ဝမ်ချောင်လည်း ပြန်၍တိုးတိုးကပ်ပြောလာသည်။ "ငါ့အိမ်မှာ ရေခဲမရှိဘူး။ အဲ့တာနဲ့ ငါ ဘီယာအအေးတစ်ဘူးနဲ့ အစားထိုးသုံးမလို့ပဲ။ ထုတ်လာခဲ့ပြီးမှ ရေဆာလာတာနဲ့ ငါ သောက်လိုက်မိရော။ သောက်ပြီးတာနဲ့ ငါ အိပ်ချင်လာပြီး မျက်နှာအကြောင်း လုံးလုံးမေ့သွားတော့တာ .."

ရှဲ့ကျူရှင်း တကယ်ပြောစရာစကားမဲ့သွားရသည်။ "မင်းကတော့ တကယ်ပဲ .."

ဝမ်ချောင်ကလည်း မတရားခံလိုက်ရသလို ခံစားနေရသည်။ "ဘယ်သူက မင်းကို အဲ့လောက်ကြီးထိ ရက်စက်ခိုင်းလဲ။"

ရှဲ့ကျူရှင်း သူ့မျက်နှာကို တစ်ချက်စောင်း၍လှမ်းကြည့်လိုက်ရာ ဖြူဖွေးကြည်လင်နေတဲ့ပါးပြင်ထက် နီရဲနေတဲ့အမှတ်ရာကြီးရှိနေပြီး သူလည်း သူ့ကိုယ်သူ ရက်စက်လွန်းသွားသလိုခံစားလိုက်ရတော့သည်။

သွမ့်ယိခွန်းက သူတို့ကို သင်တန်းရဲ့အရေးကြီးပုံအကြောင်း စကားအနည်းငယ်ပြောလာပြီးနောက် ဆရာဖြစ်သူနှင့် ခပ်တိုးတိုး စကားဖလှယ်နေသည်။ မကြာခဏဆိုသလိုလည်း သူက တစ်ယောက်ချင်းဆီအကြောင်းကို ဆရာထံပြောပြသလို သူတို့ဘက် လက်ညှိုးထိုးလျက် ပြောလာခြင်းများရှိ၏။  

ရှဲ့ကျူရှင်း သူ့ခြေထောက်ဘေးချထားသည့်အိတ်ထဲမှ တစ်ခုခုထုတ်ယူလာပြီးပြောလေသည်။ "ဒီမှာ"

ဝမ်ချောင် သူ့မျက်နှာကိုပွတ်သပ်ရင်း အနီးကပ်ယူကြည့်လိုက်ရာ ယောင်ယမ်းခြင်းသက်သာစေတဲ့ Spray ဘူးသေးလေးတစ်ဘူးဖြစ်နေသည်။ သူ ရယ်ချင်သွားပေမယ့် နည်းနည်းနာသေးတာမို့ ပြုံးစိစိနှင့်သာ မေးလိုက်တော့သည်။ "မင်း ငါ့အတွက် ဝယ်လာပေးတာလား။"

ရှဲ့ကျူရှင်း ဝန်မခံချင်။ "ငါ့အိမ်မှာရှိနေတာ။ အကသင်တဲ့လူတိုင်း ဒါမျိုးအများကြီးရှိတယ်။"

ဘယ်လိုပဲဖြစ်ပါစေ ဝမ်ချောင်က ပျော်နေဆဲ။ သူ ပျော်ပျော်ကြီးလက်ခံယူကာ သေချာစစ်ဆေးကြည့်ရှူပြီးနောက် ဦးထုတ်ဆွဲချွတ်၍ ဖြန်းပစ်ဖို့လုပ်တော့သည်။

ရှဲ့ကျူရှင်း 'ကျစ်' သပ်၍ ရွဲ့တဲ့တဲ့နှင့် ပြောလေသည်။ "မင်းကိုယ်မင်း moisturizer ဖြန်းနေတယ်လို့များ ထင်နေတာလား။ မင်းမျက်လုံးထဲ ဝင်သွားရင် ကန်းသွားလေ့မယ်။ ငါ့ပေး။"

Bi De • Pan Yu Xin De Rui la ||Myanmar Translation|| Where stories live. Discover now