ဝမ်ချောင်မှာ ငိုတောင်မငိုနိုင်တော့ဘဲ အလန့်တကြားပြန်မေးလိုက်သည်။ "ဘာကို လက်ထပ်တာလဲ။ မင်း ထောင်းထောင်းနဲ့လက်ထပ်တော့မလို့လား။"

ရှဲ့ကျူရှင်း ပြန်ပြောလာသည်။ "ငါက မင်း ငါ့ကို လက်ဖွဲ့အနေနဲ့ တိုက်ခန်းဝယ်ပေးဖို့တောင် စောင့်နေသေးတာ။"

သူက ဝမ်ချောင် စိတ်တိုသွားစေရန် သက်သက်ပြောလိုက်ခြင်းသာ။

ဘာလို့ ကိုယ့်ခံစားချက်ကိုယ် အရင်သိတဲ့လူက နောက်ကျမှသိတဲ့လူရဲ့နှိပ်စက်ခြင်းတွေကို ခံစားခဲ့ရမှာလဲ။

အခုအခြေအနေကလည်း ဖန်တီးလာပေးခဲ့ပြီဆိုတော့ တစ်ယောက်ကိုတစ်ယောက် နာကျင်အောင်လုပ်ကြတာပေါ့။

သေချာပေါက် သူ့တွင် မကောင်းသည့်စိတ်ဆိုတာ မရှိခဲ့၊ သူ့အနေနှင့် ဒီအရူးကောင်လေးကို အခွင့်ရတုန်း အနိုင်ကျင့်ချင်မိရုံသာ။

အဆုံးမှာတော့ ထိုအရူးကောင်လေးက မျှော်မှန်းထားမိသည်ထက်ပိုသည့်ပေါက်ကွဲမှုမျိုးဖြင့် ထသောင်းကျန်းလာလိမ့်မည်ဟု သူ မထင်ထားမိ။

ဝမ်ချောင်အနေနှင့် ရှဲ့ကျူရှင်း သူ့ကိုမကြိုက်ဆိုသည့်ကိစ္စကို လက်ခံနိုင်သည်၊ ဘယ်လိုပဲဖြစ်ဖြစ် သူ့မိသားစုဝင်တွေကလွဲ၍ ဘယ်သူကမှလည်း သူ့ကို သဘောကျခဲ့ခြင်းရှိတာ မဟုတ်။ သို့ပေမယ့် သူလက်မခံနိုင်သည်မှာ သူဖွင့်ပြောပြီးတုန်းရှိသေးသည်၊ ရှဲ့ကျူရှင်းက အခြားတစ်ယောက်နှင့် လက်ထပ်ဖို့ပြင်ဆင်နေခြင်းပင်။ ကြိုက်ရသည့်လူတစ်ယောက်ထံမှ အငြင်းခံရခြင်းနှင့် ထိုသူ့ထံမှ သစ္စာဖောက်မှုကိုခံရခြင်း ကြားရှိကွာခြားချက်က ကြီးမားလွန်းလှသည်။

သူ့မျက်နှာအနေအထားက တစ်ခဏလေးအတွင်း အလျင်အမြန်ပြောင်းလဲသွားသည်။ မျက်နှာထက် မျက်ရည်များနှင့်စိုရွှဲအောင်ငိုနေသူက စက္ကန့်ပိုင်းအတွင်း ရိုင်းရိုင်းစိုင်းစိုင်းဆဲဆိုလာတော့သည်။ "ငါလူးမသား! မင်း လက်ထပ်ရဲလက်ထပ်ကြည့်လိုက်!"

ရှဲ့ကျူရှင်း : "... မင်း 'ငါလူးမသား' ဆိုတဲ့စကားကို ထပ်ပြောရဲပြောကြည့်လိုက်"

Bi De • Pan Yu Xin De Rui la ||Myanmar Translation|| Where stories live. Discover now