Part 21 (Unicode)

23.5K 2.3K 63
                                    

လိုက်ကာသိမ်းထားသော ပြတင်းပေါက်မှန်မှတဆင့် အပြင်မှအစိမ်းရောင် သစ်ရွက်တစ်ချို့ လေတိုက်တိုင်းလှုပ်ရှားနေသည်ကို မြင်နေရသည်။ တံခါးပိတ်ထားသော မှန်ပြတင်းပေါက်ဘောင်တွင် နှုတ်သီးမည်းနှင့် ချစ်စရာစာကလေးတစ်ကောင် နားလာသည်။ မျက်လုံးဝိုင်းနှင့် သူ့ခေါင်းငယ်ကို ဘယ်ညာစောင်းကြည့်ကာ အညိုရောင်အမွှေးတာင်ကြား နှုတ်သီးဖြင့် တိုးဖွပြီး ပျံသန်းထွက်ခွာသွားသည်။ ထက်ဝေယံ ကုတင်ပေါ်တွင် ခေါင်းအုံးကိုမှီထိုင်နေရင်းမှ ပျံသန်းသွားသော စာကလေးငှက်လေး မြင်ကွင်းမှ ပျောက်ကွယ်သွားသည်အထိ မျက်စိတစ်ဆုံးလိုက်ကြည့်နေမိသည်။

"ကိုလေး.. မား ပြောတာကြားရဲ့လား။"

"ဗျာ..."

ထက်ဝေယံ ဘေးနားမှ မိခင်ဖြစ်သူကို လှည့်ကြည့်လိုက်သည်။ တကယ်ပင် သူ တစ်ခွန်းမှ မကြားလိုက်။

"မနက်ဖြန် မင်း ဆေးရုံကဆင်းလို့ရပြီလို့ ဆရာဝန်ကြီးကပြောတယ်။"

"သြော်.. အင်း..."

အလိုလို လက်တစ်ဖက်မြှောက်တက်ကာ ခေါင်းမှ ပတ်တီးကို စမ်းကြည့်မိသည်။ ခေါင်းတစ်ခုလုံး အပြောင်ရိပ်ထားသော ဆံပင်များ ခပ်တိုတိုပြန်ပေါက်နေပြီဖြစ်သည်။ မျက်လုံးနှစ်ဖက်လုံးလည်း ကောင်းကောင်း ပြန်ဖွင့်လို့ရပြီဖြစ်သည်။ မျက်စိအတွင်းသားရှိ အနီရောင် သွေးခြည်ဥသည်လည်း တဖြည်းဖြည်းနှင့် အရောင်ဖျော့ကာ အရင်ကလောက် မကြီးတော့။

ဒါပေမယ့်...

ဒီထက်ပို၍ ထက်ဝေယံ မစဉ်းစားချင်...

ရင်ထဲက ဒေါသများနှင့် စုတ်ပြတ်သတ်နေအောင် ခံစားရမှုကတော့ ပျောက်သွားသော ဒဏ်ရာများအစား နေ့စဉ်ပို၍ ကြီးထွားလာနေသလိုပင်။

ရွံရှာမုန်းတီးမှု..

ဒီထက်ပိုပြောရလျှင် ဒေါသထက် မိမိကိုယ်ကို မိမိ ပိုရွံနေမိသည်။

ဘာတန်ဖိုးမှမရှိတော့သည့် လက်နှီးစုတ်တစ်ခု..

ဒီထက်ပိုပြောရလျှင် ဒီလောကမှာ ဆက်လက်ရပ်တည်ဖို့ပင် မထိုက်တန်တော့သူ တစ်ယောက်လို..

ကြယ်တွေကြွေသောညWhere stories live. Discover now