Part 15 (Unicode)

24.9K 2.8K 154
                                    

ကျယ်လောင်သော ကားဟွန်းတီးသံတစ်ခု...

ထို့နောက်စူးရှသော အဖြူရောင် ကားမီးတန်းတစ်စုံ...

"အိမ်ကကားတောင်ရောက်နေပြီ။ ငါသွားတော့မယ်။"

ယမုံသူမဘေးမှ ပိတောက်ပန်းခက်တစ်ပွေ့ကြီးကို မနိုင့်တနိုင်လှမ်းယူရင်း နှုတ်ဆက်လာသည်။ နေရှင်းခ အသိတွေက လက်ရှိပစ္စုပ္ပန်မှာ ရှိမနေ။

ယမုံဘာပြောလိုက်တာလဲ..

စေ့စပ်ဖို့..

နင်နဲ့ငါ့ကို...

လူကြီးတွေစီစဉ်နေပြီ...

စကားလုံးတွေက ကွဲအက်နေသော မှန်စများလို သူ့နေရာသူ အံဝင်ခွင်ကျပြန်ဆက်လို့မရအောင် စူးထက်နေသည်။

ဟင့်အင်း။ ဒါ ယမုံ နောက်ပြောင်နေတာသာဖြစ်ရမည်။

မိခင်ဖြစ်သူထံမှ အရိပ်အမြွက်ပင် မကြားခဲ့။

သူ ပြန်လည်အသိဝင်လာချိန်တွင် ယမုံပင် ခပ်လှမ်းလှမ်းရောက်နေပြီဖြစ်သည်။

"ယမုံ.."

နေရှင်းခ ကျယ်လောင်စွာ ခေါ်လိုက်ချင်ပေမယ့် သူ့အသံက ထင်ထားသလို မကျယ်လောင်နေ။

"မနက်ဖြန် ကာရာအိုကေ သွားဆိုမယ်နော်။ ညနေကျရင် ငါဝင်ခေါ်မယ်။"

ယမုံ့ပုံရိပ်သည် မြင်ကွင်းမှပျောက်ကွယ်သွားပြီဖြစ်သည်။ သူ့ရှေ့မှာ ခေါင်းငုံ့ထိုင်နေသော သတိုးကို ငဲ့ကြည့်မိချိန် တစ်စုံတစ်ခုကို နေရှင်းခကြောက်ရွံ့စွာ နားလည်လာမိသည်။

သူလက်မခံနိုင်။

သူ့ဘဝရဲ့လက်တွဲဖော်သည် ယမုံဆိုတာကို သူလက်မခံနိုင်။

သတိုး လက်ထဲမှ ဂစ်တာကို ပိတောက်ပင် ပင်စည်မှာ လှမ်းမှီထောင်လိုက်သည်။ နေရှင်းခရှိရာသို့ တစ်ချက်လှည့်မကြည့်။ ဆံပင်ဖြောင့်များ အုပ်နေသည့် မျက်မှန်များအောက်မှ မျက်လုံးများ၏ အဓိပ္ပါယ်ကို နေရှင်းခ နားမလည်နိုင်သေး။

"သတိုး... မဟုတ်ဘူး။ ဘယ်လိုမှမဖြစ်နိုင်ဘူး။ ဒါ ယမုံ သက်သက်နောက်သွားတာ။"

နေရှင်းခ စကားသံများက အလောကြီးလွန်းသဖြင့် ဗလုံးဗထွေးဖြစ်နေသည်။ ထိန်းမရအောင်ခုန်နေသော နှလုံးသားတစ်စုံက ဘယ်ဘက်ရင်အုံမှ ပေါက်ကွဲထွက်ချင်နေသလို။ ဒါပေမယ့် သူ့ကိုလှမ်းကြည့်သော သတိုးမျက်လုံးများသည် တည်ငြိမ်နေသည်။ နောက်ပြီး သူနားမလည်နိုင်သည့် အဓိပ္ပါယ်တစ်ချို့ ရှိနေသည်။

ကြယ်တွေကြွေသောညWhere stories live. Discover now