လေးငယ် extra(1)

42.2K 2.3K 15
                                    

အလျား ၇၀ နှင့် အနံ ၃၀ နီးပါးရှိ ထောင့်မှန်စတုဂံပုံ ရေကူးကန်သည် အပြာရောင်မိုးကောင်းကင်အောက်တွင် တောက်ပနေသည်။ နေရောင်ခြည်သည် လင်းလက်သော အလင်းတန်းများအဖြစ် ရေကူးကန်မှ ရေများအတွင်းသို့ တိုးဝင်နေသည်။ ကြည်လင်သော ရေကူးကန်ရေသည် အပြာရောင်ကျောက်ပြားများကြောင့် ရေပြာကန်တစ်ခုလို အသွင်ပြောင်းနေပေသည်။
ဟိုသည်လှုပ်ခါယိမ်းနေသောကြောင့် ရောင်ပြန်ဟပ်နေသော အလင်းတန်းတစ်ချို့သည် ထက်ဝေယံ မျက်နှာထက်မှာ ဖြတ်သန်းနေသည်။ နေကာမျက်မှန်ကို တပ်ထားသောကြောင့် အလင်းတန်းများသည် သူ့အတွက်တော့ အနှောင့်အယှက်မဟုတ်။ ထက်ဝေယံ လက်ကြားထဲမှ စီးကရက်သည် မီးသေနေပြီဖြစ်သည်။ သူ့ရှေ့မှဘီယာသည်လည်း မအေးတော့။ မလှမ်းမကမ်းတွေ အသင့်စောင့်နေသော စားပွဲထိုးလေးကို လက်ယပ်ခေါ်ပြီး နောက်တစ်ဗူးပြောင်းခိုင်းလိုက်သည်။
"ကျွန်တော့်အတွက်ပါ တစ်ဗူး အပိုယူခဲ့ပေးပါလား။ ကျေးဇူးပဲ။"
ထက်ဝေယံဘေးနားမှ ခြေဆင်းထိုင်ခုံရှည်တွင် သတိုးခန့် ကျောမှီထိုင်ကာ လှမ်းမှာလိုက်သည်။
"သတိုး..မင်း နောက် ကကွက်အတွက် အ၀တ်အစားလဲရဦးမယ်မဟုတ်လား။"
"နားပါရစေဦး ကိုလေးရာ။"
သတိုးက ခိုညည်းသလိုညည်းတော့ သူ ပြုံးမိသည်။ သတိုးခန့်ရဲ့ အခွေမထွက်ခင်မီအောင် music video ရိုက်နေကြခြင်းဖြစ်သည်။ ထက်ဝေယံ ထုံးစံအတိုင်း တော်ရုံနှင့်မကျေနပ်။ အကောင်းဆုံးဖြစ်စေချင်သည်။ အဆန်းဆုံးဖြစ်စေချင်သည်။ ဒီတော့လည်း ရိုက်ကွင်း၊ ဒါရိုက်တာနှင့်တကွ ဒီဇိုင်နာအဆုံး သူဝင်ပါဖြစ်သည်ပဲဖြစ်သည်။
အဆက်မပြတ် လှုပ်ရှားနေသော ရေကြည်များကြားမှ ရောင်ပြန်များသည် သူ လိုချင်နေသည့် ရိုက်ကွင်းတစ်ခု။ ရေကူးကန်ဘေးနားမှ မြက်ခင်းစိမ်းစိမ်းနှင့် အလှစိုက်ထားသော စွန်ပလွံပင်ပေါက်ငယ်များနှင့် ဒီရေကန်ကို သူ မျက်စိကျနေခဲ့သည်မှာ ကြာပြီဖြစ်သည်။
"အလုပ်လုပ်နေချိန်မှာ ဘီယာမသောက်ရဘူးဆိုတာ မင်း မသိဘူးလား။"
သတိုး မဖြေ။ ပြုံးရုံသာပြုံးသည်။ စားပွဲထိုးလေး ကမ်းပေးလာသော ဘီယာဗူးကိုယူကာ အမြှုပ်မထအောင် ဖန်ခွက်ကိုတစောင်းကိုင်ကာ ခပ်ဖြည်းဖြည်းထည့်သည်။ ပြီးမှ ဖန်ခွက်ရှည်ကို မြှောက်ပြရင်း cheers ဟု ပြောကာ ပါးနှစ်ဖက်ဖောင်းသည်အထိ တငုံသောက်ပြီး ရယ်နေသည်။
အဲဒါတွေကွာတာ။
မလိုပေမယ့် ထက်ဝေယံ တွေးမိသွားသည်။ ရဲသွေးငယ်သာဆိုလျှင် ဘီယာသောက်ဖို့မပြောနှင့်။ အနံ့ပင်မခံနိုင်။ သူ သောက်သည်ဆိုသည်နှင့် မျက်နှာတစ်ခုလုံး စူပုပ်ကာ မကောင်းဆိုးဝါးတစ်ကောင်နှင့် အတူတွဲတွေ့ရသလို အကြည့်လွှဲနေတတ်သည်။
သူ စီးကရက်သောက်လျှင်လည်း နှုတ်ခမ်းကြားမှ စီးကရက်ကို ဆွဲဖယ်ဖို့ ကြိုးစားတတ်သည်။ ဒါကို သူ စိတ်အတိုဆုံးဖြစ်သည်။ သူ ဆိုသည်က လွတ်လပ်မှုများနှင့်သာ တစ်ကိုယ်တည်း ကြီးပြင်းခဲ့တာ။ ဒေါ်စူစီနှင့် ဦးရန်နိုင်ထွန်းလို မိဘနှစ်ပါးထံမှ ဟိုဟာလုပ်ပါ၊ ဒီဟာမလုပ်ပါနဲ့ဟု တားမြစ်သည်ကို ဘယ်တုန်းကမှ မကြားဖူးခဲ့။ ပြီးတော့ သူ့ခံယူချက်ကရှင်းသည်။ မကြိုက်ရင် မလုပ်နဲ့။ သူများလုပ်နေသည်ကိုလည်း လိုက်မတားနဲ့ပေါ့။
ရဲသွေးငယ်က ဒီလိုမဟုတ်။ နေရာတကာ ဆရာကြီးလုပ်ချင်သည်။ လူကြီးလုပ်ချင်သည်။ ပွစိပွစိနှင့် အဖွားကြီးတစ်ယောက်လို စကားလည်းများသေးသည်။ သံတောင်ကြီးမှာတုန်းကတော့ ကိုယ့်ဦးနှောက်နဲ့ကိုယ် မကောင်းမှန်းသိရဲ့သားနဲ့ သောက်နေတာ။ ကျွန်တော် ဘာဝင်ပြောရမလဲဆိုသည့်ကောင်လေးက အခုတော့ ဟိုဟာမကောင်းဘူး၊ ဒီဟာမလုပ်နဲ့လေဆိုပြီး ချုပ်ချယ်ချင်တာကို သူ စိတ်အအိုက်ဆုံးဖြစ်သည်။
ထက်ဝေယံ မီးသေနေသော စီးကရက်ထိပ်မှ ပြာမှုန်များကို လက်ညှိုးဖြင့် နှစ်ချက်ဆင့်တောက်ကာ ခြွေချပြီးမှ ဆေးလိပ်ပြာခွက်ထဲ ထိုးခြေလိုက်သည်။ မသောက်လိုက်ရဘဲ ကုန်သွားသည်မို့ နောက်တစ်လိပ်ကို နှုတ်ခမ်းထောင့်မှာ ညှပ်တော့ သတိုးက မီးညှိုပေးလာသည်။ သူကိုယ်တိုင်လည်း စီးကရက်တစ်လိပ်ကို မီးညှိသောက်နေသည့် သတိုး၏ မျက်နှာကို သူ ငဲ့ကြည့်ရင်း ထက်ဝေယံ သက်ပြင်းတစ်ချက် ချမိသွားသည်။
သတိုးနှင့်သူသည် ဘယ်တုန်းကမှ အတိုက်အခံ မဖြစ်ခဲ့ဖူးပါ။ သူတို့နှစ်ယောက်အတူရှိနေစဉ်ကရော၊ အခုအချိန်အထိရော ရန်ဖြစ်ဖို့မပြောနှင့်။ စကားပင်မများဖူးပါ။ သူ သတိုးကို တစ်ခါပဲစိတ်ဆိုးဖူးသည်။ အဲဒီတုန်းက စင်္ကာပူမှာ။ နေရှင်းခနှင့် ပြဿနာတက်သည့်ညက။ အဲဒီ့တစ်ခါပဲဖြစ်သည်။ သူတို့နှစ်ယောက်ကြားမှာ ဘာအဖုအထစ်မှ မဖြစ်ခဲ့။
သူ ဘီယာသောက်လျှင် သတိုးက သူ့ထက်ပိုသောက်နိုင်သည်။ သူတို့နှစ်ယောက် စီးကရက်တစ်ယောက်တစ်လိပ်နှင့် သီချင်းရေးရင်း မိုးလင်းခဲ့သောညများလည်း ရှိခဲ့သည်။ စိတ်ညစ်စိတ်ရှုပ်လာလျှင် ခေါင်းရှင်းရအောင်ကွာဆိုပြီး နှစ်ယောက်သား ကလပ်အတူသွားကာ ညလုံးပေါက် သောင်းကျန်းခဲ့ကြသည့် ညများသည်လည်းမနည်း။ သူ့ကို ဘယ်တုန်းကမှ သတိုး အပြစ်မတင်သလို သူကလည်း သတိုးကို ဘာမလုပ်ရ၊ ဘယ်မသွားရ မတားမြစ်ခဲ့။
သူတို့နှစ်ယောက်ကြားမှာ ဘယ်တုန်းကမှ.. ဘာဆိုဘာမှ..
"ကိုလေး..။"
"ဟမ်..။"
ထက်ဝေယံ လန့်သွားသည်။ သူခိုးလူမိသလို သတိုးကို လှည့်ကြည့်တော့ ချောမောသော သတိုး၏ မျက်နှာသည် မျက်မှောင်ကြုတ်နေသည်။
"စိတ်လေတာဗျာ..။"
"ဘာလဲကွ။"
"ဘာလို့အဘိုးကြီးတစ်ယောက်လို သက်ပြင်းချနေတာလဲ။"
"ငါဆဲလိုက်ရမကောင်းဘူး သတိုး။ အဘိုးကြီးတွေမှ သက်ပြင်းချလား။"
"ကိုလေးကိုကြည့်ရတာ လူအိုကြီး အပူမိနေသလိုပဲ။"
ထက်ဝေယံ သည်းမခံနိုင်တော့။ အင်္ဂလိပ်လို ခပ်ရိုင်းရိုင်းဆဲတော့ သတိုးရယ်သည်။ အဲဒါပဲကြည့်။ ရဲသွေးငယ်ဆိုလျှင် ဒီလိုမဆဲရဘူးလေဗျာ ဘာညာနှင့် တစ်ညနေလုံး ဆရာကြီးလုပ်ဦးမည်ထင်သည်။
"ဘာတွေစိတ်ရှုပ်နေတာလဲ။ ငယ်လေးကြောင့်လား။"
"အေး။ ငါ့ကို စိတ်ကောက်နေပြန်ပြီ။"
သတိုးက မထူးဆန်းသလိုတစ်ချက်ကြည့်ကာ စီးကရက်ကို ရှိုက်ဖွာရင်း ဘေးကိုငဲ့ကြည့်သည်။ ရိုက်ကွင်းအဖွဲ့သားတွေက ဒါရိုက်တာညွှန်ကြားချက်အတိုင်း ကင်မရာကြီးကို ရေကန် အခြားတစ်ဖက်သို့ ရွှေ့နေကြသည်မို့ သူတို့စကားပြောဖို့ အချိန်ရှိသေးကြောင်းသေချာမှ သူ့ကို ပြန်ကြည့်သည်။
"ဒီတစ်ခါက ဘာပြစ်မှုနဲ့လဲ ကိုလေးရ။"
စီးကရက်ကို နှုတ်ခမ်းထောင့်မှာ ခပ်ဖွဖွကိုက်ကာ သတိုး လက်ငါးချောင်းထောင်ပြသည်။ ထက်ဝေယံ စကားပင် ပြန်မဖြေရသေး။ လက်ချောင်းတစ်ချောင်းချင်းစီကို နောက်လက်တစ်ဖက်မှ လက်ညှိုးနှင့် ချိုးပြီး မေးသည်။
"မိန်းမလား၊ အရက်လား၊ ဆေးလိပ်လား၊ ညာပြောမိလို့လား၊ တိရစ္ဆာန်တွေကို သတ်မိလို့လား။"
"ဟေ့ကောင်။ မင်းကပါ ငါ့ကို ငါးပါးသီလစောင့်ခိုင်းမလို့လား။"
ထက်ဝေယံ စိတ်ပျက်လက်ပျက်ပြောပေမယ့် ရယ်မိသည်။ သတိုးပုံစံက တကယ့်ကို အရေးကြီးသည့် အမှုတစ်ခု၏ သဲလွန်စရသည့် စုံထောက်တစ်ယောက်လို ခပ်တည်တည်။
"ပြောစမ်းပါ။ ဒီတစ်ခါက ဘာအမှုလဲ။"
"ဘာမှမဟုတ်ပါဘူးကွာ။ ဒီလိုပဲ ငါ့ဘာသာငါ အိမ်မှာနေနေတာ။ သူရောက်လာပြီး စီးကရက်တွေ သောက်တယ်။ ဘီယာတွေသောက်တယ်လုပ်နေဆိုပြီး တရားလာပြနေပြန်ရော။"
ထိုနေ့က သူငယ်ချင်းဖြစ်သူ ရဲလေးနှင့်စကားများကာ ထက်ဝေယံ စိတ်တွေတိုနေသည်။ ထုံးစံအတိုင်း သူ့ကို နောက်ထပ်အခွေထုတ်ဖို့ တိုက်တွန်းခြင်းဖြစ်သည်။ ဂစ်တာကောက်ကိုင်လိုက်တာနှင့် သီချင်းဖြစ်သည်ဟု ရဲလေး ထင်နေသလားမသိ။ နောက်ထပ်အခွေထုတ်ဖို့ကို သူ ဘယ်လိုမှ မလုပ်ချင်သေး။ ဒါကိုပင် ထပ်တလဲလဲပြောနေသည့် သူငယ်ချင်းနှင့် စကားများပြီးချိန် ရဲသွေးငယ် သူ့အိမ်ကိုရောက်လာသည်။
ခါတိုင်းလည်း လာနေမြဲပါ။ သူ့ အိမ်ရောက်တိုင်းလည်း တစ်ခုမဟုတ်တစ်ခု ဆူသလိုလို၊ အပြစ်တင်သလိုလို ပြောမြဲ။ ထိုနေ့ကလည်း စီးကရက်တွေသောက်ပြန်နေပြီဗျာ။ ဘီယာခွံတွေချည်းပဲ ဘာညာ ဆရာလာလုပ်ပြန်သည်။ ဒေါသခံရှိနေသည်မို့ မင်းကို ဘယ်သူမှ အတင်းမလာခိုင်းဘူး။ မကြိုက်ရင် မလာနဲ့ ဘာညာဆိုကာ ထက်ဝေယံ ဒေါသတကြီး ဟောက်ဖြစ်သည်။ တံခါးကိုပါ ဆွဲဖွင့်ပြီး ထွက်သွားစမ်းကွာဟု မောင်းထုတ်မိသည်အထိ။
ရဲသွေးငယ် သူ့ကို တစ်ချက်သာ စူးခနဲကြည့်ပြီး အိမ်ထဲမှ ထွက်သွားသည်။ နောက်ရက်တွေ ပေါ်မလာတော့။ သူ လွန်မှန်းသိသည်။ ဒါပေမယ့် ထက်ဝေယံဆိုတာက လိုက်ချော့ဖို့ဆိုတာမျိုးကြီးကို ဘယ်တုန်းကမှ မလုပ်ခဲ့ဖူး။ လုပ်လည်းလုပ်လိမ့်မည်မဟုတ်။ သူ ပြန်လာချင်သည့်အချိန် ပြန်လာလိမ့်မည်ဟုသာ တွေးကာ ဒီအတိုင်းထားခဲ့သည်။
"အဲဒါနဲ့ ငါလည်း မင်းအကြိုက်တော့ လိုက်မနေနိုင်ဘူး။ ငါ့အိမ်မှာ ငါကြိုက်သလိုနေမယ်။ မင်း သဘောမကျရင် မလာနဲ့တော့လို့ ပြောလိုက်တာ။"
"အဲဒီတော့။"
"မလာတော့ဘူးလေ။ ကြက်ပျောက်ငှက်ပျောက် ပျောက်နေတယ်။ စိတ်ကောက်နေမှာပေါ့။ စကားများမယ်။ စိတ်ကောက်မယ်။ အဲဒီ့ကောင်လေး ဒါပဲလုပ်တတ်တယ်။"
သတိုး ခေါင်းခါပြီး ရယ်နေသည်။ ဘာမှဆက်မပြော။ ပြောနေရသည့် ထက်ဝေယံသာ ဆန့်တငင်ငင် ဖြစ်ကျန်ခဲ့ရသည်။ တစ်ခုခု အကြံပေးလိမ့်မည်၊ အနည်းဆုံးသူ့ကို အပြစ်တင်လိမ့်မည်ဟု ထင်ထားသည်မှာ ဖြစ်မလာ။
"ဘာလဲကွ။ မင်းက။"
"ဗျာ။ ဘာဖြစ်လို့လဲ။"
"ဘာလို့ ဘာမှ ဆက်မပြောတာလဲ။"
"ဟောဗျာ။ ဘာပြောရမှာလဲ။ ပြောစရာမှမလိုတာ။ ဒါ ကိုလေးတို့ သမီးရည်းစားပြဿနာပဲဟာ။ ကျွန်တော်က ဘာလို့ဝင်ပါရမှာလဲ။"
"ခွေးကောင်လေး။ ဒါဆိုလည်း ဘာလို့မေးနေရတာလဲ။"
"ဒါကတော့ သိချင်တာကိုး။"
သတိုး ရယ်နေသည်။ ဘာမှလည်း ရယ်စရာမရှိ။ ထက်ဝေယံ စိတ်ရှုပ်သွားသည်။
"ငါလွန်တယ်လို့ မင်း မထင်ဘူးလား။"
"ဗျာ။ ကိုလေးက အဲလိုထင်လို့လား။"
"မဟုတ်ဘူးလေကွာ။ ငါပြောချင်တာက..။"
ထက်ဝေယံ စကားဆက်၍မရ။ သူ ဘာပြောချင်တာလဲ။ သူ ပြောချင်တာက ဘာလဲ။ ခေါင်းတွေပူလာသည်။
"ရှင်း..။"
သတိုး သူ့ကိုလှည့်မကြည့်တော့။ ခပ်လှမ်းလှမ်းမှ သူတို့ရှိရာ လျှောက်လာနေသည့် နေရှင်းခရှိရာ ထသွားပြီဖြစ်သည်။ နေရှင်းခ အလုပ်မှ တန်းလာပုံရသည်။ မျက်တွင်းတွေကျကာ ညိုနေသည်။ ဒါပေမယ့် သတိုးကို ပြုံးပြနေပုံမှာ နေရောင်ကို နှုတ်ခွန်းဆက်နေသော စာငှက်ငယ်တစ်ကောင်လို တောက်ပလွန်းသည်။ လန်းဆန်းလွန်းသည်။ နှစ်ယောက်သား တစ်ယောက်ရှေ့မှာ တစ်ယောက်ရှိသည်နှင့် လောကကြီးတစ်ခုလုံးကို မေ့သွားသည့်ဟန်။ အပြုံးများက ချိုလွန်းသည်။
ရဲသွေးငယ်ကရော။
ဒီလိုမျက်လုံးတွေနဲ့ သူ့ကို ဘာလို့မကြည့်တာလဲ။ အမြဲလိုလို မှုန်ကုပ်ကုပ်၊ စူပုပ်ပုပ်ရုပ်နဲ့ တစ်သက်တာလုံး သူ ဆူဖို့ လူဖြစ်လာရသလို ဘာလို့ အမြဲဆက်ဆံရတာလဲမသိ။
နေရှင်းခပင် ဆံပင်တွေ တော်တော်ရှည်လာနေပြီဖြစ်သည်။ နက်ကတိုင်နှင့် ဘောင်းဘီရှည်ကို သပ်ရပ်စွာ ၀တ်ဆင်ထားသည်မှာ မြင့်မားသောအရပ်ကြောင့် ကြည့်ကောင်းလွန်းသည်။ ဘောင်းဘီအိတ်ကပ်ထဲသို့ လက်တစ်ဖက်ထည့်ရင်း နောက်လက်တစ်ဖက်က သတိုး၏ ပခုံးကိုသိုင်းဖက်ထားသည်မှာ တည်ကြည်လွန်းသလို လှပလွန်းသည်။ သူ့ဘေးမှ သတိုးသည် သူပိုင်ဆိုင်ကြောင်း တစ်လောကလုံးကို ကြေငြာနေသလို။ ထိုကောင်လေးကို သူ့အနားမှာသာ ထားမည်ဖြစ်ကြောင်း အသိပေးနေသလို။
နေရှင်းခ သူ့နားရောက်သည်နှင့် သူ့မျက်နှာကို တစ်ချက်ကြည့်သည်။ ပြီးမှ သတိုးကိုမေးသည်။
"သတိုး။ ဒီကောင် ဘာဖြစ်နေပြန်ပြီလဲ။"
"ရောဂါလေ။"
"ရဲသွေးလား။"
"အေး။"
တစ်ယောက်တစ်လှည့် အတိုင်အဖောက်ညီနေသော သတိုးတို့နှစ်ယောက်ကို ထက်ဝေယံ စိတ်မရှည်တော့။
"ဟေ့ကောင်တွေ။ ငါ ဒီမှာ လူတစ်ယောက်လုံး ထိုင်နေတယ်။ မေးစရာရှိရင် ငါ့ကိုမေး။"
နေရှင်းခရော သတိုးရော သူ့ကိုလှည့်မကြည့်။
"ဒီတစ်ခါ ရောဂါအခြေအနေက ပိုဆိုးပုံရတယ်။"
"ဖြစ်နိုင်တယ်။ မင်းဘယ်လိုထင်လဲ။"
"ကုလို့တော့ ရမှာမဟုတ်ဘူး။"
"သေချာတာပေါ့။"
"ဟေ့ကောင်တွေ။"
ထက်ဝေယံ ထပ်အော်သည်။ ဒါကိုလည်း နှစ်ယောက်စလုံး အရေးမလုပ်သေး။
"ငါသွားမယ် ရှင်း။ ဒါရိုက်တာခေါ်နေပြီ။ ကကွက်တွေ ရိုက်ဖို့ကျန်သေးတယ်။"
"ဟုတ်လား။ မင်း အကြိုက်ပေါ့။"
"မနောက်စမ်းပါနဲ့ကွာ။ အသေ စိတ်ညစ်တာ။ ငါက အညံ့ဆုံးပါဆိုမှ တကယ် ကတတ်သူတွေရဲ့ ရှေ့မှာနေပြီး ကတတ်ချင်ယောင် ဆောင်ရဦးမယ်။"
"မပူပါနဲ့ကွာ။ edit လိုက်ရင် မင်း မကတတ်မှန်း ဘယ်သူ့မှ မသိတော့ဘူး။"
နေရှင်းခ ခပ်ဖွဖွရယ်ကာ သတိုး ပါးတစ်ဖက်ကို ထိရုံကိုင်ပြီး good luck ဟု တိုးတိုးပြောသည်။ အပြုံးကိုက အမြင်ကတ်စရာကောင်းလောက်အောင် ချိုလွန်းသည်။ ဟိုကောင်လေး သတိုးကလည်း ထိုအပြုံးကြောင့် အားရှိကာ ပျော်နေလိုက်သည်မှာ မြင့်မိုရ်တောင်ကိုပင် ဖြိုနိုင်သည့် ခါချဉ်ကောင်လေးလို။
သတိုး ထွက်သွားတော့မှ နေရှင်းခ သူ့ဘေးမှာ ၀င်ထိုင်သည်။ အကြည့်ကတော့ သတိုးရှိနေရာမှ တစ်ချက်မရွေ့။
အားကျတာလား။
မနာလိုတာလား။
မကျေနပ်တာလား။
မကျေလည်တာလား။
ဘာမှန်းတော့မသိ။
ထက်ဝေယံ ရဲသွေးငယ်ဆိုသည့်ကောင်လေးကို ကျိန်ဆဲမိသည်။
.............................

ကြယ်တွေကြွေသောညWhere stories live. Discover now