သို့သော် ဝမ်ချောင်က ပြောလာသည်။ "မင်းအိတ်က ဒီလောက်ကြီးတာ။ မြေအောက်ရထားထဲ တိုးဝှေ့သွားဖို့ ဒုက္ခမများဘူးလား။ ဒီနေ့ ပူကလည်းပူသေးတယ်။ အငှါးယာဉ်လည်း မင်းက ခေါ်ချင်မှာ မဟုတ်ဘူး။ ငါ့ကားကိုသာ ယူသွားလိုက်။"

ရှဲ့ကျူရှင်း သူ့စကားကို မငြင်းဆန်နိုင်တော့။ "..."

ဝမ်ချောင်က အခုထိ ကောင်းကောင်း မနိုးသေးတာမို့ သူ့မျက်နှာက အိပ်ချင်မူးတူးနှင့် ပုံမှန်အချိန်တွင် ရှိနေကြ ပိတ်ရိုက်ချင်စေသည့် မောက်မာပြီး အထက်စီးဆန်သလိုအမူအရာများ မရှိနေ။ သူ့ရဲ့ အိပ်ချင်စိတ်မပြေသေးသည့်မျက်ဝန်းများက ဖြူစင်လို့နေသည်။

သူကလည်း တော်ရုံလူအပေါ် ယဉ်ကျေးတတ်သူ မဟုတ်။ သူသာ တစ်စုံတစ်ယောက်ပေါ် တကယ်ဂရုစိုက်ပေးချင်လျှင် သူတို့အပေါ် စိတ်ရင်းဖြင့်သာ ဆက်ဆံပြောဆိုလိမ့်ရှိသည်။

"ငါ မြေအောက်ရထားနဲ့ မသွားဘူး။ အငှါးယာဉ် ခေါ်လိုက်မယ်။" ရှဲ့ကျူရှင်း ပြောလိုက်သည်။ "နိုးတာနဲ့ စောစောပြန်ဖို့ သတိရ။ ကျိကျဲနဲ့ ချန်းယောင့်က ဒီမှာ ဆက်နေမှာ။ သူတို့နဲ့တွေရင်လည်း စကားကို ရိုင်းရိုင်းစိုင်းစိုင်းတွေ မပြောနဲ့။ ငါလည်း မရှိနေတာမို့ မင်းတို့ ရန်ဖြစ်ရင် ဝင်ဆွဲကြမှာ မဟုတ်ဘူး။"

ဝမ်ချောင်က အိပ်ပျော်လုနီးပါးဖြစ်နေတာမို့ အိပ်မက်ယောင်နေသူလို ပြန်ဖြေလာသည်။ "သိပါတယ်၊ အစ်ကိုကြီးရဲ့။"

ရှဲ့ကျူရှင်း ရယ်ချင်သွားပြီးပြောလိုက်သည်။ "မင်းအစ်ကိုကြီးသာ ဒီမှာရှိနေရင် သူ မင်းဖင်ကို ကန်ပြီးနေပြီ။"

ပြောနေရင်းနှင့် သူ ဝမ်ချောင့်တင်ပါးကို အသာလေး ပုတ်လိုက်လေသည်။ 

သူ အားအများကြီး မသုံးထားတာမို့ ဝမ်ချောင်က နှာခေါင်းရှုံ့ပြရင်း ဘာမှ ထပ်မတုန့်ပြန်လာတော့။

မွန်းတည့်ချိန်အထိ အိပ်ပြီးနောက်မှာတော့ ဝမ်ချောင် အိပ်ရေးဝသွားပြီမို့ ဆံပင်ထိုးဖွရင်း ထထိုင်လိုက်ရာ အခန်းထဲ သူ့ခရီးဆောင်အိတ်ငယ်လေးနှင့် သူတစ်ယောက်တည်းသာ ကျန်ခဲ့ကြောင်း တွေ့လိုက်ရသည်။

Bi De • Pan Yu Xin De Rui la ||Myanmar Translation|| Onde as histórias ganham vida. Descobre agora