X'mas Special Extra (Part 2) Uni

16.5K 1.2K 112
                                    

ရန်ကုန်ဆောင်းသည် အေးမြနေသည်။ ခရစ္စမတ်ပွဲတော်အတွက် ထွန်းညှိထားသော ရောင်စုံမီးလုံးငယ်များကြောင့် စျေး၀ယ်စင်တာများနှင့် ဆိုင်ကြီးများသည် တောက်ပနေသည်။ မြို့သစ်လမ်းများအတွင်း ချိုး၀င်လိုက်သည်နှင့် တိတ်ဆိတ်ငြိမ်သက်မှုက ကြီးစိုးလာသည်။ လူသွားလူလာ မများတော့။ ပျော်ရွှင်စရာ ခရစ္စမတ်ဖြစ်ပါစေဟူသော အနီရောင်လက်နေသည့် စာလုံးများ ချိတ်ထားသည့် တိုက်အိမ်လေးရှေ့တွင် ကားကို ရပ်လိုက်သည်။

ကားပေါ်မှဆင်းပြီး အိမ်ထဲမ၀င်ခင်ကတည်းက သင်းပျံ့သော မွှေးနရံ့ကို ရလိုက်သည်။ အိပ်ခန်းထဲမှ အပြင်ကိုမောင်းထုတ်ထားပေမယ့် နေရှင်းခသည် သတိုး၏ဆန္ဒကို ငြင်းဆန်နိုင်ခြင်းရှိဟန်မတူ။ ကျေနပ်သော အပျော်ကြောင့် သတိုး၏ နှုတ်ခမ်းများပြုံးသွားသည်။

"ရှင်း.."

"ဖိနပ်ချွတ် သတိုး။ ဒီအတိုင်း ၀င်လာရင် မင်း သေမယ်။"

မီးဖိုခန်းထဲမှ အော်သံ။ အပြေးတပိုင်းဖြစ်နေသည့် ခြေ‌ထောက်များကို ခပ်မြန်မြန် အရှိန်သတ်လိုက်ရသည်။ သတိုး၏အကြောင်းကို လှမ်းကြည့်စရာမလိုဘဲ တပ်အပ်သိနိုင်သည့် နေရှင်းခပင်။ ရှူးဖိနပ်များကို ကန်ချွတ်လိုက်သည်။ ဘယ်တော့မှ ဖိနပ်ကြိုးကို တင်းတင်းမချည်တတ်။ ဖိနပ်တစ်ဖက်က တောင်၊ အခြားတစ်ဖက်က မြောက်အရပ်သို့ လွင့်စင်သွားသည်။ ပြန်မစီခဲ့။ နေရှင်းခတွေ့လျှင် အဆူခံရမည်ကို သိသော်လည်း မီးဖိုထဲမှ ဘီစကစ်မွှေးရနံ့က ပိုပြီးဆွဲဆောင်မှုရှိသည်။

"မွှေးလိုက်တာ ရှင်းရာ။"

မီးဖိုခန်းထဲမှ နေရှင်းခသည် သတိုးကို မော့မကြည့်သေးပါ။ အပေါက်၀ကို ကျောပေးပြီး ကျောက်ပြားခင်းထားသည့် မီးဖိုကောင်တာပေါ်တွေ ခါးကိုင်း ခေါင်းငုံ့ကာ စိတ်ပါ၀င်စားစွာ တစ်စုံတစ်ရာ လုပ်နေသည်။ ကျယ်ပြန့်သောကျောပြင်နှင့် မြင့်သောအရပ်ကြောင့် အုပ်မိုးနေသည်။ အိမ်မှာပင် ဖြစ်သော်လည်း အ၀တ်အစားများ မပေရအောင် အဖြူရောင်ခါးစည်းအ၀တ်စကို ၀တ်ဆင်ထားသည်။ ကြိုးစနှစ်ဖက်ကို ကျောဖက်တွင် ဖြစ်သလို ထုံးချည်ထားသော်လည်း ဒီပုံစံကပင် တစ်မျိုးလေး ကြည့်ကောင်းနေသည်။

ကြယ်တွေကြွေသောညWhere stories live. Discover now