ရှဲ့ကျူရှင်း သူ့အိမ်အသစ်ကို သွားရောက်ရှင်းလင်းပြီးတာနှင့် ယန်ကျားကျားထံ ဖုန်းခေါ်ဆိုလိုက်သည်။

"... ရှောင်ရှဲ့?"  ယန်ကျားကျားအနေနှင့် သူ့ဘက်မှ ထပ်ဆက်သွယ်လာမည်ဟု မထင်ထားတာကြောင့် သူမအသံက မသေချာခြင်းများဖြင့် ပြည့်နှက်လို့နေသည်။

သူ ပြန်ဖြေလိုက်သည်။ "ငါပါ။ မင်း အခု အိမ်မှာလား။"

"ဟုတ်တယ်။ ကျွန်မ အိမ်မှာ။

"ဒါဆို ငါ ငါ့ပစ္စည်းတွေယူဖို့ အခုပြန်လာခဲ့မယ်။ တစ်လက်စတည်း မင်းကို အိမ်သော့ပေးခဲ့မလို့။"

သူ ထိုနေရာ၌ တစ်နှစ်ကျော်နေခဲ့တာမို့ ပစ္စည်းများ အများအပြားရှိနေပေမယ့် အကုန်ပြန်သယ်သွားဖို့ မလိုလှ။ သွမ့်ယိခွန်းပြောခဲ့သလိုပင်၊ ဒီအဝတ်အစားဟောင်းများနှင့် ဖိနပ်ဟောင်းများကို နောက်ကျရင် သူ့အနေနှင့် ထပ်ဝတ်ဖြစ်တော့မှာတောင် မဟုတ်။ အရေးကြီးတာက ထိုနေရာတွင် စာရွက်စာတမ်းများ ကျန်ရစ်နေခဲ့ခြင်းဖြစ်သည်။

ယန်ကျားကျားလည်း ထိုအကြောင်းကို နားလည်ပုံရသည်။

သူ အခန်းထဲဝင်သွားလိုက်တာနှင့် ကော်ဖီစားပွဲပေါ် စီစီရီရီ တင်ပေးထားသည့်စာရွက်စာတမ်းများကို တွေ့လိုက်ရတော့သည်။

သူ လျှောက်သွားကာ စာရွက်စာတမ်းများကို လှမ်းယူပြီး သူ့အိတ်ထဲ ထည့်လျက်ပြောလိုက်သည်။ "ကျေးဇူး"

"မလိုပါဘူး။"

သူ စာရွက်စာတမ်းများကို သိမ်းပြီးတာနှင့် အခန်းသော့ကို စားပွဲပေါ်ချ၍ပြောလိုက်သည်။ "ဒီအခန်းက သက်တမ်းကုန်ဖို့ နှစ်လလိုသေးတယ်။ မင်း ဆက်နေချင်သေးတယ်ဆို သက်တမ်းတိုးဖို့ တိုက်ခန်းပိုင်ရှင်နဲ့ ဆက်သွယ်ရလိမ့်မယ်။ လက်မှတ်သွားထိုးရင်တော့ သူငယ်ချင်းတစ်ယောက် ခေါ်သွား၊ ကောင်လေးဆို ပိုကောင်းမယ်။ အဲ့တိုက်ခန်းပိုင်ရှင်က ကွာရှင်းထားတဲ့လူဆိုတော့ မင်းတစ်ယောက်တည်းနေမှန်းသိရင် သိပ်မလုံခြုံဘူး။"

"... အင်း"

"ဒါဆို ငါ ပြန်တော့မယ်။"

သူ တံခါးနားသို့ လျှောက်သွားပြီး တံခါးဖွင့်ဖို့လုပ်နေတုန်းမှာပဲ ယန်ကျားကျားက သူ့ကို အနောက်မှ ပြေးဖက်လေသည်။ 

Bi De • Pan Yu Xin De Rui la ||Myanmar Translation|| Where stories live. Discover now