Unicode
အခန်း ( ၃၀ )ကျယ်ယန်နှင့် ချိုးရှင်း စကားနည်းရန်စဲကာ စကားအချေအတင်ပြောတာကို ရပ်လိုက်ကြ၏။ သို့သော် သွေးအေးတိုက်ပွဲဖြစ်နေကြတာကတော့ အသိသာပင်။
တစ်ယောက်ကိုတစ်ယောက် မသိချင်ယောင်ဆောင်ကာ အိမ်တံခါးကို တန်းတန်းမတ်မတ် ကျော်ဝင်လာသော လူနှစ်ယောက်အား လျိုရှားမြင်သွား၏။ ထို့ကြောင့် သူမ ကျိုးမြောင်ကို ရှာကာ မေးကြည့်လိုက်သည်။ “ ဘာဖြစ်လာကြတာလဲ။ သွားတုန်းကတော့ အကောင်းပါ။ ”
ကျိုးမြောင်မှာမူ လည်ပင်းက ချွေးစများကို သုတ်ကာ ချိုးရှင်းသည် " သူ့တူကို အလိုလိုက်ခဲ့လား၊ မလိုက်ခဲ့လား " နှင့် " ရှေ့လျှောက်ရော ဆက်အလိုလိုက်သင့်လား " ဆိုသည့် ဆွေးနွေးမှုကို အကျဥ်းချုပ်ပြောပြလိုက်သည်။
“ နောက်ဆုံးတော့ သူဌေးက သခင်လေးကို စကားဆက်မပြောနိုင်တော့လောက်အောင်ကို စိတ်ဆိုးသွားပါရော။ သူဌေးလေးက စိတ်ထားပိုကောင်းပုံရတော့ သူဌေးကို သူ့ဘက်ကနေ စကားစပြောဖို့ ကြိုးစားရှာပါတယ်။ ဒါပေမဲ့ သူဌေးက သူ့ကို လျစ်လျူရှုထားတော့ သူဌေးလေးကလေးကလည်း မသိချင်ယောင်ပြန်ဆောင်တော့တာပဲ။ ”
လျိုရှားက ထိန်းချုပ်နိုင်စွမ်း မြင့်မားသည့်တိုင် သူမ မပြုံးဘဲမနေနိုင်တော့။
ကျိုးမြောင်မူကား အလန့်တကြားဖြစ်သွား၏။ “ ဘယ်လိုလုပ် ပြုံးနိုင်ရတာလဲဗျာ။ သူတို့က ရန်ဖြစ်နေကြတာလေ။ ”
“ အဆင်ပြေသွားမှာပါ !” လျိုရှားက လက်ယမ်းပြလိုက်၏။ “ စကားများရန်ဖြစ်တယ်ဆိုတာက ခံစားချက်ဖလှယ်တဲ့ နည်းလမ်းတစ်ခုပဲ။ နားလည်မှုတိုးပြီး စိတ်ကိုပေါ့ပါးစေတယ်။ ”
ကျိုးမြောင် ပိုလို့တောင် အလန့်တကြားဖြစ်သွားပြီး သူ့နှလုံးသားတစ်ခုလုံး နာကျင်ခါးသီးသွား၏။
သူဌေးတွေက ခံစားချက်တွေ ဖလှယ်နေကြပေမဲ့ သူဌေးစိတ်တိုနေရင် လက်အောက်ငယ်သားတွေ ကံဆိုးမိုးမှောင်ကျပြီပဲ !
သူ့အခန်းကို ပြန်ရောက်တော့ ကျယ်ယန် စားပွဲမှာဝင်ထိုင်ကာ ဖုန်ချင်းလင်နှင့် ချိုးရှင်းကြားက စကားဝိုင်းကို အလေးအနက် ပြန်ဆင်ခြင်နေမိသည်။