Unicode
အခန်း ( ၃၁ )ကျယ်ယန်သည် ကားထဲမှာ အကြာကြီးထိုင်နေခဲ့ကာ ကျိုးမြောင် ကားမီးပိတ်သည်အထိ မဆင်းခဲ့ချေ။ ပြီးမှသာ ကျိုးမြောင် ညတိုင်းတည်းခိုလေ့ရှိသော အခန်းငယ်လေးဆီသို့ ကျိုးမြောင်အနောက်မှ ကပ်လိုက်ခဲ့သည်။ သည်နေ့ညကို ကျိုးမြောင်နှင့်နေဖို့ရန် သူစီစဥ်ထားသည်လေ။
ကျိုးမြောင်မှာမူ ကြောက်လွန်းလို့ ချွေးတွေတောင် စီးကျလာပြီ။ ကျယ်ယန်ကို တခြားအခန်းသို့သွားအိပ်ရန် ဖျောင်းဖျပါသော်လည်း မိုးချုပ်နေပြီဖြစ်လို့ ပြုစုစောင့်ရှောက်သည့် စေတနာဝန်ထမ်းများကို ဒုက္ခမပေးချင်ဟုဆိုကာ ကျယ်ယန်က ငြင်းဆန်လာ၏။ ကျိုးမြောင်သည် အမုန်းတရားများဖြင့် ဂြိုလ်မွှေခံရမှာ စိုးရွံ့မိပါသည်။ ချိုးရှင်းက သူအား အပိုင်းပိုင်းစုတ်ဖြဲပစ်သည့်မြင်ကွင်းကို ကျိုးမြောင် မြင်ယောင်လာသည်။ ထို့ကြောင့် အသက်ဆက်လက်ရှင်သန်ရေးအတွက် ကြမ်းပြင်ပေါ်တွင်သာ ကြိတ်မှိတ်ပြီး အိပ်စက်လိုက်ရတော့သည်။
တစ်ညတာကုန်လွန်ပြီးသော် ချိုးရှင်းကိုစောင့်ကြိုရန်အတွက် ကျယ်ယန် ကားထဲပြန်ဝင်ခဲ့သည်။
မနက် ၉ နာရီတွင် ချိုးရှင်းသည် အဆောက်အဦးလေးထဲမှာ ထွက်လာ၏။ သူ့မျက်နှာက မနေ့ကထက် ပိုမိုဆိုးရွားလျက်ရှိကာ အမူအရာကလည်း သိပ်မကောင်း။ သူက ကားဘေးသို့ ရောက်လာပြီး ကျိုးမြောင်ကို အနှောင့်အယှက်မဖြစ်စေရန် လက်ယမ်းပြလျက် ကားအနောက်ခန်းတံခါးကို သူ့ဘာသာဖွင့်လိုက်၏။
“ ဂွတ်ဒ် မောနင်း ” ကျယ်ယန်သည် ချိုးရှင်းကို လက်ပြနှုတ်ဆက်လိုက်ပါသည်။
“……” ချိုးရှင်းသည် တံခါးကို ဂျိုင်းခနဲမြည်အောင် ဆောင့်ပိတ်လိုက်မိကာ နှစ်စက္ကန့်လောက် မှင်တက်သွားပြီးမှ တံခါးပြန်ဖွင့်လာ၏။
ကျယ်ယန်သည်လည်း သူ့ဂုတ်ပိုးကို ပွတ်လိုက်မိသည်။ “ ကားထဲဝင်လေ။ ကျွန်တော်လည်း အစည်းအဝေးရှိလို့ ယန်ရှင်းကို သွားမလို့။ ”
ချိုးရှင်းအမူအရာက ပြောင်းလဲသွား၏။ ချိုးရှင်းသည် တံခါးကို နောက်ထပ်တစ်ခါ ဆောင့်ပိတ်လိုက်ပြီး ကျိုးမြောင်ထံ လူသတ်လိုသည့် အကြည့်တစ်ချက်ကို ပစ်လွှတ်လိုက်ချေသည်။ “ သူက ဘာလို့ ဒီရောက်နေတာလဲ !”