ချန်းဟိုင်လန် လက်ထပ်ပွဲနေ့တွင် ချိုင်မိန့်တင်း၏ စီစဉ်ပေးမှုအရ ရှရှင်းချန် ယိုရှု၏ Stylistကို ခဏ ငှါးလိုက်သည်။
ရှရှင်းချန် ပုံမှန် စတိုင်များနှင့် မတူပဲ ဒီနေ့ Stylistက သူ့ကို အညိုရင့်ရောင် ဆံပင်ကိုမှ လှိုင်းတွန့်အချို့ ထည့်ထားပေးပြီး ငွေရောင် လိုင်းကပ်ထားသည့် မျက်မှန်ဝိုင်း အပါအဝင် ကြာပန်းအရောင် ပန်းရောင်ဖျော့ တီရှပ်အပွနှင့်ဆင်ပေးထားသည်။
ချိုင်မိန့်တင်း ရှရှင်းချန်ကို တွေ့ချိန်တွင် သူမ ပြောလိုက်သည်။
"မဆိုးပါဘူး၊ မင်းကို မျက်မှန်ဝတ်ထားတာနဲ့ ပထမဆုံး မြင်ရတာ စိတ်ဝင်စားစရာ ကောင်းသားပဲ။"
ရှရှင်းချန် သူ့ရုပ်သူ မှန်ထဲ ငေးကြည့်နေမိသည်။
သူ့ဘေးမှ ယိုရှုက ဝင်ပြောသည်။ "ရှောင်ရှက တော်တော်လေး ကောင်းတယ်၊ သူက စတိုင်မျိုးစုံနဲ့လည်း လိုက်တယ်။ အနာဂတ်ကျရင် သူ ဘယ်လို ဇာတ်ကောင်ကိုမဆို သရုပ်ဆောင်နိုင်လောက်တယ်။"
ချိုင်မိန့်တင်းက ယိုရှုကို ပြန်နောက်လိုက်သည်။
"နောက်တစ်ခေါက်ကျရင် သူ့ကို ရုပ်ချောတဲ့ လူဆိုးကောင်နေရာကနေ သရုပ်ဆောင်ခိုင်း ကြည့်ရတာပေါ့။"
ဆောင်းရာသီရောက်နေပြီ ဆိုပေမယ့် ချန်းဟိုင်လန် သူ့လက်ထပ်ပွဲ ကျင်းပဖို့ စီစဉ်ထားသည့် ကျွန်းမှာ အပူပိုင်းဇုန်တွင် တည်ရှိတာမို့ နေရောင်က ထိန်လင်းတောက်ပနေဆဲ ရှိနေပြီး ရာသီဥတုကလည်း ပူလှသည်။
ဒီတစ်ကြိမ်မှာတော့ ချန်းဟိုင်လန်က ဧည်သည့်တော်များကို ဧည့်ခံဖို့ ကျွန်းပေါ်ရှိ ကြယ်ငါးပွင့် ဟော်တယ်တစ်ခုတွင် ကြိုတင်စာရင်းပေးထားပြီး လက်ထပ်ပွဲကတော့ ဟော်တယ်အရှေ့က ကိုယ်ပိုင် သီးသန့် ကမ်းခြေတစ်ခုတွင်ကျင်းပလိုက်ကြသည်။ မိုးမြင့် တိုက်များအပြင် ပုံမှန် မြင်နေကြ ပုံစံမဟုတ်သော ရေကူးကန်ကို ပတ်ပတ်လည်ဝိုင်းထားသည့် မိသားစု တည်းခိုအိမ်များ ခုနှစ်အိမ်၊ ရှစ်အိမ်လောက်လည်း ရှိသည်။ ညနေခင်း ရေကူးခန်းဘေးတွင် ဘူဖေး ညစာ စားပွဲလည်း ရှိခဲ့သည်။
ရှရှင်းချန် ချိုင်မိန့်တင်းနှင့် ယိုရှု အနောက်မှ မင်္ဂလာခန်းမထဲ ဝင်သွားချိန်မှသာ သူ ချန်းဟိုင်လန်၏ အနုပညာလောကထဲရှိ အဆက်အသွယ်များနှင့် ဂုဏ်အဆင့်အတန်းကို တကယ် ခံစားမိတော့သည်။ သူ အနုပညာလောကထဲရှိ လူတစ်ဝက်ကျော်လောက် ဒီမှာ ရှိနေတယ်လို့ မပြောရဲပေမယ့် ဒီလောကထဲက သူ နာမည်တန်းပြောလို့ ရနိုင်တဲ့လူအယောက်တစ်ရာကျော်ကတော့ အနည်းဆုံး ရှိနေသည်။ ဒီနေရာက ကြယ်များဖြင့် စုဝေးနေသည် ဆိုတာထက်လွန်ခဲ့တဲ့ ရက်အနည်းက ပြီးဆုံးသွားသည့် နှစ်ကူး Fashion showပွဲလိုပင်။
လက်ဖွဲ့ငွေများကို ပစ္စည်းလက်ခံကောင်တာတွင် ပေးသွင်း နာမည်ရေးထိုးပြီးနောက် ရှရှင်းချန်နှင့် အခြားသူများကိုပန်းရောင် ရင်ထိုးလေး သူတို့ရင်ဘတ်တွင် ထိုးပေးလိုက်ကြသည်။
အစပိုင်းတွင်တော့ ချိုင်မိန့်တင်းက ရှရှင်းချန်ကို လူအချို့နှင့် မိတ်ဆက်ပေးဖို့ ခေါ်သွားလိုက်သည်၊ ထို့နောက်တွင်သူမနှင့် မတွေ့တာ အတော်ကြာပြီ ဖြစ်သည့် သူငယ်ချင်းတစ်ယောက်ကို တွေ့လိုက်လေသည်။ သူတို့ နှစ်ယောက်နွေးနွေးထွေးထွေး စကားပြောဆိုနေကြသည်နှင့် ရှရှင်းချန်လည်း တစ်ယောက်တည်းသာ လမ်းလျှောက်ထွက်လာလိုက်တော့သည်။
"ရှင်းချန်!" တစ်စုံတစ်ယောက်က သူ့ကို ကျယ်ကျယ်လောင်လောင် အော်ခေါ် နှုတ်ဆက်လေသည်။
ရှရှင်းချန်လည်း သူ့အား ဘယ်သူခေါ်နေတာလဲဆိုတာ သိရအောင် ခေါင်းလှည့်ကြည့်လိုက်ချိန်တွင် အပြာနုရောင်ဂါဝန်ဝတ်စုံလေးနှင့် ချင်းရွှဲယွဲ့ သူ့ထံ အပြေးလာနေတာကို မြင်လိုက်ရလေသည်။ သူမ သူ့အနား ရောက်လာချိန်မှာတော့ သူ့ဘက်မှ စကာ ချင်းရွှဲယွဲ့ကို ပွေ့ဖက်လိုက်သည်။
ချင်းရွဲ့ယွဲ့ကတော့ အပြုံးပန်းများ ဝေနေလေသည်။
"အစ်ကို ဘာလို့ နောက်ကျနေတာလဲ၊ ညီမ အစ်ကို့ကို မျက်မှန်တွေနဲ့ဆိုတော့ မှတ်တောင် မမှတ်မိတော့မလို ဖြစ်သွားတယ်။"
ရှရှင်းချန် ရှင်းပြလိုက်သည်။ "ကိုယ် သူဌေး ခေါ်ရာနောက်ကို လိုက်နေရလို့။"
သူနှင့် ချင်းရွှဲယွဲ့ Variety showနောက်ပိုင်း အဆင့်များတွင် ရင်းနှီး နီးကပ်သွားသည်ဆိုပေမယ့် ထိုနီးကပ်မှုမှာတကယ်တော့ တစ်ဝက်သာမှန်ပြီး တစ်ဝက်က မှားနေလေသည်။ တကယ်တမ်းတွင် ချင်းရွှဲယွဲ့က အလိုလိုက်ခံထားရတဲ့ ကောင်မလေး တစ်ယောက်လို သရုပ်ဆောင်ရတာ သဘောကျပြီး ရှရှင်းချန် ကိုယ်တိုင်ကလည်း အများအရှေ့မှာ ရင်းရင်းနှီးနှီး ပုံစံ ဟန်ဆောင်နေပြရသည်ကို သိပ် စိတ်ထဲ ထားခြင်း မရှိလှ။
သူ ချင်းရွှဲယွဲ့ကို ဖက်ပြီးသည်နှင့် လွှတ်ပေးလိုက်ပြီး ထို့နောက်တွင်တော့ သူမက ရှရှင်းချန်ကို သူမ သူငယ်ချင်းများနှင့် မိတ်ဆက်ပေးဖို့ ကမ်းခြေအနား ဆွဲခေါ်သွားတော့သည်။
ကမ်းခြေတွင် များမကြာမီ ကျင်းပမည့် လက်ထပ်ပွဲအတွက် စီစဉ်စရာရှိသည်များ စီစဉ်ထားပြီး ဖြစ်သည်။ စင်မြင့်နှင့် ဧည့်သည် ထိုင်ခုံများက ပန်းများ၊ ပူဖောင်းများနှင့် ပြည့်နှက်နေသည်။ အကုန်လုံးအတွက် အဓိက သုံးထားသည့် အရောင်ကတော့ ရိုးရှင်းပေမယ့် ကြော့ရှင်းလှသည့် ဖြူရှင်းသန့်စင်သည့် အဖြူရောင်နှင့် ပန်းဖျော့ရောင်တို့ဖြစ်သည်။ ညီညီညာညာ စီစဉ်ထားသည့် ထိုင်ခုံများမှာလည်း ဧည့်သည်တော် နာမည်များ ရေးထိုးထားတာမို့ လူတစ်ယောက်က သူကြိုက်သည့် နေရာတွင် ဖြစ်သလို သွားထိုင်ဖို့ မဖြစ်နိုင်။
ချင်းရွှဲယွဲ့ရဲ့ သူငယ်ချင်းတော်တော်များများက သရုပ်ဆောင်မငယ်လေးများဖြစ်ကြကာ အချို့ကတော့ ရှရှင်းချန်အသိထဲတွင် ပါဝင်ပြီး အချို့ကတော့ သူတောင် နာမည်မကြားဖူးသူများ ဖြစ်ကြသည်။ ကမ်းခြေကို သွားနေချိန်အတွင်း သူ ဝေ့ဇယ်ဟွေးကိုတောင် တွေ့လိုက်သေးသည်။
ရှရှင်းချန်နှင့် ချန်းရွှဲယွဲ့ကို အတူမြင်လိုက်ချိန်တွင် ဝေ့ဇယ်ဟွေးက သူ့ကို မျက်စိမှိတ်ပြလာသည်။ ထို့နောက်မှာတော့ ဝေ့ဇယ်ဟွေးက ရှရှင်းချန်ကို ဆေးလိပ်သောက် အတူလိုက်ခဲ့ဖို့ ခေါ်သွားသည်။ သူတို့နှစ်ယောက်ပဲ ရှိတော့ချိန်မှာတော့ သူ ရှရှင်းချန်ကို မေးလိုက်သည်။
"မင်း အတည်တွဲဖို့ ကြံနေတာပေါ့လေ၊ ဟုတ်လား။"
ရှရှင်းချန် ပြောလိုက်သည်။ "မဟုတ်တာ မပြောစမ်းနဲ့၊ ငါတို့ကြားထဲ ဘာမှ မရှိဘူး။"
"မင်းအကြိုက် မဟုတ်ဘူးလား။" ဝေ့ဇယ်ဟွေး ပြောလိုက်သည်။
ရှရှင်းချန် ခေါင်းခါပြလိုက်သည်။
လက်ထပ် မင်္ဂလာပွဲ စတင်ရန် နီးလာပြီ ဖြစ်တာမို့ ဧည့်သည်များ တစ်ယောက်ပြီးတစ်ယောက် ကမ်းခြေဘက်ကိုရောက်လာကြပြီး ဝန်ထမ်းများ၏ လမ်းညွှန်ပေးမှုနှင့် သူတို့ သက်ဆိုင်ရာ ခုံများတွင် ထိုင်နေကြသည်။
ရှရှင်းချန် ကမ်းခြေသို့ လာရမည့် ဟော်တယ် ဝင်ပေါက်သို့သာ ငေးကြည့်နေသည်။
ဝေ့ဇယ်ဟွေး မေးလာသည်။ "မင်း တစ်ယောက်ယောက်ကို ရှာနေတာလား။"
ရှရှင်းချန် ချက်ချင်းဆိုသလို အသိဝင်လာပြီး ပြန်ဖြေလိုက်သည်။ "မဟုတ်ပါဘူး။"
ထို့နောက် သူ ထပ်ပြောလိုက်သည်။ "ငါတို့လည်း သွားထိုင်ကြရအောင်။"
ရှရှင်းချန်အတွက် နေရာချထားပေးသည့် ထိုင်ခုံမှာ လေးတန်းမြောက် ဘယ်ဘက် လျှောက်လမ်းဘေးတွင်ဖြစ်သည်။ ဘေးကျသည်ဆိုပေမယ့် ထိပ်ဆုံးနှင့် နီးဆဲပင်။
ချိုင်မိန့်တင်းနှင့်ယိုရှု နှစ်ယောက်လုံးကတော့ ထိပ်ဆုံးတန်းမှာ ဖြစ်ပြီး ချိုင်မိန့်တင်း ဘေးတွင်တော့ ချန်းဟိုင်လန်အလုပ်လုပ်ရာ TV stationက ဒါရိုက်တာ ထိုင်နေပြီး သူတို့နှစ်ယောက်က တစ်ခုခုကို တီးတိုးပြောလျက် ရှိနေကြသည်။
ဧည့်သည်များ နေရာယူနေကြစဉ်မှာပဲ ချန်းဟိုင်လန်က သူ့သတို့သား ဝတ်စုံဖြင့် အခမ်းအနားကျင်းပရာ စင်မြင့်နားတွင် ပေါ်လာသည်။ ရှရှင်းချန် ဒီကို စရောက်ချိန်တုန်းက သူ့ကို တစ်ခါတွေ့ခဲ့ပြီးပြီဆိုပေမယ့် ထိုအချိန်တုန်းက ချန်းဟိုင်လန်မှာ စကားအနည်းငယ် ပြောဖို့တောင် အလုပ်ရှုပ်နေတာမို့ သူ နှုတ်ဆက်စကားသာ ပြောခဲ့ရသည်။
ချန်းဟိုင်လန် အနောက်မှာတော့ ဒီနေ့ လက်ထပ်ပွဲ၏ သတို့သားရံ လေးယောက်ရှိနေပြီး သူတို့အကုန်လုံးမှာ ရှရှင်းချန် အမည်ပြောပြနိုင်သည်အထိ သိနေသော နာမည်ကြီး စတားများနှင့် TV drama အကြီးစားတစ်ခုမှ ဂျူနီယာတစ်ယောက်ပင် ဖြစ်လေသည်။
ဒီအချိန်မှာတော့ ချန်းဟိုင်လန်က ဖုန်းကိုသာ အဆက်မပြတ် ကြည့်နေသည်။ ရုတ်တရက် သူ့ဖုန်းက စတင် မြည်လာပြီးနောက် သူ ဖုန်းလက်ခံပြီး အလျင်အမြန် ထွက်သွားတာကို ရှရှင်းချန် တွေ့လိုက်ရသည်။ သတို့သားရံအချို့ကလည်း သူ့နောက် လိုက်သွားကြသည်။
ရှရှင်းချန် ဘေးတွင် ထိုင်နေသူကတော့ ချင်းရွှဲယွဲ့ ဖြစ်သည်။ သူမ လှပသည့် ဂုတ်ပိုးလေး ပေါ်အောင် ခေါင်းကိုမော့ရင်း ပြောလာသည်။
"အခု ဘယ်သူ ရောက်လာတာပါလိမ့်။"
ခဏအကြာမှာတော့ ရှရှင်းချန် ချန်းဟိုင်လန်နှင့်အတူ သူ ရင်းနှီးနေသည့် ပုံရိပ်လေး လျှောက်ဝင်လာတာကို တွေ့လိုက်ရသည်။ သူ့ အသက်ရှုမှုပင် ရပ်သွားသည် - ဒါ သူ လာမည်ဟု အိပ်မက်တောင် မမက်ရဲခဲ့သည့် ယန်ယိုမင်ပင်။
ယန်ယိုမင်က ရိုးရှင်းသည့် အဖြူရောင် တီရှပ်ကို ဝတ်ထားပြီး ထိုအနားစများအား သူ့အနက်ရောင် ဘောင်းဘီအတွင်း ထိုးထည့်ထားတာမို့ သူ့ခါးကို သွယ်လျသွားစေပြီး သူ့ခြေထောက်ကိုလည်း ရှည်လျားသွားစေကာ သူ့ပုံစံက ယွီဟိုင်ယန်နှင့်ပင် အလွန်တူလှသည်။
သူ ရောက်လာမှုက လူ အများအပြားကို နောက်ပြန်လှည့်ကြည့်စေပြီး ချန်းဟိုင်လန်က သူ့အတွက် နေရာချပေးထားသည့် ဘယ်ဘက် လျှောက်လမ်း ထိပ်ဆုံးတန်းသို့ ခေါ်သွားပေးရာတစ်လျှောက် လူတိုင်းက ချက်ချင်းဆိုသလိုသူ့ကို မတ်တပ်ရပ်ကာ နှုတ်ဆက်ကြတော့သည်။
ယန်ယိုမင်က ယဉ်ယဉ်ကျေးကျေး တုန့်ပြန်ပြောဆိုပေမယ့် သူ လမ်းလျှောက်နေတာ ရပ်သွားခြင်းလည်း မရှိသလိုစကားပြောဖို့ အကြာကြီးလည်း မနေ။
သူတို့ သူ့ထိုင်ခုံနားကို တဖြည်းဖြည်း နီးလာသည်နှင့်အမျှ ရှရှင်းချန် ထိန်းမရအောင် စိတ်လှုပ်ရှား ပျာယာခတ်လာတော့သည်။ ယဉ်ကျေးမှု လောကဝတ်တစ်ခု အနေဖြင့် သူလည်း မတ်တပ်ရပ်ကာ ယန်ယိုမင်ကို နှုတ်ဆက်သင့်တာသိပေမယ့် သူ့ကို တစ်ခုခုက တက်ဖိထားသကဲ့သို့ သူ့နှလုံးသား တစ်ခုလုံး လေးလံနေလှသည်။ ယန်ယိုမင် သူ့အနားနီးကပ်လာချိန်တွင်တော့ သူ ယန်ယိုမင်ကို မကြည့်ရဲ - သူ သူ့ခေါင်းကိုတောင် မမော့ချင်ပေ။
သူ့ဘေးမှ ချန်းရွှဲယွဲ့ကတော့ သူ့ကို တံတောင်ဖြင့် တွတ်လာသည်။
"ယန်ယိုမင်က အရမ်းချောတာပဲ!!"
သူ ထိုအကြောင်းကိုလည်း ဘာမှ ပြန်မပြောနိုင်။
ရလဒ်အနေဖြင့် ဘယ်သူမှ မမျှော်လင့်ထားတာကတော့ ယန်ယိုမင် ရှရှင်းချန် ဘေးသို့ ရောက်ချိန်တွင် သူလမ်းလျှောက်နေခြင်းကို အမှန်တကယ်ပင် ရပ်တန့်လိုက်လေသည်။
သူ ဒူးကွေးထိုင်ချကာ ရှရှင်းချန် ခြေထောက်ဘေးတွင် ကျနေသည့် ရင်ထိုးလေးကို ကောက်ယူလိုက်သည်။ ထိုရင်ထိုးလေးသည် သူ့ရင်ဘတ်အနားတွင် ချိတ်ထားလျက် ရှိနေတာကို ဘယ်အချိန်ကမှန်း မသိ အောက်သို့ ပြုတ်ကျကာ ရှိနေလေသည်။
ရှရှင်းချန် ထိုမြင်ကွင်းကြောင့် ကြောင်အမှင်သက် သွားတော့သည်။
ယန်ယိုမင် ရှရှင်းချန် လက်ပေါ် ရင်ထိုးလေး တင်ပေးပြီးနောက် သူ့ကို ပြုံးပြကာ ပခုံးကို ပုတ်လာသည်။ ထိုပုံစံမှာရင်းနှီးပုံ ပေါ်ပေမယ့် တစ်ပြိုင်နက်တည်းမှာပဲ အကွာအဝေးခြားထားသလို ခံစားနေရသည်။
ထို့နောက်တွင် ယန်ယိုမင်က ချန်းဟိုင်လန်နှင့်အတူ အရှေ့သို့ ဆက်လျှောက်သွားတော့သည်။ ရှရှင်းချန် ယန်ယိုမင်က ချန်းဟိုင်လန်အား ပြောပြနေသည်ကို နားစွန်နားဖျား ကြားလိုက်ရသည်။
"ရှင်းချန်၊ ငါ သူနဲ့ ဟောကျန်း ဇာတ်ကားမှာ အတူ သရုပ်ဆောင်ပြီးတာ မကြာသေးဘူး။"
ထို့နောက်တွင်တော့ သူ ဘာဆက်ပြောလဲ မကြားရတော့။
ရှရှင်းချန် သူ့လက်ထဲမှ ရင်ထိုးပန်းခိုင်ကို ငုံ့ကြည့်နေရင်းမှ ရုတ်တရက် သူ ကျေးဇူးတင်ပါတယ်တောင် မပြောလိုက်ရတာကို သတိရသွားသည်။
သို့ပေမယ့် သူ့ဘေးက လူတစ်ယောက်ကမှ သူ့ကို သတိထားမိခြင်း မရှိ။ ချန်းရွှဲယွဲ့ ယန်ယိုမင် ထိပ်ဆုံးတန်းအလယ်နေရာတွင် ထိုင်သွားတာကို ကြည့်နေရင်း တိုးတိုးလေး ပြောလာသည်။
"ဘာလို့ ယွမ်ကျင့်ကို မမြင်မိတာပါလိမ့်။"
ထိုအခါမှသာ ရှရှင်းချန် ခေါင်းမော့လာပြီး ယန်ယိုမင် ရှိရာဘက်သို့ ကြည့်လိုက်သည်။ သူ တကယ်ကိုတစ်ယောက်တည်း လာတာဖြစ်ပြီး ချန်းဟိုင်လန်ကလည်း သူတစ်ယောက်တည်းအတွက်သာ ထိုင်ခုံနေရာ ချန်ထားသည်။ ကြည့်ရသည်မှာ ယွမ်ကျင့် ပွဲမတက်သည့်ပုံပင်။
KittyKitling
T/N : တကယ်က တစ်ပတ်ကို နှစ်ပိုင်းပဲ တင်ဖို့ လုပ်ထားတာ .. မင်ကောကို မတရားတွေ လွမ်းလာလို့ TT