Chapter 47

31.7K 2.9K 145
                                    

နေရှင်းခ ဘ၀မှာ စိုးရိမ်စိတ်ဆိုတာ ရှိခဲ ခဲ့သည်။

ဘ၀ရဲ့ တစ်ဆစ်ချိုး အပြောင်းအလဲများဖြစ်ခဲ့သော စာမေးပွဲဖြေချိန် အလုပ်ဝင်ချိန်များကိုပင် သက်သောင့်သက်သာ ဖြတ်သန်းဖြစ်ခဲ့သည်သာများသည်။ နည်းနည်းပါးပါး စိတ်ပူမိတာတော့ရှိသည်။ ဒါပေမယ့် ငါ စိတ်ပူနေလို့လည်း ဘာထူးမှာလဲ။ အကောင်းဆုံး ပြင်ဆင်ထားပြီးပြီပဲဟူသော အတွေးနောက်မှာ ခေါင်းအေးသွားတတ်သည်သာ။ သူတစ်ပါးနိုင်ငံသို့ ပထမဆုံးအကြိမ် အလုပ်သွားလုပ်ရစဉ်ကတော့ အလွန်အမင်း စိတ်လှုပ်ရှားခြင်းမရှိခဲ့။

ဒါပေမယ့် ဒီနေ့မနက်မှာတော့ သူ့စိတ်တွေကို သူ အစိုးမရနိုင်။ နေလို့ထိုင်လို့မရနိုင်လောက်အောင် စိတ်လှုပ်ရှားနေမိခြင်းဖြစ်သည်။

ဘာကြောင့်များ ဒီလောက် စိုးရိမ်စိတ်ပူနေမိသည် နေရှင်းခ နားမလည်။

သူ သတိုးကို လက်ထပ်ခွင့်တောင်းဖို့ စဉ်းစားထားသည်မှာ အခုမှမဟုတ်။

သတိုးကို စချစ်မိကတည်းကဖြစ်သည်။ ပိတောက်ပင်အောက်မှာ သတိုးကို ချစ်မိနေသည်ကို နားလည်ကတည်းက၊ ပထမဆုံးအကြိမ် နမ်းမိကတည်းက တစ်နေ့နေ့မှာ သတိုးကို လက်ထပ်ခွင့်တောင်းမည်ဟု သူ့နှလုံးသားထဲမှာ ခိုင်ခိုင်မာမာ ဆုံးဖြတ်ပြီးသားဖြစ်သည်။

တစ်ခုပဲရှိသည်။

သတိုး လက်ခံပါ့မလား...

သူနှင့်လက်ထပ်ဖို့..

တစ်သက်တာလုံး အတူနေထိုင်ဖို့ကို သတိုး လက်ခံပါ့မလား...

အခုအချိန်မှ သူ့အပြစ်တွေကို နေရှင်းခ တန်းစီမြင်နေသည်။

သတိုးနှင့်ပတ်သက်လျှင် သူ သ၀န်တိုလွန်းသည်။ ပြီးတော့ စည်းကမ်းကြီးလွန်းသည့် သူ့အကျင့်စရိုက်။ ပစ္စည်းများကို နေရာတကျပြန်မထားတိုင်း သတိုးကို သူ  ဆူပူဖူးသည်။ သူနှင့်နေရတာကို အနေအထိုင်မလွတ်လပ်ဟုများ သတိုးထင်လေမလားမသိ။

သတိုး သူ့ကိုချစ်သားပဲဆိုသည့် ဖြေတွေးနောက်မှာ သူ့ကို ချစ်သည်ဟု ဘယ်အချိန်က  သတိုး နောက်ဆုံးပြောခဲ့တာလဲဆိုသည့် စိုးရိမ်မှုတစ်ခုတွဲကပ်ပါလာသည်။

ကြယ်တွေကြွေသောညWhere stories live. Discover now