ထိုအကြောင်းကိုတော့ ရှဲ့ကျူရှင်းက ဝင်ဖျန်ဖြေပြောလာသည်။ "လူတိုင်း အတွေးကိုယ်စီပေါ့ကွာ။ ထားတော့။ အခြားနေရာအသစ်ပဲ ပြောင်းရှာကြတာပေါ့။"

သို့ပေမယ့် ဝမ်ချောင်ကတော့ အလွန်စိတ်ပျော်ရွှင်နေတော့သည်။ "အိုက်ရား၊ မင်း ဘာရှာနေမှာလဲ။ ဒါ မင်းကို ငါနဲ့အတူပြန်ပြောင်းနေဖို့ ဘုရားသခင်က အချက်ပြလိုက်တာပဲ။"

လက်ထောက်ဖြစ်သူကလည်း အိမ်အသစ်ရှာရမှာ အလုပ်ပိုတယ်ဟု တွေးနေတာမို့ ပြုံးလျက်ဝင်ပြောလေသည်။ "ဟုတ်သားပဲ။ ရှောင်ရှဲ့၊ မင်း Leo အိမ်မှာ ပြောင်းနေလိုက်ပါလား။ သူ့အိမ်က ကျယ်တာပဲ။ ပြီးတော့ တစ်ခုခုဆို မင်း ငါ့အစား သူ့ကို ကူနိုးပေးလို့လည်း ရတယ်လေ။ အဲ့ခါကျ ငါတို့ ပွဲနေ့တွေ ဘာတွေမှာ ထူးပြီးစိတ်ပူနေစရာမလိုတော့ဘူး။"

ဝမ်ချောင်က သူ့လက်ထောက်ဖြစ်သူနှင့် စကားအပိုထပ်မပြောနေဘဲ ရှဲ့ကျူရှင်းကိုသာ သိမ်းသွင်းဖို့ စိတ်အခိုင်အမာချထားလျက် စကားချိုချိုများ ပစ်သွင်းတော့သည်။ "မင်း သူများတွေ အတင်းပြောမှာကြောက်ရင် ငါ့ကို အိမ်ငှါးခပေးလို့ရတယ်လေကွာ။ ဘယ်လိုလဲ။"

အရင်ကဆိုလျှင်တော့ ရှဲ့ကျူရှင်း သူနှင့် တကယ် လုံးဝ မနေလိုပေမယ့် အခု သူ့စိတ်သဘောထားများက ပြောင်းလဲခဲ့ပြီ။ ထို့ကြောင့် သူ တွ့န်ဆုတ်နေသေးသလိုဖြင့် ပြောလိုက်၏။ "ဒါဆိုလည်း ငါ မင်းကို စျေးကွက်ပေါက်စျေးအတိုင်း အခန်းခပေးမယ်။"

သူ သဘောတူလာတာကို မြင်သည်နှင့် ဝမ်ချောင်မှာ အပျော်လွန်နေပြီး တစ်ဖက်လူ စိတ်ပြန်ပြောင်းသွားမှာကို ကြောက်လျက် သူတို့လက်ထောက်ဖြစ်သူကို ရှဲ့ကျူရှင်းပစ္စည်းများအား အလျင်စလိုသိမ်းပေးဖို့ အလောစလိုပြောရင်း ချက်ချင်းအိမ်ပြောင်းဖို့ ပြင်လေသည်။

တကယ်တော့ ရွေးပြောင်းစရာ ဘာမှသိပ်မရှိနေ။ ရှဲ့ကျူရှင်းက ရှိတာလေးနှင့် ဖြစ်သလိုနေတတ်သည့်နေရာမှာ တော်လွန်းတာမို့ အိမ်ပြောင်းပြီးတာတောင် ပရိဘောဂ၊ အိမ်သုံးပစ္စည်းများသာမက အိုးခွက်များအထိ မဝယ်ရသေး။ သူ သယ်ဆောင်လာဖို့လိုတဲ့ပစ္စည်းများမှာ အင်္ကျီ၊ ဖိနပ်နှင့် ဆုတံဆိပ်လက်မှတ်များသာ။

Bi De • Pan Yu Xin De Rui la ||Myanmar Translation|| Where stories live. Discover now