Part 6 (Unicode)

27.8K 2.9K 56
                                    

ပြောင်လက်နေသော စန္ဒရားအမည်းကြီးမှာ စပါးကြီးမြွေတစ်ကောင်လို သတိုး၏ အာရုံအားလုံးကို ဖမ်းညှို့ထားသည်။ ခြေသုံးချောင်းထောက်ထားသော လှိုင်းတွန့်ပုံစံ အမည်းရောင် အဖုံးထဲတွင် အရောင်ဟပ်နေသော သတိုးမျက်လုံးများသည် အရောင်လက်နေသည်။ ဒီနေ့မနက် ကျောင်းမသွားခင် အဖွားအခန်းကို ရှင်းပေးရန် ဒေါ်စိန်အမိန့်ပေးလာခဲ့သောကြောင့် မရောက်ဖူးသော အဖွားအခန်းထဲသို့ သတိုးရောက်နေခြင်းဖြစ်သည်။ ရောက်ရောက်ချင်း အခန်းထောင့်မှ စန္ဒရားကြီးကိုကြည့်ရင်း သတိုးလုပ်ရမည့်အလုပ်ကို မေ့လျော့သွားသည်။

ငယ်စဉ်ကတည်းက တနင်္ဂနွေ ဘုရားကျောင်းတက်ချိန်တိုင်းတွင် သင်းအုပ်ဆရာဟောသော တရားထက် ဓမ္မတေးသီချင်းဆိုသံကို သူ ပို၍နှစ်သက်ခဲ့သည်။ ဘုရားကျောင်းစချိန်နှင့် အဆုံးတွင် စန္ဒရားသံနှင့် တွဲဆိုလေ့ရှိသော ဓမ္မတေးသံများကြားတိုင်း ကြက်သီးထမိသည်အထိ ကြည်နူးမိသူဖြစ်သည်။ သတိုး မနေနိုင်စွာ မေးမိသည်။

"အဖွား..ဒီစန္ဒရားကြီးက ဖွား တီးတာလား။"

"ဟုတ်တယ်မြေး။ ဒါပေမယ့် အခုနောက်ပိုင်း မတီးဖြစ်တာတောင်ကြာပြီ။ မြေးက တီးချင်လို့လား။"

"ဗျာ... ကျွန်တော် တကယ်တီးလို့ရလား။"

"ရတာပေါ့။ အဖုံးဖွင့်ကြည့်လေ။ မြေးတီးတတ်ချင်ရင် အဖွား သင်ပေးလို့ရတယ်။"

သတိုး မယုံကြည်နိုင်စွာ အမည်းရောင် စန္ဒရားအဖုံးကို ဖွင့်လိုက်သည်။ အဖြူနှင့်အနက်ရောင် စန္ဒရားခလုတ်များက လှနိုင်လွန်းသည်။ လက်ညှိုးဖြင့် စန္ဒရားခလုတ်တစ်ခုကို ဖိနှိပ်လိုက်သည်။ ကျယ်လောင်သော စန္ဒရားသံကြောင့် ပြန်လည်အသိဝင်လာသလို သတိုးလက်ကို ချက်ချင်းပြန်ရုပ်လိုက်ပြီး အပြစ်ရှိသူတစ်ယောက်လို ဒေါ်မေတင်ကိုလှမ်းကြည့်ရယ်ပြလိုက်သည်။

"ထိုင်လေ မြေး။ ခါးကိုမတ်မတ်ထား။ စန္ဒရားရှေ့ရောက်တာနဲ့ ဗိုလ်ချုပ်ရှေ့ရောက်တဲ့ စစ်သားလို ခါးကိုမတ်မတ်ထားရမယ်။"

သတိုး ပြုံးစိစိနှင့် သူ့ခါးကို မတ်နိုင်သမျှမတ်အောင် ဆွဲဆန့်ရင်း ဒေါ်မေတင်ကို လှည့်ကြည့်လာသည်။

ကြယ်တွေကြွေသောညWhere stories live. Discover now