Chapter 35

5.3K 950 27
                                    

Unicode
အခန်း ( ၃၅ )

၄၅ မိနစ်လောက်နေတော့ ကျီဇယ့်ဟွေ့ လေ့ကျင့်ရေးအခန်းသို့ ရောက်လာ၏။ ကံမကောင်းအကြောင်းမလှစွာပဲ ဝန်ထမ်းတွေအတွက် ကော်ဖီတွေဝယ်လာပါသည့်တိုင် သူဝယ်လာတာတွေက ဝယ်ထားတာကြာသွားပြီဖြစ်၍ မပူတော့ပေ။ ဝန်ထမ်းတွေလက်ထဲမှာ ကိုင်ထားနှင့်​ပြီးသော ကော်ဖီနှင့် နို့လက်ဖက်ရည်များကို ကျီဇယ့်ဟွေ့မြင်သွား၏။ သူ စိတ်ထဲကမပါဘဲ ရယ်မောလိုက်ချေ၏။  “ ရှောင်ကျယ်က သိပ်အကင်းပါးတာပဲ။ ”

ကျယ်ယန် အပြုံးလေးဖြင့် စကားပြန်လိုက်၏။  “ စီနီယာ ကျွန်တော့်ကို သင်ပြပေးထားလို့ပါ။ ”

ရိုက်ကူးရေးအချိန်မကျသေး၍ ကင်မရာမန်းက သူတို့နောက်ကို လိုက်မလာပေ။ ထိုအချိန်တွင် အခန်းထောင့်အသီးသီးက ကင်မရာအသေများကိုမူ ဖွင့်ထားပြီးပြီ။ ကျီဇယ့်ဟွေ့သည် သူ့မျက်နှာမပေါ်လောက်သော ရှုထောင့်ကိုရှာကာ ခပ်ဖွဖွ ပြုံးလိုက်၏။    “ မင်းက တကယ်ကို တော်ပါပေတယ်။ ”

“ စီနီယာက ကျွန်တော့်အတွက် ကြိုးကြိုးစားစား လမ်းခင်းပေးထားတာကိုး။ ကျွန်တော်လည်း အမြဲတမ်း ပိုကြိုးစားရတော့တာပေါ့။ ”

“……”

ကျီဇယ့်ဟွေ့ ဘေးသို့ပြန်လှည့်သွားသည်နှင့် စီနီယာတစ်ယောက်၏ အသွင်အပြင်ကောင်းကို ပြန်တပ်ဆင်လိုက်သည်။    “ ရှောင်ကျယ် ကိုယ် မနေ့က ပြန်သွားတော့ အဲ့ဒီအကြောင်းကို တွေးခဲ့​သေးတယ်။ သီချင်းပြောင်းတာက ပိုကောင်းမယ်လို့ ထင်တယ်။  ‘ နွေဆောင်းဦးညီဓား (One Sword is Equal to Spring and Autumn)’ဆိုရင်ရော ဘယ်လိုထင်လဲ။ ”

နွေဆောင်းဦးညီဓားက ကျီဇယ့်ဟွေ့၏ ပွဲဦးထွက်သီချင်းဖြစ်ကာ ဂန္တဝင်သိုင်းဇာတ်လမ်းတစ်ခုခု၏ ဇာတ်ဝင်သီချင်းဖြစ်သည်။ ပုံစံက အထိန်းအကွပ်မဲ့ကာ သူရဲကောင်းဆန်၏။ သီချင်းဆိုဖို့ လိုအပ်ချက်တွေက ဒေါသလှိုင်းများလောက် အရမ်းမမြင့်သည့်တိုင် အသံအရမ်းရွေး၏။ အသံတိုင်း ဆိုလို့မရနိုင်ချေ။

အရေးကြီးဆုံးအချက်သည်ကား တီဗွီစီးရီးကြောင့်လည်း ပါသည်။ " နွေဆောင်းဦးညီဓား " ကို တီဗွီဒရာမာပရိသတ်များက မြတ်နိုးသဘောကျကြကာ ဂန္တဝင်တေးတစ်ပုဒ်အဖြစ် မှတ်ယူထားကြသည်။ စိတ်ခံစားချက်များနှင့် သီချင်းဆိုပုံက တီဗွီစီးရီးနှင့် တွဲဆက်ထားပြီးဖြစ်ရာ နောက်ထပ်တေးသွားအသစ်ပြောင်းဖို့ရန် ခက်ခဲပေလိမ့်မည်။ ယခင်နှစ်များအတွင်း သိုင်းကားဇာတ်လမ်းကို အကြိမ်ကြိမ်အထပ်ထပ် ထပ်မံထုတ်လွှင့်ပြသခဲ့သည့် ကျေးဇူးဖြင့် တီဗွီဒရာမာပရိသတ်များသည် နွေဆောင်းဦးညီဓားကို အကြိမ်များစွာ နားရည်ဝလျက်ရှိပြီး နွေဆောင်းဦးညီဓားသီချင်း၏ လူထုအမြင်များသည်လည်း အထင်ကြီးလေးစားမှုများသာ စွဲမြဲနေတော့၏။

ကျွန်တော့်ယောကျာ်း ရောဂါသည် (ဘာသာပြန်)Where stories live. Discover now