Sequel 28 (Unicode)

13.8K 1.3K 11
                                    

မနက်ခင်းနေရောင်ခြည်သည် မိုးကုပ်စက်ဝိုင်းစွန်းတစ်နေရာမှ ဖြည်းညှင်းစွာ ထွက်ပေါ်လာနေသည်။ အလင်းတန်းများသည် ၎င်းတို့၏ စုတ်တံများနှင့် ကောင်းကင်ပြင်ကို အပြာရောင်လဲ့လာအောင် စွမ်းဆောင်နေကြသလို တိမ်စုတိမ်စိိုင်များကိုလည်း လိမ္မော်ရောင်၊ ကြက်သွေးရောင် အရောင်မျိုးစုံခြယ်ရင်း အသက်သွင်းနေကြပြီဖြစ်သည်။

ရဲသွေးငယ်တို့၏ အိမ်ငယ်လေးသည်လည်း လှုပ်ရှားသံများဖြင့် ဆူညံနေသည်။ မိခင်ဖြစ်သူ၏ ခြေသံ၊ ဖခင်ဖြစ်သူ၏ ပြင်ဆင်သံ၊ နှုတ်ဆက်သံများကို ကြားနေရသည်။ မီးဖိုခန်းနေရာမှ သင်းပျံ့သော ထမင်းကြော်နံ့ကိုလည်း ရလိုက်သည်။ နှင်းရေစိုနေသော မြေသင်းနံ့သည်လည်း ရီုးအီမှုမရှိ။ ရဲသွေးငယ် လက်ကိုဆန့်တန်းရင်း သန်းဝေလိုက်သည်။ သူ မထချင်သေး။ ဖျာချပ်ပေါ်မှာ ကွေးသည်ထက်ကွေးအောင် ကြုံ့ရင်း စောင်ပါးလေးကို တင်းနေအောင် ဆွဲခြုံလိုက်သည်။

မျက်လုံးထဲထင်လာသော အရိပ်ပုံကြောင့် ပြုံးရင်း ခေါင်းကိုခါရမ်းလိုက်သည်။ အိပ်ရာမှ နိုးထသည်နှင့် သူ့အတွေးထဲဝင်လာသည်မှာ ပုံမကျ၊ ပန်းမကျ ထိုလူကြီးတဲ့လား။ ခေါင်းအုံးမှာ မျက်နှာအပ်ရင်း အသံထွက်အောင် ရယ်လိုက်သည်။

"ငယ်လေး။ ထတော့လေ။"

တံခါးဝမှ မိခင်ဖြစ်သူ၏ အသံကိုကြားမှ စောင်ကို ကန်ထုတ်ကာ ထ ထိုင်လိုက်သည်။ ညက ရေးလက်စ ကဗျာစာရွက်ကို လှမ်းယူကြည့်ရင်း သဘောမကျစွာ လုံးချေပစ်လိုက်သည်။ ထို့နောက်မှာတော့ သူ့ခေါင်းကို နာနာထုသည်။ တစ်ညလုံး ကြိုးစားစဉ်းစားပြီး ရေးတာတောင် ကဗျာတစ်ပုဒ် ဖြစ်မလာ။ မနက်ဖြန်ဆိုလျှင် သူ ထက်ဝေယံကို စာပေးရဦးမည်။ သူ့ ဦးနှောက်တွေ အေးခဲကုန်ပြီလားမသိ။ အရမ်းကြိုးစားနေသည့် ကိုယ့်ကိုယ်ကိုယ်တောင် ပြန်သနားချင်သွားသည်။ ဒါပေမဲ့ သူ ပျော်နေသည်။ ထက်ဝေယံအတွက် စာတွေရေးရတိုင်း၊ ကဗျာတွေ ရေးရတိုင်း သူ ပျော်နေသည်။ နှစ်ရက်တစ်ခါ၊ သုံးရက်တစ်ခါ စာပေးနေရသည့် သူ့ တာဝန်ကို ပျက်လို့မဖြစ်။ သူ့ကိုတွေ့တိုင်း မျက်နှာကြီး ရှုံ့မဲ့သွားတတ်ပေမယ့် သူ ပေးသည့်စာကိုတော့ မပျက်မကွက် ယူသွားတတ်သောထက်ဝေယံ၏ ပုံစံကိုမြင်ယောင်ရင်း နောက်တစ်ကြိမ် ရယ်မိပြန်သည်။

ကြယ်တွေကြွေသောညWhere stories live. Discover now