို ပြောပြပါဦး။ ”
ဟူပျောင်းက ချက်ချင်းအားတက်သွားပြီး တရစပ် စကားဆိုလာတော့သည်။ “ လူထုအမြင်က တစ်ရက်နီးပါး လှုပ်လှုပ်ရှားရှား ဖြစ်နေတာကွာ။ အခုဆို Weibo ပေါ်မှာ မင်းအကြောင်းပဲ ဆွေးနွေးနေကြပြီ။ လိုရင်းပြောပြရရင် မင်းအဖေကိုဆက်သွယ်ပြီး ဘာမှဝင်မပြောမိစေဖို့ မှာထားသင့်တယ်။ တစ်ချို့မီဒီယာတွေက မင်းကိုရောင်းစားတဲ့အကြောင်းနဲ့ ပတ်သက်ပြီး မင်းအဖေကို အင်တာဗျူးချင်နေကြတာ။ မော့ပင်းကလည်း water army တွေ အများကြီး ငှားထားမှာပဲ။ Weibo မှာလဲ အတင်းအဖျင်းမျိုးစုံနဲ့။ မင်းအတွက် အခြေအနေမကောင်းဘူး ! ပြီးတော့ —”
[ water armies -ငွေပေးပြီးငှားထားတဲ့ fake acc ]“ ရပြီ ” ကျယ်ယန် ဟူပျောင်း၏ စကားကြောအရှည်ပြီးကို ဖြတ်ကာ ရှုပ်ပွနေသော ညစာစားပွဲတွင် ဝင်ထိုင်ရင်း မေးလိုက်၏။ “ ကျွန်တော်အိပ်နေတုန်း အလောသုံးဆယ်နဲ့ ဘာတွေလုပ်ခဲ့သေးလဲ။ ”