Part 8 (Unicode)

27.4K 2.9K 83
                                    

"Ready ... one .. two .. three...."

"Merry Christmas to you all...!!!!"

ကျယ်လောင်သော ခရစ်စမတ်နှုတ်ခွန်းဆက်သံသည် တိတ်ဆိတ်သောညမှာ နက်ရှိုင်းစွာပေါ်ထွက်လာသည်။ တိုက်ခန်းလှေကားတစ်လျှောက်လုံး သတိုးတို့ဘုရားကျောင်းမှ လူငယ်များဖြင့် ပြည့်နှက်နေသည်။ လူငယ်ပေါင်း အယောက်နှစ်ဆယ်လောက်ရှိသည်။ မိနစ်အနည်းငယ်မျှ ထပ်မံစောင့်ဆိုင်းသော်လည်း ပိတ်စေ့ထားသော တိုက်ခန်းတံခါးမှာ ပွင့်မလာ။ တစ်ခါတစ်ရံရောက်ဖူးပေမယ့် ခပ်ဆင်ဆင်ဖြစ်သော တိုက်ခန်းတံခါးပေါက်များကြောင့် သတိုး ဇဝေဇဝါဖြစ်နေမိသည်။ သူ့ဘေးမှ အမွှာနှစ်ကောင်ကို မျက်မှောင်ကုတ်ကာ လှမ်းကြည့်လိုက်သည်။

"ဇော်မိုးဇော်။ ဒါမင်းတို့အိမ်ဟုတ်ရဲ့လား။"

ဇော်မိုးနှင့် မိုးဇော်။ အမွှာနှစ်ယောက်ကတော့ သတိုးမေးခွန်းကို မကြားသလို သီချင်းစာရွက်ကိုသာ ငုံ့ကြည့်နေကြသည်။ သတိုး သိပ်စိတ်မရှည်ချင်တော့။ တစ်ညလုံးတစ်အိမ်ဝင်တစ်အိမ်ထွက် သီချင်းဆိုရသည့်ကြားတွင် သူက ဂစ်တာတီးရသူဖြစ်နေသောကြောင့် လေးလံသော ဂစ်တာကို လွယ်ထားရသေးသည်။ ညည့်နက်နေပြီမို့ သတိုးအသံကိုထိန်းကာ ကျိတ်အော်လိုက်ရသည်။

"ဟေ့ကောင်တွေ..."

"မိုးဇော်။ မင်းကိုပြောနေတာ။"

"ငါ့ကိုပြောနေတာမဟုတ်ဘူး။ မင်းကိုမေးနေတာ။"

"မင်းကိုပါ။ နာမည်ခေါ်တာမကြားဘူးလား။"

"ငါ့နာမည် ဇော်မိုး။ မင်းကိုခေါ်တာ။"

သတိုးလက်ထဲမှ သီချင်းစာရွက်နှင့် နှစ်ယောက်စလုံးခေါင်းကို ရိုက်ပစ်လိုက်သည်။ ဖြစ်နိုင်လျှင် သူ့လက်ထဲရှိနေသည်မှာ ပေါ့ပါးသောစာရွက်မဟုတ်ဘဲ ခပ်လေးလေး ကျောက်တုံးဖြစ်စေချင်သည်။

"အမွှာနှစ်ယောက်ရာ နောက်မနေနဲ့။"

တခြားလူငယ်တွေကပါ ဝင်ပြောမှ ဇော်မိုးတို့နှစ်ယောက် မျက်နှာပိုးသတ်ကာ သတိုးကိုလှမ်းကြည့်သည်။

"မင်းက ငါတို့နာမည်မှန်အောင် ခေါ်ပါလား။"

"မင်းတို့ဘာသာတောင် မှန်အောင်မသိတာ။ ဒါ မင်းတို့အိမ်ဆိုတာ သေချာရဲ့လား။"

ကြယ်တွေကြွေသောညWhere stories live. Discover now