ရှဲ့ကျူရှင်းလည်း သူစောင့်နေလား၊ မစောင့်နေလား မသိပေမယ့် တမင်ဖုန်းမကိုင်မှန်းတော့ သိထားသည်။ "အင်း၊ မင်းပြောတာလည်း ဟုတ်တာပဲ။ ငါ ရေသွားချိုးတော့မယ်။ ခဏနေကျ ငါတို့အတန်းတက်ရတော့မှာ။"

အဓိကအလုပ်ကို အရင်လုပ်တာပေါ့။ အတန်းပြီးတဲ့အထိ စောင့်ပြီးမှ သူ ဝမ်ချောင်နှင့် ကောင်းကောင်းစကားပြော၍ သူတို့နှစ်ယောက်အကြားကဆက်ဆံရေးကို အတည်ပြုရလိမ့်မည်။

ရေချိုးခန်းက လေ့ကျင့်ခန်းနှင့် ဘေးချင်းကပ်တွင်ဖြစ်ပြီး လေ့ကျင့်ခန်းနှင့်ဆက်သွယ်ထားလျက်ရှိသည်။ ရေချိုးခန်းထဲအတွင်းတွင် ရေချိုးရန်အခန်းနှစ်ခန်းရှိပြီး အဆိုတော်များနှင့် အကလေ့ကျင့်ဖို့လာသည့်အကသမားများကို အတော်လေးအဆင်ပြေပြေရှိစေတော့သည်။

ရှဲ့ကျူရှင်း ရေချိုးခန်းအတွင်း ဝင်သွားလိုက်တာနှင့် ဝမ်ချောင်က သူ့အနောက်မှ တကောက်ကောက်နှင့်လိုက်ဝင်လာလေသည်။

ရှဲ့ကျူရှင်း "... မင်း ဘာလိုက်ဝင်လုပ်တာလဲ။"

ဝမ်ချောင် မျက်နှာပြောင်ပြောင်နှင့်ပြောလာသည်။ "ဘာလို့မှ မဟုတ်ဘူး။ လိုက်စစ်ဆေးကြည့်တာ။"

ရှဲ့ကျူရှင်း ခဏမျှတွန့်ဆုတ်နေပြီးမှ သူ့ရဲ့ချွေးများစိုရွှဲနေတဲ့လေ့ကျင့်ရေးဝတ်စုံကို ချွတ်ချလိုက်တော့သည်။

ဝမ်ချောင်က သူ့ကို တစ်ချိန်လုံးစူးစိုက်လို့ကြည့်နေ၏။

ရှဲ့ကျူရှင်း ဘာမှမခံစားမိသလိုဟန်ဆောင်ထားရင်း လိုက်ကာစကို ဆွဲဖွင့်ကာ အခန်းတစ်ခုထဲကို ဝင်သွားပြီး လိုက်ကာစကို ပြန်ဆွဲပိတ်၍ ရေပန်းဖွင့်ချလိုက်တော့သည်။

ရေချိုးခန်းအတွင်း ရေသံတစ်ခုသာ စိုးမိုးနေတော့သည်။

"အတန်းက ဘယ်အချိန်စမှာလဲ။" ဝမ်ချောင် အပြင်မှ လှမ်းမေးလာသည်။

"နှစ်နာရီခွဲ" ရှဲ့ကျူရှင်းပြန်ပြောလိုက်သည်။

ဝမ်ချောင် သူ့ဖုန်းကို လှမ်းကြည့်လိုက်ရာ အတန်းစဖို့ မိနစ် ၂၀ မျှသာ လိုတော့သည်။ "အတန်းလစ်ရအောင်။"

Bi De • Pan Yu Xin De Rui la ||Myanmar Translation|| Where stories live. Discover now