Unicode
အခန်း (၅၀)ကျယ်ယန် ရှန်ယန်ကို အကဲခတ်ရင်း ဝတ္ထုဇာတ်ကြောင်းကို နောက်ကြောင်းပြန်စဥ်းစားနေစဥ် ညစားပွဲ၏ စကားလမ်းကြောင်းက အဓိကအကြောင်းအရာသို့ ပြောင်းလဲသွားချေပြီ။
ဒါရိုက်ရွှီဟုန်က သက်ပြင်းချ၏။ “ ဂီတရူးရုပ်ရှင်က ဂီတသမားတစ်ယောက်ရဲ့ ဇာတ်လမ်းကို ပြောပြတဲ့အကြောင်းဖြစ််လို့ ရုပ်ရှင်ထဲက မူရင်းဂီတတွေက ဂီတသမားတစ်ယောက်ရဲ့ ပင်ကိုယ်စရိုက်သဘာဝနဲ့ ဇာတ်ကြောင်းကို ဖြည့်ဆည်းပေးနိုင်ဖို့ လိုအပ်တယ်။ အစကတော့ ဒါကိုလုပ်ဖို့ နိုင်ငံခြားကုမ္ပဏီတစ်ခုကို ရှာတွေ့ခဲ့တယ်။ သူတို့ဖန်တီးတဲ့ တေးသွားနဲ့ သီချင်းတွေက ကောင်းပေမဲ့ အဓိပ္ပါယ်သိပ်မရှိဘူးလေ။ ”
ကျယ်ယန် သူအတွေးများမှ နိုးထကာ ရွှီဟုန်ကို ကြည့်လိုက်၏။
ရွှီဟုန်က အသက် ၃၀ ကျော်၊ အရပ်အမောင်းနှင့် ရုပ်ရည်သွင်ပြင်ကလည်း သာမန်သာ။ သို့သော် သဘောကောင်းကာ တောင်ပိုင်းလေယူလေသိမ်းဖြင့် ဖြည်းဖြည်းညှင်သာစွာ စကားပြောတတ်၏။ တစ်ချက်လောက်ကြည့်ရုံဖြင့်တော့ သူက ဒေါသထွက်ခဲသည်ဟု လူတွေကို အထင်မှားစေနိုင်သည်။
ရွှီဟုန်က သူ့ဘေးရှိ ရှန်ယန်ပုခုံးကိုပုတ်ကာ ပြောသည်။ “ ငါ ဒီကောင့်ကို တခြားဒါရိုက်တာတစ်ယောက်ဆီကနေ အလစ်သုတ်လာတာလေ။ သူက သီချင်းလည်းဆိုတတ် သရုပ်ဆောင်လည်းလုပ်တတ်တော့ ငါ မျက်စိကျနေတာပေါ့။ ကံမကောင်းတာက သူ့အသံကကောင်းပေမဲ့ ရုပ်ရှင်ရဲ့ ‘ရူးသွပ်မှု’ တေးသွားနဲ့ကျ မကိုက်ဘူး။ တစ်ခုက ရုပ်ရှင်တေးသွားနဲ့ နောက်တစ်ခုက သီချင်းပဲ။ ငါတို့ ဒီမှာ ထိတာပဲ။ ခံစားချက်တွေကို ဆွဲဆောင်ယူလာပေမဲ့ ဂီတအပေါ်မူတည်နေတဲ့ ရုပ်ရှင်ရဲ့ အဓိကဇာတ်ဝင်ခန်းတွေက အလုပ်မဖြစ်တော့ဘူးလေ။ ”
ရှန်ယန်၏ ရုပ်ရည်သွင်ပြင်က ချောမောပြီး ခန့်ညားထည်ဝါသော မျက်နှာမျိုးထဲမှာပါသည်။ သူစကားမပြောသရွေ့ လူတွေကို ရှိန်စေသည့်အငွေ့အသက်မျိုး ပေးစွမ်းနေ၏။ သူပြုံးလိုက်လျှင်တော့ အင်မတန်မှ နှစ်လိုခင်မင်ဖွယ်ကောင်းပြန်သည်။ သူက ရွှီဟုန်နောက်ကျောကိုရိုက်ကာ ဆိုသည်။ “ မင်း ဇီဇာကြောင်လွန်းတာ ရှင်းနေတာပဲ။ ”