မော့ပင်းက လှည့်ထွက်သွားလေသည်။

ခယ့်လန်က ရှေ့ထွက်လာပြီး ထုံကျန်၏ကျောကို ဖွဖွပုတ်ပေးရင်း မေးလာသည်။ “ ပျောင်းကော အစ်ကို ဘယ်သူ့ကို… ရွေးမှာလဲ။ ”

ဟူပျောင်းမှာတော့ သူပြုစုပျိုးထောင်ပေးခဲ့ရသော ဖျော်ဖြေရေးသမားတစ်ယောက်က သူ့ကိုအာခံလာတာကြောင့် မော့ပင်းကို ချက်ချင်းလက်ငင်း ဆွဲချပစ်လိုက်ချင်သည်အထိ ဒေါသအမျက်ချောင်းချောင်းထွက်လို့​နေသည်။ သို့သော်လည်း သူမလုပ်နိုင်ပါ။ မော့ပင်းသာ ဆွဲချခံလိုက်ရလျှင် IUD လည်း အဆုံးသတ်သွားကာ ခယ့်လန်နှင့် ထုံကျန်လည်း ကျရှုံးသွားလိမ့်မည်။ ကုမ္ပဏီကလည်း သူ့ကို ထိုသို့လုပ်ခွင့်ပေးမည်မဟုတ်။ 

“ ပြန်စဥ်းစား …  ငါ ပြန်စဥ်းစားဦးမယ်။ ” သူ့လက်ကို စားပွဲပေါ်မှာ ကျစ်ကျစ်ပါအောင်ဆုပ်လျှက် ခေါင်းငုံ့သွားရသည်။  “ ကျယ်ယန်က အသက် ၂၀ ပဲရှိသေးတာ။ ငါက သူ့ကို စာချုပ်ချုပ်ခဲ့တာ။ ငါပါ …”

***

ကျယ်ယန် အဆောင်ထဲမှာ ဂစ်တာတစ်လုံး ရှာတွေ့ခဲ့သည်။

၎င်းက ရတနာတစ်ခု ရှာတွေ့သွားသလိုပင်။ အချိန်အတော်ကြာသည်အထိ ဂစ်တာတီးကာ သီချင်းဆိုရင်း သူ့တီးကွက်များကလည်း ယိုယွင်းနေရာမှ အလျှင်အမြန် ပြန်လည်ကျွမ်းကျင်လာသည်။ သူ့သီချင်းဆိုသံကလည်း မူလတောင့်တင်းနေသောအသံအနေအထားမှ သာယာချောမွေ့သောအသံသို့ အောင်မြင်စွာ ပြောင်းလဲသွားခဲ့ပြီ။

သူ့ခံစားချက်များကို ပြန်လည်ရှာဖွေပြီးနောက် အရင်ဘဝက သူရေးခဲ့သော အကြိုက်ဆုံးဂန္တဝင်တေးတစ်ပုဒ်ကို စမ်းဆိုကြည့်လိုက်သည်။ သူ သီချင်းဆိုလိုက်သည်နှင့်အမျှ ပိုမိုပျော်ရွှင်လာပြီး ခံစားချက်များကလည်း ပိုမိုပွင့်လင်းလာသည်။ ကမ္ဘာပျက်ကပ်ကြောင့် ဖိနှိပ်ချုပ်ချယ်ခဲ့ရပါသော အနုပညာစျာန်က လေပြင်းတစ်ခုလို တလိပ်လိပ်ထိုးတက်လာကာ သူ့စိတ်ဝိညာဥ်အတွင်းမှာ ကခုန်လို့နေသည်။

ပျက်စီးခြင်း၊ ပြိုလဲခြင်း၊ ဝမ်းနည်းခြင်း၊ စိတ်ပျက်အားငယ်ခြင်း၊ သေဆုံးခြင်းမှ … ဘဝသစ်၊ မျှော်လင့်ချက်၊ အရာအားလုံးကို ပြန်လည်ပြင်ဆင်ခြင်းထိတိုင် အနာဂတ်က ဖြောင့်ဖြူးသာယာနေသည်။

ကျွန်တော့်ယောကျာ်း ရောဂါသည် (ဘာသာပြန်)Where stories live. Discover now